ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့အတွက် တင်ပြလိုက်ရပါတယ်။

0
181

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၈

အရင်ဆုံးတင်ပြမှာကတော့ ရန်ကုန်က နိုင်ငံခြားသံရုံးတွေကို နေပြည်တော် သံတမန်ဇုန်ကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဌာနတွေ ညှိနှိုင်းဆွေးနွေးနေတဲ့ သတင်းကို တင်ပြချင်ပါ တယ်။နိုင်ငံ ခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်တဲ့ နေပြည်တော်ကို ရန်ကုန်က နိုင်ငံခြားသံရုံးတွေ ရွှေ့ဖို့အတွက် စီစဉ်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ နေပြည်တော်ကို ဦးသန်းရွှေရဲ့ စစ်အစိုးရ လက်ထက်မှာ တည်ထောင်ပြီးတဲ့နောက်မှာ ရန်ကုန်မှာ ရှိတဲ့ အစိုးရရုံးဌာနတွေကို နေပြည်တော်ကို ရွှေ့ပြောင်း ခဲ့ပါတယ်။ အဲ့အချိန်ကာလတုန်းက အစိုးရ၀န်ထမ်း တွေကြားထဲမှာ နေပြည်တော်ကို မသွားချင်ကြလို့ စိတ်ပျက်ပြီး အလုပ်ကနေ ထွက်ချင်နေ တဲ့အထိ ဖြစ်နေခဲ့ကြတာတွေလည်း ရှိခဲ့ဖူးပါတယ်။ ယခုအစိုးရ လက်ထက် မှာလည်း ယခင်လူတွေအတိုင်းပဲ ရန်ကုန်က သံရုံးတွေကို နေပြည်တော်ကို ရွှေ့ဖို့ စီမံလာပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ရယူထားသလို နိုင်ငံခြားရေး ၀န်ကြီးတာဝန် လည်း ယူထားရသူ ဖြစ်ပါတယ်။ ဒါကြောင့် သူအများဆုံး လုပ်ဆောင်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာက ရောက်ရှိလာတဲ့ သံတမန်တွေကို လက်ခံတွေ့ဆုံရတာပဲ ဖြစ်ပါတယ်။ တကယ်လို့သာ ရန်ကုန်က သံရုံးတွေကို နေပြည်တော်ကို ရွှေ့ပြီးခဲ့မယ်ဆိုရင်တော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို လာရောက်တွေ့ဆုံမယ့် သံတမန်တွေ နိုင်ငံတကာ သံအမတ်တွေ အတွက် အချိန်ကုန်သက်သာမှာ ဖြစ်သလို ရန်ကုန်ကနေ နေပြည်တော်ကို ကူးသန်းသွားလာရတဲ့ ဒုက္ခကနေလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ အစိုးရရုံးတွေအားလုံး စုစုစည်းစည်း ဖြစ်လာမယ့်ကိစ္စကို ကြိုဆိုလိုက်ရပါကြောင်း တင်ပြလိုက် ပါတယ်။

ဒီတစ်ခါတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဖို့နီးလာချိန်တိုင်း လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုမရှိအောင် ဆောင်ရွက်နေပါတယ်လို့ အကြိမ်ကြိမ် ပြောခဲ့တဲ့ သတင်းလေးကို တင်ပြပါရစေ။ ပြည်နယ်နဲ့ တိုင်းဒေသကြီး များမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကာလ အတွင်း လျှပ်စစ်ဓါတ်အားပြတ်တောက် မှုမရှိအောင် ဆောင်ရွက် ထားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှက တာဝန်ရှိသူတစ်ဦးက ဆိုလိုက် ပါတယ်။စာမေးပွဲ ကာလ အတွင်းမှာ ဓါတ်အားပြတ်တောက်မှု မရှိစေရေး အတွက် ဓါတ်အားခွဲရုံတွေ၊ ဓါတ်အားလိုင်း ကြံခိုင်ရေးတွေကို ကြိုတင် ကွင်းဆင်း စစ်ဆေး ထိန်းသိမ်းထာတွေ ဆောင်ရွက်နေပြီး Transformer ဆီယိုစိမ့်မှုရှိ မရှိတို့၊ Winding