HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့တော်ဆေးရုံအား လူနာရှင်အတွက် နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးရန် တရားရုံးဆုံးဖြတ်

0
207

မန္တလေး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈

HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့တော်ဆေးရုံအား လူနာရှင်ဘက်မှ နစ်နာကြေးကျပ်သိန်း ၃၀ဝ ရလိုမှုဖြင့် တရားစွဲခဲ့ရာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မန္တလေးခရိုင်တရားရုံး၌ အမိန့်ချမှတ်ခဲ့ရာ တရားလိုအား တရားရုံးကုန်ကျစရိတ်နှင့် နစ်နာကြေးကျပ်သိန်း ၃၀ဝ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဘုရားလှကျေးရွာတွင် နေထိုင် သော တောင်သူဦးဝင်းတင်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလကနေထိုင် မကောင်းသဖြင့် မန္တလေးမြို့တော် ဆေးရုံတွင် တက်ရောက်ကုသခဲ့ရာ ဆေးရုံ၏ ဓာတ်ခွဲစမ်းသပ်ချက်အရ HIV ရောဂါပိုးတွေ့ရှိပြီး ရောဂါပိုး မြင့်မား၍ အဆုတ်အတွင်းသို့ရောက်ရှိကြောင်း မှားယွင်းဖော်ပြခဲ့သည်။

ထိုကဲ့သို့ မန္တလေးမြို့တော်ဆေးရုံ၏ မှားယွင်းမှုကြောင့် လူနာရှင်မိသားစုမှာ နစ်နာမှုများရှိသည်ဟုဆိုကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလထဲက ယင်း ဆေးရုံ အား နစ်နာကြေးကျပ်သိန်း ၃၀ဝ ရလိုမှုဖြင့် တရားစွဲခဲ့သည်။

“ခုလိုအမိန်ချခဲ့တဲ့အတွက် ကျွန်မအဖေလည်း ရွာမှာ သိက္ခာမကျတော့ဘူး။ ပါးစပ်နဲ့ လိုက်ရှင်းပြတာထက် တရားရုံးအမိန့်နဲ့ ဆိုတော့ ပိုကောင်းတယ်။ ကျွန်မတို့ တရားစစွဲကတည်းက ငွေကြေးကုန်ကျမှုကြောင့် မဟုတ်ပါဘူး။ ကျွန်မအဖေရဲ့ သိက္ခာကြောင့်ပါ”ဟု တောင်သူဦးဝင်းတင် ၏ သမီးဖြစ်သူ ဒေါ်သီတာဝင်းက ပြောသည်။

ထိုသို့ မှားယွင်းဖော်ပြပြီး တစ်လအကြာတွင် လူနာကို သက်သာစေရန် ရန်ကုန်မြို့တွင် သွားရောက်ကုသရာ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းနှင့် ပုဂ္ဂလိကဆေးရုံများ၏ ဆေးစစ်ချက် အဖြေတွင် လူနာ၌ HIV ပိုး မရှိကြောင်း အဖြေထွက်ခဲ့သည်။

တရားရုံးမှ တရားလိုအား တရားရုံးကုန်ကျစရိတ်နှင့် နစ်နာကြေးကျပ်သိန်း ၃၀ဝ ပေးဆောင်ရန် အမိန့်ချခဲ့သည့်အပေါ် မန္တလေးမြို့တော် ဆေးရုံအုပ် ဒေါက်တာနွယ်နွယ်ဝင်းက တရားရုံးက ချမှတ်သည့် အမိန့်ကို လိုက်နာ သွားမည်ဖြစ်ကြောင်း ပြောသည်။

နိုင်လင်းဦး

Leave a Reply