အမေရိကန်ပြည်ထောင်စု၌ သွေးကွဲအောင် ရုရှားလုပ်ဆောင်နိုင်ခဲ့ ကြောင်း အမေရိကန်သမ္မတထရမ့်ပြောဆို

0
130

ဝါရှင်တန် ဖေဖော်ဝါရီ ၁၉

ရုရှားသည် အမေရိကန်ပြည်ထောင်စု၌ သွေးကွဲမှုများရှိအောင် လုပ်ဆောင်ရာတွင် အောင်မြင်ခဲ့ကြောင်း အမေရိကန် သမ္မတဒေါ်နယ် ထရမ့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။

သို့သော် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှား ဝင်ရောက်ခြေရှုပ်လို့မရအောင် တားဆီးနိုင်ခြင်းမရှိခဲ့သည့်အတွက် ယင်းအချိန်က သမ္မတဘားရက်အိုဘားမားကို ဝေဖန်ပြစ်တင်ခဲ့သလို အက်ဖ်ဘီအိုင်သည်လည်း ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး အဖွဲ့နှင့် ရုရှားတို့ကြား ပတ်သက်မှုကို စုံစမ်းစစ်ဆေးရင်း အချိန်ဖြုန်း နေကြောင်း ထရမ့်က တွစ်တာ၌ ရေးသားပြစ်တင်ခဲ့သည်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဟီလာရီကလင် တန်ရှုံးနိမ့်ပြီး ထရမ့်အနိုင်ရရှိအောင် လှုပ်ရှားဆောင်ရွက်ခဲ့မှုဖြင့် ရုရှားနိုင်ငံသား ၁၃ ဦးတို့အား အက်ဖ်ဘီအိုင်က ဖေဖော်ဝါရီ ၁၆ ရက်တွင် အမှုဖွင့်ခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ ထရမ့်သည် အားပေးထောက်ခံကြောင်း ပြောဆိုခြင်းမပြုခဲ့ချေ။ ရုရှားသည် ဝင်ရောက်စွက်ဆက်နေဆဲဖြစ်ပြီး ယခုနှစ်အတွင်း ကျင်းပမည့် အမေရိကန်ကွန်ဂရက်စ်ရွေးကောက်ပွဲများတွင်လည်း ဝင်ရောက်ခြေရှုပ်နိုင်ခြေရှိနေကြောင်း အမေရိကန် ထောက် လှမ်းရေးအကြီးအကဲများက သတိပေးထားသည်။

အမေရိကန်ဒီမိုကရေစီဖြစ်စဉ်တွင် ရုရှားဝင်ရောက်ခြေရှုပ်မှု ဆိုင်ရာ သက်သေအထောက်အထားများကို ငြင်းပယ်လို့မရကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး အိပ်ခ်ျအာမက် မာစတာ ကပြောဆိုခဲ့သည်။ သို့သော် ထရမ့်ကမူ ဝင်ရောက်စွက်ဖက် မှုနှင့်ပတ် သက်၍ သာမန်သာပြောဆိုခဲ့ပြီး ယင်းစွက်ဖက်မှုနှင့်ပတ်သက်၍ ၎င်း၏အစိုးရအဖွဲ့က တစ်စုံတရာလုပ်ဆောင်ပေးမည်ကိုမူ ထုတ်ပြန်ခြင်း မပြုခဲ့ချေ။

“ရုရှားတွေကြောင့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ပြောင်းလဲ သွားတာမဟုတ်ဘူး၊ တကယ်ထိပ်တိုက်ဆုံတယ်ဆိုတာက အဲဒီကောက်ကျစ်တဲ့ အိပ်ခ်ျဆိုတဲ့သူနဲ့ ရုရှားတွေကြားပဲ” ဟု ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။အိပ်ခ်ျဆိုသည်မှာ ဟီလာရီကလင်တန်ကို ဆိုလိုခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင်လည်း ထရမ့်က “ရွေးကောက်ပွဲမှာ ရုရှားဝင်ရောက်ခြေရှုပ်ခြင်းမရှိခဲ့ဘူးလို့ ကျွန်တော် ဘယ်တုံးကမှ မဆိုခဲ့ဘူး၊ ရုရှား၊ တရုတ် ဒါမှမဟုတ် အခြားနိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ဖြစ်ချင်ဖြစ်လိမ့်မယ်လို့သာ ဆိုခဲ့တာ၊ ရုရှားနဲ့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့တွေကြား ပတ်သက်မှုဆိုတာ ကောလာဟလပဲ၊ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး” ဟု တွစ်တာ၌ ရေးသားခဲ့သည်။

ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ရုရှားတို့ကြား ပတ်သက်မှုကို စုံစမ်းစစ်ဆေးနေသည့် အက်ဖ်ဘီအိုင်အကြီးအကဲဟောင်း ရောဘတ်မြူလာဦးဆောင်သော အဖွဲ့သည် ရုရှားနိုင်ငံသား ၁၃ ဦးတို့အား အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အပြစ်မရှိအပြစ်ရှာမှုဟုပြောဆိုနေသည့် သမ္မတအပါအဝင် လူများစွာတို့ သည် မြူလာ၏စုံစမ်းစစ်ဆေးမှုတွင် သက်သေ အထောက် အထားခိုင်လုံ နေပြီဖြစ်ကြောင်း သိရှိသင့်ပြီး လာမည့်ရွေးကောက်ပွဲများတွင် ရုရှား ဝင်ရောက်စွက်ဖက်လို့မရအောင် ကြိုတင်ကာကွယ်သင့်ကြောင်း အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီမှ ဒီမိုကရက်တစ်အမတ် အာဒမ်ရှစ်ဖ်ကပြောဆိုခဲ့သည်။

Source:AFP

ရိုးမြေ

Leave a Reply