ကျောက်တန်း ပုဇွန်မွေးမြူရေးလုပ်ငန်းရှင်များ ဒီရေတောကိစ္စ သတင်းစာ ရှင်းလင်းမှုတွင် ကွဲလွဲချက်များရှိနေ

0
212

ရန်ကုန် ဖေဖော်ဝါရီ ၁၈။ ၂၀၁၈

ကျောက်တန်းမြိုနယ် မှ ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များက ၎င်းတို့ ၏မွေးမြူရေး ကန်များဖျက်သိမ်းပြီးဒီရေတောထူထောင် မည့်ကိစ္စ နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုကိုကျောက်တန်းမြို့နယ် ငါးလုပ်ငန်းရှင်အသင်းတွင်ပြုလုပ်ခဲ့ရာ မြေပြင်အနေအထားနှင့် ကွဲလွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

အဆိုပါရှင်းလင်းပွဲတွင် မုတ္တမပင်လယ်ကမ်းတက်မှမြေများအား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဒီရေတော၊ ကာကွယ် တောများ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် မူလလက်ငုတ် မွေးမြူရေး လုပ်ကိုင်သူများ၏ လက်ရှိမွေးမြူရေးလုပ်ကိုင်နေသည့် ဧရိယာ များအား ချန်လှပ်ဖွဲ့စည်း ပေးရန်တင်ပြကြောင်းနှင့် ယင်းတို့အနေဖြင့် ၂၀၀၀ခုနှစ်မှ လက်ရှိအချိန်အထိ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျှက်ရှိနေပြီး ပုဇွန်ကန် ဧကပေါင်း တစ်သောင်းကျော်မွေးမြူလျှက်ရှိကြောင်းသိရသည်။

“၂၀၀၀ခုနှစ်ထဲကပုဇွန်ကန်လုပ်ငန်းကိုလုပ်ခဲ့ပါတယ်။ ဒီလုပ်ငန်း ကိုလုပ်ချင် လွန်းလို့ လယ်ဧက၂၀ကိုရောင်းခဲ့ပြီး မိသားစုလိုက် ပုဇွန်ကန်ထဲကို ပြောင်းရွှေ့ပြီးနေခဲ့တယ်။ ရာသီဥတုဒဏ်လည်းကျော်လွှားခဲ့ရတယ်။ ရှိတာလည်းကုန်သွားပြီအခုမြေသိမ်းမယ်လို့ပြောတယ်။ ကျွန်တော်တို့ ဘ၀တွေဘယ်ရောက်သွားပြီလဲ။ဝန်ကြီးချုပ်ကဒီလိုပြောတော့ ကျွန်တော်က မြောင်းထဲတင် မဟုတ်ဖူး။ ချောင်းထဲပါ ရောက်သွားပြီ။ ကျွန်တော်တို့ မိသားစုရဲ့ အနာဂတ်ဘ၀ရှေ့ရေး အမှောင်ကျသွားပြီ။”ဟု ပုဇွန်မွေးမြူရေး လုပ်ကိုင်နေသူ ဦးအောင်ဝင်းကပြောသည်။

ဒီရေတောထူထောင်ရန် သတ်မှတ်ဧရိယာရှိ ငါးပုဇွန်မွေးမြူရေကန်များအား ကွင်းဆင်းစစ်ဆေးရန် စီမံဆောင်ရွက်ခြင်းကြောင့် စစ်ဆေးမည့် ကာလ အတွင်း ကမ်းပတ်တာများအား မြေသားပြုပြင်မှုနှင့် ဒီရေတော ခုတ်လှဲခြင်းများ မပြု လုပ်ကြရန် တားမြစ်ချက်များ ကြောင့် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဇန်န၀ါရီလဆန်းမှ စတင်ကာ လုပ်ငန်းများ ရပ်နားထားရပြီး အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီရေတောဧက တစ်သောင်းကျော်ကို ရန်ကုန်တိုင်း ဒေသေကြီး ခရမ်း၊သုံးခွနှင့် ကျောက်တန်းမြို့နယ်များတွင် မြေလွတ်မြေရိုင်းများ ကို ဒီရေတောကြိုး ၀ိုင်းများ အဖြစ် သတ်မှတ်ပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကနေ ကျွန်တော်တင်ပြတဲ့အခါမှာ ကျွန်တော် ဧရာဝတီတိုင်းဘက်တွေမှာလည်း ဒီရေတောအတွက် သိမ်းပြီးသွားပြီ။ အခု ကျောက်တန်းဘက်တွေမှာလည်း ကျွန်တော်အကုန်လုံးသိတယ်။ ပုဇွန်ကန်တွေကိုလည်း ရုပ်သိမ်းပြစ်လိုက်ပါပြီ။ ဒါပေမယ့် ကျွန်တော်က သဘာဝ ဒီရေတော သစ်တောကြိုးဝိုင်းတွေကို ဧက၁သောင်းထိ ကျွန်တော် သတ်မှတ်တယ်။ပြည်သူလူထုတွေလည်း ၀ိုင်းစောင့်ရှောက်ပြီး ထိန်းသိမ်းပေးပါလို့ ပြောပါတယ်။”ဟု ၀န်ကြီးချုပ်အား ပုဇွန်ကန်များနှင့် ပက်သက်၍ မေးမြန်းခဲ့သည့်အပေါ် ဖြေကြားခဲ့ပုံအား ကျောက်တန်း ကုလားတန်းရွာဒေသခံဖြစ်သူကိုရဲညွှန့်ဦးက ပြန်လည်ပြောပြသည်။