Temperature & Oil Temperature စစ်ဆေးတာတွေ၊ Silica Gel စစ်ဆေးတာတွေ၊ နဲ့ အခြား လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲကာလဟာ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိဖို့ အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားလေးတွေဟာ စာမေးပွဲ ကာလမှာ နေ့မအိပ် ညမအိပ် ကျောင်းစာတွေကို သင်အံကျက်မှတ်ကြရတဲ့ အခါသမယ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လျှပ်စစ်ကတော့ အဆိုပါ ကာလမှာလည်း မပြတ်ဘူးပြောပြီး ပြတ်ခဲ့တာ အစိုးရ ခေတ်အဆက်ဆက် ဖြစ်နေပါပြီ။ အခုနှစ်မှာလည်း လျှပ်စစ်နဲ့ စွမ်းအင်ဌာနက အရင်နှစ်တွေလိုပဲ ကတိလို စကားတွေ ထပ်ပြောလို့ လာပြန်ပါပြီ။ ဒါကြောင့် စာမေးပွဲ ကာလ မှာ ဓာတ်အားပြတ်တောက်သလား ပြောတဲ့အတိုင်း တကယ်ဖြစ် သလား ဆိုတာတော့ ဆက်ပြီး စောင့်ကြည့်ရမယ့် အခြေအနေပဲ ဖြစ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

အခုတင်ပြမယ့်သတင်းကတော့ ကျန်းမာရေးသတင်းလေးပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်နေ့ ချစ်သူများနေ့မှာ ရန်ကုန်မြို့က မဟာဗန္ဓုလ ပန်းခြံအတွင်းမှာ ကွန်ဒုံး ၃ သောင်း အခမဲ့ဝေပေးခဲ့တယ်လို့ သိရပါတယ်။ HIV/AIDS ရောဂါပညာပေးခြင်းများနှင့် အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ လည်း ပြုလုပ်ခဲ့ကြပါတယ်။ လူငယ်တွေအတွက် HIV/AIDS ရောဂါ ပညာပေးခြင်းများဆောင်ရွက်တာကို ကြိုဆိုလိုက်ရပေမယ့် ချစ်သူများနေ့လို သမီးရည်းစားစုံတွဲတွေ အတူတကွ ရှိနေတဲ့ အချိန်မှာ ကွန်ဒုံးတွေ ဝေငှပေးတာဟာ အတော်လေးကို စဉ်းစားရ ခက်စေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ပန်းခြံထဲကို ရောက်လာတဲ့ သမီးရည်းစားအတွဲတွေက ဝေလိုက်တဲ့ ကွန်ဒုံးတွေကို ဘယ်လိုအသုံးချကြမလဲ။ တနည်းပြောရရင် တော့ လက်ထဲမှာ ကွန်ဒုံးရလာပြီ။ မှောင်ချိန်လည်း ကျနေပြီ။ ကဲ တို့တွေ တည်းခိုခန်း သို့မဟုတ် သူငယ်ချင်းအိမ် တစ်ခုခုကို လစ်ကြရအောင် ၊ ကွန်ဒုံးလည်းစမ်းရင်း အချစ်လည်းကြမ်းရင်းပေါ့ ဆိုတဲ့ အခြေအနေတွေ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် HIV/AIDS ရောဂါ ပညာပေးခြင်း နဲ့ ကွန်ဒုံးတွေ ဝေတဲ့ကိစ္စအပေါ် ကြိုဆိုလက်ခံနိုင်ပေမယ့်လည်း အိမ်ထောင်ရှင်တွေမဟုတ်ကြတဲ့ ချစ်သူရည်းစားအများစု ကျင်လည်ကြ တဲ့နေ့မှာမှ အထူးအစီအစဉ်နဲ့ ဝေငှပေးတဲ့ အပေါ်မှာတော့ အတော်လေးကို တွေးရခက်စေခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒီတစ်ခါတော့ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ အရမ်းအဖြစ်များလာတဲ့ သတင်းကို တင်ပြချင်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ သက်ငယ် မုဒိမ်းမှုနဲ့ သက်ကြီး မုဒိမ်းမှုဖြစ်ပွားခဲ့တဲ့စာရင်းကို ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး တစ်နှစ်လုံးမှာ သက်ကြီးမုဒိမ်းထက် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုက ထက်ဝက်ခန့်ပိုမိုများလာနေခဲ့ပါတယ်။ နေပြည်တော်၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှာ ၂၀၁၇ခုနှစ်အတွင်း ဖြစ်ပွား ခဲ့တဲ့ မုဒိမ်းမှုစုစုပေါင်းဟာ ၁၄၀၅ မှုရှိပြီး သက်ငယ်မုဒိမ်း ၈၉၇ မှုနဲ့ သက်ကြီးမုဒိမ်း ၅၀၈ မှုရှိနေခဲ့ပါတယ်။ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများက ဖြစ်ပွားမှုနှုန်းအများဆုံးနဲ့ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ လက်ရှိမှာတော့ နေ့စဉ်ရက်ဆက်ဆိုသလို ၂နှစ် သမီးလေး အဓမ္မပြုကျင့်ခံရ၊ ၄ နှစ် သမီးလေးကို ဦးလေးဖြစ်သူက အဓမ္မပြုကျင့် ၊ ၈တန်းကျောင်းသူလေးကို အသက် ၆၀ကျော် အိမ်နီးချင်းက အဓမ္မပြုကျင့် စတဲ့ သတင်းတွေဟာ ဆက်တိုက် ကြားနေ ဖတ်နေခဲ့ရ ပါတယ်။ ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေကလည်း သက်ငယ် မုဒိမ်းမှုကို သေဒဏ်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေလည်း ပိုစိပ်လာခဲ့ပါပြီ။ တည်ဆဲ အစိုးရအနေနဲ့ သက်ငယ်မုဒိမ်းမှုတွေကို လျော့နည်းအောင် ဘယ်လို စီမံမလဲဆိုတာကတော့ ဆက်ပြီး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုရဲ့ တောင်းဆိုမှု ပြည်သူလူထုရဲ့ အသံကို ဘယ်လောက်အထိ နားထောင်ပြီး အကောင်အထည်ဖော်ပေးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ သက်ငယ် မုဒိမ်းမှုကိစ္စဟာ မိဘတွေ၊ သားသမီးမွေးဖွားထားသူ တွေအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ်နေရတဲ့ ဖြစ်စဉ်မို့ အလေးထား စီမံဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ ရန်ကုန်မြို့နဲ့ ပတ်သက်တဲ့ သတင်းလေးကို တင်ပြပါမယ်။ ရန်ကုန်မြို့ဟာ ရှေးဟောင်းအမွေအနှစ်များနဲ့ စိမ်းလန်းပြီး နေချင် စဖွယ်မြို့တော်ဖြစ်သလို လူမျိုး ဘာသာပေါင်းစုံ ၊ လုပ်ငန်းပေါင်း စုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့တော်ကြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တရုတ်နှစ်သစ်ကူး ဖွင့်ပွဲမှာ ပြောဆို လိုက်ပါ တယ်။စာဖတ်သူ မိတ်ဆွေတို့အနေနဲ့ ရန်ကုန်ဟာ ၀န်ကြီးချုပ်ပြောသလို စိမ်းလန်းပြီး နေချင်စဖွယ်ကောင်းတဲ့ မြို့ ဖြစ်တယ်လို့ ထင်ကြပါသလား။ ရန်ကုန်ဟာ နေချင်စရာ တကယ်ပဲ ကောင်းတဲ့မြို့ ဖြစ်လာပြီလား။ နေ့စဉ်နဲ့အမျှ နေထိုင်မှု စရိတ် ၊ သွားလာမှု စရိတ် ၊ စားသောက်မှု စရိတ် တွေမြင့်တက်နေတဲ့ ရန်ကုန်မြို့ကြီးဟာ ပိုက်ဆံရှိသူတွေအတွက်တော့ နေချင်စဖွယ် ဖြစ်ကောင်း ဖြစ်ပေမယ့် ငွေမရှိတဲ့သူအတွက် ဘ၀ ရပ်တည်ရေး အတွက် ကြုံသလို ရုန်းကန်နေရသူ တွေအတွက်တော့ နေချင်စဖွယ် ဘယ်လိုမှ ကောင်းမှာ မဟုတ်ပါဘူး။ ရန်ကုန်မှာ နေ့စဉ် ဒုစရိုက်မှုတွေ ထူပြောလာတယ်။ ဘ၀လုံခြုံမှုတွေ လျော့ကျလာတယ်။နေအိမ် တိုက်ခန်းပေါ်အထိ တက်လာပြီး လူသတ် လုယက် အဓမ္မပြုကျင့်တဲ့ ဖြစ်ရပ်တွေ ရန်ကုန်မှာ အဖြစ်များလာပါပြီ။ ကားစီးရင်လည်း မလုံခြုံ တက္ကစီငှားတော့လည်း သူ့ငါမယုံ ငါ့သူမယုံ အဖြစ်တွေနဲ့ မြို့တော်ဟာ ထိတ်လန့်မှုတွေနဲ့ ကြီးစိုးနေခဲ့ပါတယ်။ စီးပွားရေး အလုပ်အကိုင်တွေ ငွေရှာရတာတွေ ခက်ခဲလာတယ်။ ၀င်ငွေထက် ထွက်ငွေတွေ ပိုများလာနေတယ်။ ဒါကြောင့် ရန်ကုန်မှာ နေချင်စဖွယ် ဖြစ်ချင်တယ်ဆိုရင်တော့ မပူပင် မတောင့်တ မကြောင့်ကျဘဲ နေထိုင်နိုင်သူတွေအတွက်သာ ဖြစ်ပါလိမ့်မယ်။ ရန်ကုန်မှာ နေထိုင်တဲ့ လူသားအားလုံးအတွက် နေချင်စဖွယ်မြို့တော်အဖြစ်ကိုတော့ ရန်ကုန်ဟာ ရောက်မလာသေးပါဘူးလို့ ဆိုလိုက်ပါရစေ။

ဒီတစ်ခါတော့ မြန်မာနိုင်ငံက စစ်ဗိုလ်တစ်ဦးကို ကနေဒါနိုင်ငံကနေ ဒဏ်ခတ်အရေးယူလိုက်တဲ့သတင်းလေးကို တင်ပြချင်ပါတယ်။ ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုကက္ခသည် ၇၀၀,၀၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရတဲ့အခြေအနေထိ ရောက်ခဲ့တဲ့ စစ်တပ်စစ်ဆင်ရေးကို တာဝန်ယူကွပ်ကဲခဲ့သူ မြန်မာ စစ်ဗိုလ်ချုပ် တစ်ယောက်ကို ဒဏ်ခတ် အရေးယူလိုက်တဲ့အကြောင်း ကနေဒါ နိုင်ငံက သောကြာနေ့မှာကြေညာပါတယ်။သူကတော့ ဗိုလ်ချုပ်မောင်မောင်စိုးပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်ကလည်း ဒဏ်ခတ် အရေးယူထားပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်တာတွေ ကျူးလွန်ပြီး ရိုဟင်ဂျာ ၆၈၈,၀၀၀ ကျော် နိုင်ငံကနေ ထွက်ပြေးသွားရတာမှာ ဗိုလ်ချုပ်မောင်မောင်စိုးဟာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ကနေဒါအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီသတင်းနဲ့ ဒီလိုအရေးယူ ဒဏ်ခတ်မှုဟာ ပြင်ပနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ၀င်ရောက်စွက်ဖက်မှုတွေပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာပဲခေါ်ခေါ် ဘင်္ဂါလီပဲ ပြောပြော ပြည်ပကနေ ခိုးဝင်လာတဲ့ သူတွေ လုပ်သမျှ မြန်မာအစိုးရနဲ့ အာဏာပိုင်တွေက လက်ပိုက်ကြည့်နေရမယ့် သဘောမျိုးတွေ ဖြစ်နေပါတယ်။ ကိုယ့်အိမ်ထဲ ၀င်ရောက်လာပြီး လှန်လှော ရှာဖွေ စားသောက်နေထိုင်ကာ နောက်ဆုံးမှာ အိမ်ရှင်ကို အိမ်အပြင် ရောက်အောင် ကန်ထုတ်မယ့် ဘင်္ဂါလီအရေးကိစ္စကို အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ပါ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့်လည်း ပြည်ပနိုင်ငံတွေကတော့ မြန်မာ့အရေးကို နည်းနည်း ဖြစ်ဖြစ် များများဖြစ်ဖြစ် ၀င်စွက်ပြီး လူတတ်ကြီးလုပ်တာ ကတော့ အတော်လေးကို စိတ်ပျက်စရာ ကောင်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲ အရေးယူပိတ်ဆို့ ဒဏ်ခတ်နေစေကာမူ ကိုယ့်နိုင်ငံအကျိုး ကိုယ့်လူမျိုး အကျိုးအတွက် ပေးအပ်လာတဲ့ တာဝန်တွေကို အကောင်းဆုံး ကျေပွန်စွာ ထမ်းဆောင်ရင်း ဘ၀အတွက် နာမည်အတွက် ထိခိုက်နစ်နာရ သူတွေ အားလုံးကို လေးစားမိပါကြောင်း ရေးသားလိုက်ရပါတယ်။

