မုဒိမ်းကျင့်ခံရသည့် (၂) နှစ် (၅) လ အရွယ်ကလေးငယ် သေဆုံးမှုအတွက် ကျူးလွန်သူကို သေဒဏ်ပေးရန် ဆန္ဒပြ

0
123

မန္တလေး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဝန်းစုကျေးရွာတွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်ခံရသော (၂) နှစ် (၅) လ အရွယ်ကလေးငယ် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူကို သေဒဏ်ပေးရေး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မတ္တရာမြို့ပေါ်တွင် ဆန္ဒပြခဲ့ကြသည်။

ထိုသို့ဆန္ဒပြတောင်းဆိုရာတွင် သက်ငယ်မုဒိမ်းပပျောက်ရေး ဒို့အရေး ဒို့အရေး ၊ သက်ငယ်မုဒိမ်းပြုကျင့်သည့် ဖြိုးထက်အောင်အား သေဒဏ်ပေးရေး ဒို့အရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် မတ္တရာမြို့အဝင် ဒင်္ဂါးချောင်းမှ ဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

ယင်းအမှု ဖြစ်ပွားသည့်နေ့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပြီး ကလေး မိဘများသည် ကျေးရွာအနီးရှိ တောတန်းတစ်ခုတွင် လှည်းဖြင့်ထင်းခုတ်သွားသည့်နေရာသို့ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့ကာ တောတန်းအနီးမှ မိတ်ဆွေ မိသားစုတစ်ခုထံ အပ်နှံထားခဲ့ရာမှ ကလေးငယ်မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးသွားသည့်ကလေးငယ်ကို လိုက်လံရှာဖွေရာတွင် လယ်ကွင်းတစ်ခု၌ ဖြိုးထက်အောင် (၂၅) နှစ်က သားမယားပြုကျင့်နေသည်ကို ယင်းကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး အော်ဟစ်အကူအညီတောင်းခဲ့ရာ ကျူးလွန်သူမှာ ထွက်ပြေးသွားခဲ့သည် ။ ထို့နောက်သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ကျူးလွန်သူအား ဘောင်ကြီးတံတားချောင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ခုလိုဖြစ်တာ မတ္တရာမှာ ပထမဆုံးပါ ။ နောင်ဒီလိုဖြစ်စဉ်မျိုး မဖြစ်စေချင်ဘူး ။ လူ့အသိုင်းအဝိုင်းအတွက် အင်မတန်ရွံစရာ ကောင်းပါတယ် ။ ဒါ့ကြောင့် ကျွန်မတို့အနေနဲ့ ဒီမုဒိမ်းကောင်ကို သေဒဏ်ပေးဖို့ရာ တောင်းဆိုပါတယ် ။´´ ဟု ဦးဆောင်ဆန္ဒပြသူ မနှင်းစန္ဒာအေး က ပြောသည် ။

မုဒိမ်းပြုကျင့်ခံရသည့် (၂) နှစ် (၅) လ အရွယ်ကလေးငယ်မှာ အခင်းဖြစ်သည့်နေ့တွင် သေဆုံးခဲ့ပြီး ကျူးလွန်သူအနေဖြင့် အလောင်းကို ဖျောက်ဖျက်ရန်ကြံစည်ခဲ့ကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ဒီကလေးမိဘတွေနဲ့ ထပ်တူခံစားရပါတယ်။ ဒီလိုလူမဆန်တဲ့ သူကို သေဒဏ်ပေးတာအကောင်း ဆုံးပါပဲ ။ ဒါမှ နောင်ဒါမျိုအမှုကို မကျူးလွန်ရဲမှာပါ ။´´ ဟု မတ္တရာမြို့ခံတစ်ဦးဖြစ်သည့် ဒေါ်ခင်မာဦး က ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူ ဖြိုးထက်အောင်အား ရေနံ့သာကျေးရွာ ရဲစခန်းတွင် (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၀၂ တို့ဖြင့် အမှုဖွင့်ဖမ်းဆီး ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply