ဘီယာဆိုင် လူသတ်မှုမှ တရားခံများဖမ်းဆီးရမိ

0
169

မန္တလေး၊ ဖေဖော်ဝါရီ ၂၀၊ ၂၁၀၈

မန္တလေးမြို့ အမရပူရမြို့နယ် ကျန်တန်းရပ်ကွက် ကောင်းကင်ပြာ ဘီယာဆိုင်တွင် ဖေဖော်ဝါရီ ၁၈ ည ၁၁ နာရီအချိန်က စကားများရန်ဖြစ်ရာမှ ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံများကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ (၅) နာရီအချိန် က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

သေဆုံးသူမှာ ကိုမောင်မောင် (၂၈) နှစ် ဖြစ်ပြီး အခင်ဖြစ်နေရာတွင် ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကာ တရာခံများမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည် ။ အခင်းဖြစ်စားသောက်ဆိုင်သို့ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ ယင်းနေရာတွင် လက်ကိုင်ဖုန်း(၃)လုံး ရှာဖွေတွေ့ရှိခဲ့သည်။

ယင်းလက်ကိုင်ဖုန်း (၃) လုံးအား စိစစ်ခဲ့ရာ လက်ကိုင်ဖုန်း (၂) လုံးမှာ သေဆုံးသူ ကိုမောင်မောင်(ခ)ဇော်မင်းနှင့် ၎င်းနှင့်အတူစားသောက်သူ မောင်ထွေး၏ လက်ကိုင်ဖုန်းဖြစ်ပြီး ကျန် Samsung ရွှေရောင်လက်ကိုင်ဖုန်းအတွင်းမှ အချက်အလက်များအား စုံစမ်းအတည်ပြုခဲ့ရာ ဖုန်းပိုင်ရှင်မှာ ကိုထွန်းမြိုင်ဦး(ခ)မိုးဇာ ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့နောက် ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ ထွန်းမြိုင်ဦး(ခ)မိုးဇာမှာ ၃၅လမ်း၊ ၇၆×၇၇လမ်းကြားရှိ ပရိဘောဂဆိုင်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက် ဖမ်းဆီးခဲ့ပြီး ၄င်းအား ဆက်လက်စစ်မေးရာ အခင်းဖြစ်ပွားချိန်တွင် ပါဝင်သူများမှာ မြင့်ကျော်စိုး(ခ)မင်းမင်း၊ ဝင်းဇော်၊ သာလွန်ချို(ခ)ချိုကြီးတို့ဖြစ်ကြောင်းပေါ်ပေါက်ကာ ဖမ်းဆီးရမိခဲ့သည်။

ယင်းအမှုနှင့်ပက်သတ်ပြီး သေဆုံးသူ၏ ယောက်ဖတော်စပ်သူ ကိုဘိုဘို (၃၄) နှစ် က တရားလိုပြုလုပ်၍ အမရပူရမြို့မရဲစခန်းတွင် (ပ) ၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကာ တရားခံများကို အမြန်တရားစွဲတင်ပို့နိုင်ရေးအတွက် အသေးစိတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

နိုင်လင်းဦး

Leave a Reply