နိုင်ငံတော်ပုန်ကန်မှုပုဒ်မဖြင့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေး

0
191

ရန်ကုန်။ ဖေဖော်ဝါရီ ၂၂။ ၂၀၁၈

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် မတရား အသင်းနှင့် ဆက်နွယ်မှု ပုဒ်မများဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ယနေ့မနက်ပိုင်းက ရုံးထုတ်စစ်ဆေး ခဲ့သည်။

ရသေ့တောင်မြို့နယ် တရားရုံးက လွဲပေးခဲ့သည့် နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မနှင့် မတရားအသင်းနှင့် ဆက်နွယ်မှုပုဒ်မများကို စစ်တွေမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ပြီးနောက် နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ ကိုမူ ခရိုင်တရားရုံးတွင် ဆက်လက် ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ်က ဖမ်းဝရမ်းထုတ်ထားသည့် အမှုတွဲတွင် ပါဝင်သူကို မမိသေးကြောင်း ရသေ့တောင်မြီု့နယ် ရဲအရာရှိတစ်ဦးက တရားရုံးသို့ လျှောက်ထားခဲ့ပြီး မတ် လ ၇ ရက်တွင် ရုံးချိန်းပြန်ချိန်းခဲ့ကြောင်းသိရသည်။

စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အမှုသုံးမှုဖြင့် ဖမ်းဆီးပြီး အမှုရင်ဆိုင်နေ ရသော ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို စစ်တွေအကျဉ်းထောင် တွင် ဖမ်းဆီးထားသည်။

နှစ်မြို့နယ်တွင် အမှုရင်ဆိုင်နေရသောကြောင့် ယနေ့ တတိယ အကြိမ် မြောက် ရုံးချိန်းတွင် ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးနှစ်ခုတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၇ ရက်က ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်းအခမ်းအနားပွဲပျက်ရာ ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်လူဟုခွဲခဲ့ရာတွင် ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြသူများဖျက်ဆီးမှုများကြောင့် မြို့နယ်ထွေအုပ် ရုံးတွင်လည်း ပျက်စီးမှုများရှိခဲ့ပြီး ပြည်နယ်အစိုးရက ဆန္ဒပြပွဲတွင် ပါဝင် သည့်သူများနှင့် ဟောပြောပွဲတွင်ပါဝင်ခဲ့သည့် ဒေါက်အေးမောင်ကိုလည်း ဖမ်းဆီးခဲ့သည်။

ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့ကိုလည်း ပုဒ်မ သုံးခုဖြင့်အမှုဖွင့်ခဲ့ပြီး ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများကိုလည်း ဖမ်းဆီးခဲ့သည်။ ရခိုင်ပြည်နယ်ရှိမြို့သုံးခုတွင်လည်း ဖမ်းဆီးထားသူများကို ပြန်လွှတ် ပေးရေးအတွက် ဒေသခံများကတောင်းဆိုဆန္ဒပြခဲ့သည်။

သျှင်ရဲထွဋ်

Leave a Reply