အောင်ဝင်းထွန်းအာမခံရရှိမှု အပေါ် တရားလိုရှေ့နေများစိုးရိမ်

0
149

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈

ဦးကိုနီလုပ်ကြံခံရမှုမှ သေဒဏ်အထိကျနိုင်သော ပုဒ်မများဖြင့် စွဲချက်တင် စစ်ဆေးခံနေရသော ကြည်လင်း အမှုတွဲမှ အောင်ဝင်းထွန်းအား မြောက် ပိုင်းခရိုင်တရားရုံးမှ ကျပ်သိန်း ၅၀၀ တန် ခံဝန်သူ နှစ်ဦးဖြင့် ယနေ့တွင် အာမခံပေးခဲ့ကြောင်း သိရသည်။

အာမခံရရှိသောသူသည် သေဒဏ်အအထိကျနိုင်သော ပုဒ်မများဖြင့် စွဲချက်တင်စစ်ဆေးခံနေရသော အောင်ဝင်းဇော်နှင့် ညီအစ်ကို တော်စပ်သူဖြစ်ပြီး ဦးကိုနီလုပ်ကြံခံရမှုမှ ယနေ့အထိ လွတ်မြောက် နေသေးသော အောင်ဝင်းခိုင်နှင့်လည်း ညီအစ်ကို တော်စပ်သူဖြစ်သည်။

“ ညီအစ်ကို ၃ ယောက်မှာ တစ်ယောက်က တရားခံပြေးဖြစ်နေတယ်။ နောက်တစ်ယောက်က သေဒဏ်ကျနိုင် တဲ့ ပုဒ်မတွေနဲ့ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ အခု အောင်ဝင်းထွန်း ကိုအာမခံပေးတော့ စိုးရိမ်တယ်။ ဘယ်အရာကို စိုးရိမ်စရာလည်း ဆိုတာတော့ ကျွန်တော် မပြောတော့ဘူး” ဟု ရှေ့နေဦးရောဘတ်စန်းအောင် က ပြောသည်။

ယနေ့တွင် အာမခံရရှိသွားသော အောင်ဝင်းထွန်းသည် သေဒဏ်ချနိုင်သည့် ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့် စွဲချက်တင်စစ်ဆေးခံနေရသည့် အောင်ဝင်းဇော် နှင့် အတူ ကရင်ပြည်နယ် ဘားအံမြို့အသွားလမ်းတွင် ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။ထို့ကြောင့် အောင်ဝင်းထွန်း အား တရားခံအားပေးကူညီမှု ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ခံထား ရခြင်းဖြစ်ပြီး ယင်းပုဒ်မသည် ထောင်ဒဏ် ၅ နှစ်အထိကျနိုင်သော ပုဒ်မဖြစ်ကာ အာမခံရရှိနိုင်သော ပုဒ်မလည်း ဖြစ်သည်။

“ သူ့ကို စွဲထားတဲ့အမှုက အာမခံပေးလို့ရတဲ့အမှု။ အာမခံပေးလို့ရတယ် ဆိုတဲ့နေရာမှာ သုံးမျိုးရှိတယ်။ ဥပဒေမှာ ပြဌာန်းထားသလား ဆိုတော့ အာမခံပေးဖို့ ပြဌာန်းထားတယ်။ ထွက်ပြေးမယ့်သူလား ဆိုတော့လည်း အာမခံထားတဲ့သူ နှစ်ယောက်ရှိတယ်။ တရားစီရင်ရေးကို အနှောင့်အယှက် ဖြစ်စေမှာလား သက်သေတွေဖျက် စီးမယ့် သူလား ဆိုတဲ့နေရာမှာ ပြသနာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုတစ်ခါတုန်းက သူတို့ကို လာဝန်းရံ ပါတယ်ဆိုတဲ့ လူငယ်တွေနဲ့က အဆက်အသွယ်ရှိတယ်။ သူတို့ခေါ်လို့ လာတာပေါ့ ။ မခေါ်ရင် ဘယ်လာလို့ရမလဲ။ ဥပဒေအရ အာမခံပေးလို့ ရတယ် ဆိုပေမယ့် အဲဒီ့အချက်တွေကိုတော့ စိုးရိမ်တယ်။ “ ဟု ဦးကိုနီအတွက် ရှေ့နေလိုက်ပေးသူ ရှေ့နေဦးနေလက ပြောသည်။

ယခင်ရုံးချိန်တွင် မင်းတို့ထမင်းဝအောင်စားထား ဟူသော စာတန်းများပါသည့် အင်္ကျီဝတ်ဆင်ထားသောလူငယ် များက ကြည်လင်းနှင့် အပေါင်းအပါများကို မြောက်ပိုင်းခရိုင်တရားရုံး ပရဝုဏ်အတွင်း လာရောက် ဝန်းရံ ခဲ့ဖူးသည်။ ၄င်းတို့ကိုလည်း တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည်။

ဦးကိုနီလုပ်ကြံခံရသည်မှာ တစ်နှစ်ကျော်ခန့်ကြာမြင့်သွားပြီဖြစ်ပြီး လုပ်ကြံမှုတွင်ပါဝင်ခဲ့သူများကို စစ်ဆေးနေသည်မှာလည်း တစ်နှစ်ကျော်ပြီဖြစ်သည်။ လုပ်ကြံမှုတွင်ပါဝင်သည့် ကျန်သုံးဦးကို သေဒဏ် ကျနိုင်သော ပုဒ်မများဖြင့် စွဲချက်တင်ထားသော်လည်း အမှုတွင်ပါဝင်ခဲ့သည့် အောင်ဝင်းခိုင်မှာ ယနေ့အထိလွတ်မြောက်နေဆဲဖြစ်သည်။

ထွက်ပြေးလွတ်မြောက်နေသော အောင်ဝင်းခိုင် အား တွေ့ရှိသည့် နေရာ တွင် မည်သူမဆိုဖမ်းဆီးပြီး အာဏာပိုင် အဖွဲ့များထံသို့ အပ်နှံနိုင်ကြောင်း လည်း မြောက်ပိုင်းခရိုင်တရားရုံးက ဝရမ်းထုတ်ထားသည်။

သျှင်ရဲထွဋ်

Leave a Reply