လက်ရှိ ပုဇွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ကျောက်တန်း မြို့မှ ဒေသခံများမဟုတ်ဘဲ ၂၀၀၀ခုနှစ်က မွေးမြူရေး လုပ်ကိုင် လိုသူများ အား မွေးမြူရန်မြေဧက ၅၀ချ ထားပေးမှုကြောင့် လုပ်ငန်း ဆောင်ရွက် နေသူများဖြစ်ကြောင်းနှင့် ပုဇွန်ကန်များကြောင့် ဒေသခံများ အနေဖြင့် အကျိုးကျေးဇူး တစ်စုံ တစ်ရာရရှိခြင်း မရှိဘဲ လယ်သိမ်းခံရ ခြင်းများကို လည်း ယခင်အစိုးရ လက်ထက်က ခံစားခဲ့ရဖူးကြောင်း၊ ပင်လယ်သို့ ထွက်၍ သားငါးရှာဖွေစားသောက်ရာတွင် အခက်အခဲရှိခဲ့ကြောင်း သိရသည်။

“ဒီသဘာဝသစ်တောကြိုးဝိုင်းသတ်မှတ်တယ်ဆိုတော့ သဘာဝ ဘေးရန်တွေ ဘာတွေ ကျရောက်လာတယ်ဆိုရင် ဒီအပင်တွေ ရှိနေတဲ့အတွက် ကျွန်တော်တို့တွေ ဒုက္ခမရောက်နိုင်ဘူး။ ဒီသစ်ပင်ကို မထိခိုက်ရင် နေလို့ထိုင်လို့ရတယ်လေ။ ဒီပုဇွန်ကန်သမားတွေ အတိုင်းသာ ဆိုရင်ထွက်လာသမျှဟာသူတို့ဟာ ပေါက်လာသမျှအပင် သူတို့အပင် ဘယ်သူမှ ဘာမှလည်း လုပ်လို့မရဘူး။ ကျွန်တော်တို့က ဒီသစ်ပင်တွေကို စိုက်သင့်တာ စိုက်ထိန်းသိမ်းသင့်တာ ထိန်းသိမ်းသွားမှာပါ”ဟု ကိုရဲညွှန့်ဦးက ဆက်လက်ပြောကြားခဲ့သည်။

ဒီရေတောပင်များ ခုတ်ထွင်းမှုမှ ထွက်လာသည့် ထင်းသည် တစ်တန်လျှင် ငွေကျပ် ၅သောင်းမှ ၆သောင်းဈေးအထိရရှိနေခြင်းကြောင့် လက်ရှိအချိန် တွင် တောများကို အလုပ်သမား များငှားရမ်း ခုတ်ထွင်းခြင်းနှင့် တစ်နေ့လျှင် ထော်လာဂျီ ကားစသည့် ယာဉ်အစီးရေ ခုနှစ်စီးမှ ၈စီးအထိ ဒီရေတောများ အတွင်းမှ ထွက်လာနေသည်ကို မြင်တွေ့နေရကြောင်း ကျောက်တန်း ဒေသခံများက ပြောသည်။

မေစု

Leave a Reply