အခုတင်ပြချင်တာကတော့ ဂျပန်နိုင်ငံကနေ ကားရထား အစီး ၂၀၀ ၀ယ်မယ်သတင်းပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ကားရထား အစီးရေ (၂၄ ) စီး တင်ပို့ဖို့ ဂျပန်ကုမ္ပဏီနှစ်ခုက လက်မှတ် ရေးထိုးခဲ့ပြီး အစီးရေ ၂၀၀ အထိ မြန်မာက မှာယူမယ်လို့ မြန်မာ့ မီးရထားက ပြောဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံရဲ့ ODA (ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးအကူအညီ) ချေးငွေ အစိတ်အပိုင်းမှ ၀ယ်ယူပြီး ပထမအဆင့်အနေနဲ့ ရန်ကုန်-တောင်ငူ လမ်းပိုင်းမှာ အသုံးပြုမယ်လို့ သိရပါတယ်။ ကားရထား အစီးရေ (၂၄) စီး အတွက် ကန်ဒေါ်လာ (၆၄) သန်း အသုံးပြုရမှာ ဖြစ်ပြီး ကျန်အစီးရေများအတွက် ဂျပန်နိုင်ငံရဲ့ ချေးငွေအရ ဆက်လက်ဝယ်ယူမှာ ဖြစ်ပါတယ်။ အခုဝယ်မယ့် ကားရထားတွေဟာ အရင်တုန်းက ၀ယ်သလိုမျိုး အဟောင်းတွေ မဟုတ်ဘူး လို့လည်း သိရပါတယ်။မြန်မာ့မီးရထားလုပ်ငန်းဟာ အခုချိန်မှာဆိုရင် ပြည်သူလူထုအတွက် ၀န်ဆောင်မှုကောင်းတွေကို ပေးနိုင်ဖို့ အတွက် အဖက်ဖက်ကနေ ပြင်ဆင်ဆောင်ရွက်လာတာတွေ ရှိနေပါတယ်။ ရထားလမ်းပိုင်းတွေ အဆင့်မြင့်တင်တာတွေ ရထား တွဲဆိုင်းတွေ အဆင့်မြင့်တာတွေ ဇလီဘားတုံးတွေ အသစ်လဲလှယ် တာတွေလည်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဝေးပြေး လော်ကယ်ရထားတွေထဲမှာ အိုမင်းဟောင်းနွမ်းနေတဲ့ ရထားအိုကြီးတွေ ရှိနေကြပါသေးတယ်။ ခရီးသည်တွေအတွက်ရော လမ်းခရီး သွားလာမှု အတွက် စိတ်မချရတဲ့ မကြာခဏ ပျက်တဲ့ ရထားတွေ ရှိနေပါတယ်။ ဒါတွေကို ပြင်ဆင်သုံးစွဲမနေတော့ဘဲ YBS ကားတွေလို အသစ် အသစ်တွေနဲ့ လဲလှယ်ပေးနိုင်ခဲ့မယ်ဆိုရင် မြန်မာမီးရထားအတွက် အလွန်ကောင်းတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခု အမှန်ဖြစ်လာပါလိမ့်မယ်။ အစိုးရ အဆက်ဆက်ဟာ ရထားနဲ့ ပတ်သက်လာရင် အများအားဖြင့် လက်ရှောင်ပြီး နေတတ်ခဲ့တာ ကြာခဲ့ပါပြီ။ မြန်မာ့မီးရထား ဌာနအနေနဲ့ ၀င်ငွေ ထွက်ငွေ အခက်အခဲတွေကို ခါးစည်းခံရင်း မပြည့်စုံ မလုံလောက်တဲ့ ဘတ်ဂျက်လေးတွေကို မျှော်ကိုး သုံးစွဲရင်း ပြည်သူကို ၀န်ဆောင်မှု ပေးနေကြရတာ ရထားဝန်ထမ်းအားလုံး သိကြမှာပါ။ လူအများကြီးကို အချိန် တိုတိုနဲ့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သယ်ယူပို့ဆောင်ပေးနေ တဲ့ ရထားလုပ်ငန်းကို နိုင်ငံတကာနီးပါးမဟုတ်ရင်တောင် အဆင့်မီ ပြောင်းလဲမှုလေးတွေ ဆောင်ရွက်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ အများပြည်သူ အတွက် အရမ်းကို အကျိုးရှိမယ့် ဘတ်ဂျက်သုံးစွဲမှုတွေ ဖြစ်လာမှာ အမှန်ပဲ ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။

အထက်ပါ သတင်းကောက်နုတ်ချက်များကို ပဉ္စမလှိုင်း မီဒီယာ ၊ 7 days ၊ VOA ၊ News Watch စတဲ့ မီဒီယာများမှတဆင့် သုံးသပ်တင်ပြခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply