လားရှိုးမြို့ ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှုအတွက် မသင်္ကာသူတစ်ဦးကို တွေ့ရှိထား

0
106

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရိုးမဘဏ်အနီးတွင် ယမန်နေ့ ညနေပိုင်း က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး မသင်္ကာသူတစ်ဦးကို CCTV မှတ်တမ်းများအရ တွေ့ရှိထားသည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှုးကြီး စန်းဝင်း ကပြောသည်။

“ ပေါက်ကွဲမှုကို ခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်နှစ်ခုက CCTV မှတ်တမ်းတွေကို ပြန်စစ်နေတယ်။ အဲဒီ့အထဲမှာတော့ မသင်္ကာသူတစ်ယောက်ကို တွေ့ထားတယ်။” ဟု ဒုရဲမှူးကြီး စန်းဝင်း က ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

CCTV မှတ်တမ်း၏ အရည်အသွေးကြောင့် မသင်္ကာသူတစ်ဦး၏ ပုံသဏ္ဍာန်နှင့် အနေအထားကို ခန့်မှန်းရ ခက်ခဲနေကြောင်းလည်း ၄င်းပြောပြချက်အရသိရသည်။

ထို့ပြင် ပေါက်ကွဲမှုမဖြစ်ပွားမီ ဘဏ်အနီးအနားသို့ရောက်ရှိနေသူများ၏ ထွက်ဆိုချက်များကိုလည်း လိုက်လံ စစ်ဆေးမေးမြန်းနေသည်ဟုဆိုသည်။

ယင်းဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရိုးမဘဏ်ဝန်ထမ်း၂ ဦးသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရှိသူများကို လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး လက်ရှိတွင် ၆ ဦးသာ ဆေးရုံတွင်ကျန်ရှိတော့ကြောင်းလည်း သိရသည်။

ယမန်နေ့ ညနေပေါက်ကွဲမှုဖြစ်စဉ်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့ထောင်ထားသည့် ဒေသန္တရ မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် CCTV မှတ်တမ်းများကို စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

လားရှိုးမြို့မ ရဲစခန်းက အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကို ပေါက်ကွဲစေ တတ်သော ပစ္စည်းများပေါ့လျော့မှု ပုဒ်မ ၂၈၆၊ လူသတ်ရန်ကြံစည်မှု ပုဒ်မ ၃၀၇၊ အပြင်းထန်နာကျင်စေမှု ပုဒ်မ ၃၂၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – Nay Myo

Leave a Reply