ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

0
182

မန္တလေး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာ၊ ပြင်ဦးလွင်-မန္တလေးကားလမ်း မိုင်တိုင်(၁၆/၄)တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ဆိုင်ကယ် တစ်စီးပေါ်မှ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားမှုအရ မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များ က သွားရောက်စောင့်ဆိုင်းခဲ့ရာ ပြင်ဦးလွင်ဘက်မှ မန္တလေးဘက်သို့ တေဇာအောင်(ခ)ရှက်ကွိုင်း (၃၄) နှစ်ကမောင်းနှင်လာသည့် နံပါတ်မပါ Kenbo-110 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ယင်းဆိုင်ကယ်အား တေဇာအောင်(ခ)ရှက်ကွိုင်း (၃၄) နှစ်က မောင်းနှင်ပြီး ဇော်ရှိန်း ၂၀ နှစ် သည် နောက်မှထိုင်လိုက်ပါလာခြင်းဖြစ်
သည်။

နောက်မှထိုင်လိုက်သူ ဇော်ရှိန်း လွယ်ထားသည့် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ တိပ်အနက်ဖြင့်ပတ်၍ စက္ကူဖြင့်ထုတ်ထားသော အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ် (၅)အိတ်ဖြင့် ထည့်ထားသည့် 88/1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၅ ထုပ်၊ ပေါင်း ၁၀၀၀ ပြား၊ တေဇာအောင် (ခ)ရှက်ကွိုင်း ဝတ်ဆင်ထားသည့် အနက်ရောင် အင်္ကျီအတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာ အိတ်(၅)အိတ်ဖြင့် ထည့်လျက် 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီ ပါ ၅ ထုပ်၊ ပေါင်း ၁၀၀၀ ပြား၊ စုစုပေါင်းဆေးပြား ၂၀၀၀ ပြား၊ (ဒေသပေါက်စဈေး ၁ ပြားလျင် ၅၀၀၀ ကျပ် နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၀၀ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းဖြစ်စဉ် နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူ တေဇာအောင်(ခ)ရှက်ကွိုင်းနှင့် ဇော်ရှိန်းတို့အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သိရသည် ။

နိုင်လင်းဦး

photo – Mandalay Police

Leave a Reply