မန္တလေး မှ ဗန်းမော်အထိ ဧရာဝတီလင်းပိုင် (၇၃) ကောင်တွေ့ရှိ

0
174

မန္တလေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ပူးပေါင်းပြီး မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီလင်းပိုင် ကောင်ရေစာရင်း ကောက်ယူ မှုကို ဖေဖော်ဝါရီလ (၆) ရက်နေ့မှ ဖေဖော်ဝါရီ (၁၆) ရက်နေ့အထိ ပြုလုပ် ခဲ့ရာ ဧရာဝတီလင်းပိုင်ကောင်ရေ (၇၃)ကောင် တွေ့ရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စစ်တမ်းကောက်ခဲ့ရာတွင် မန္တလေး မှ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ ဧရာဝတီလင်းပိုင် ၆၉ ကောင်ရှိပြီး ထိန်းသိမ်းရေးဧရိယာအတွင်းမှာ ၂၅ ကောင်ရှိကြောင်း သိရသည်။

“ဒီနှစ် ထိန်းသိမ်းရေးဧရိယာထဲမှာ ဧရာဝတီလင်းပိုင် ၂၆ ကောင် တွေ့ခဲ့ တယ်။ မန္တလေးကနေ ဗန်းမော်အထိ လင်းပိုင်ကောင်ရေ စာရင်းကောက်ရာ မှာ ကျေးရွာ(၅) ရွာကို ဝင်ပြီး အသိပညာပေးရေးတွေနဲ့ လက်ကမ်း စာဆောင် ဝေငှတာတွေ လုပ်ခဲ့တယ်။ နောက်ပြီး လင်းပိုင် ထိန်းသိမ်းရေး ဧရိယာ တိုးချဲ့ဖို့ကိုလည်း အသိပညာတွေပေးခဲ့တယ်” ဟု မန္တလေး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ စစ်တမ်းကောက်မှုများ လုပ်ဆောင်ရာတွင် တရားမဝင် ငါးဖမ်း စက်လှေ (၁၇) စီးကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းတွင် အပ်နှံ ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ပုံကျေးရွာအနီးတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ဧရာဝတီလင်းပိုင်တစ်ကောင်သေဆုံးခဲ့ဖူးပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ကသာမြို့ အောင်ချမ်းသာရပ်ကွက် ဧရာဝတီမြစ်အတွင်းတွင် ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

ဓာတ်ပုံ – WCS Myanmar

Leave a Reply