မြောက်ကိုရီးယားအပေါ် အမေရိကန်ပြည်ထောင်စု ပိတ်ဆို့မှုကြီးချမှတ်

0
187

ဝါရှင်တန် ဖေဖော်ဝါရီ ၂၄

မြောက်ကိုရီးယားက ၎င်းတို့၏နျူလက်နက်စီမံကိန်းကို လက်လျှော့ သွားစေရေးအတွက် ဖိအားပေးသည့်အနေဖြင့် ယင်းနိုင်ငံအပေါ် ကြီးမားကျယ်ပြန့်သော ပိတ်ဆို့မှုကြီးတစ်ခုကို ချမှတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် လူပုဂ္ဂိုလ်တစ်ဦး၊ ကုမ္ပဏီ ၂၇ ခုနှင့် သင်္ဘော ၂၈ စင်းတို့အပေါ် ပိတ်ဆို့မှုများကို ချမှတ်လိုက်ခြင်းဖြစ် သည်။ ထို့ပြင် မြောက်ကိုရီးယားက ရေနံဝယ်ယူပြီး ကျောက်မီးသွေးများ ရောင်းချနိုင်ရေးအတွက် တရားမဝင်ရေကြောင်း ကုန်သွယ်မှုများ ရပ်ဆိုင်းအောင် လုပ်ဆောင်နိုင်ရန် နာမည်ပျက်စာရင်းသွင်းရမည့် အဖွဲ့အစည်းတချို့စာရင်းကို အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂသို့ တင်ပြခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကန်ကုန်းမကြီးထံသို့ပင် ရောက်ရှိနိုင် သည့် နျူထိပ်ဖူးတပ်ဒုံးကျည်များကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရင့်သီးစွာပြောဆို ခဲ့ပြီး ဖြစ်သည်။

မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့ရုံသာမကဘဲ တစ်ကမ္ဘာလုံး မကြုံဖူးသေးသည့် လောင်မီးကျမှုမျိုးဖြင့် မြောက်ကိုရီးယားကို တိုက်ခိုက်ဦးမည်ဖြစ်ကြောင်း ထရမ့်က သြဂုတ်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူရန် အစီအစဉ်ကို စွန့်လွှတ်ထားခြင်းမရှိကြောင်း ထရမ့်က အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်းတမ်းဘူးနှင့်ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

“အရေးယူပိတ်ဆို့မှုတွေ အလုပ်မဖြစ်ရင်၊ ဒုတိယအဆင့်ကို ဆက်လုပ် မယ်၊ဒုတိယအဆင့်ဟာ အင်မတန်ကို တင်းမာပြတ်သားတဲ့ လုပ်ရပ်ဖြစ် မယ်၊ တစ်ကမ္ဘာလုံးအတွက် ထိခိုက်နစ်နာလိမ့်မယ်၊ ပိတ်ဆို့မှုတွေ အလုပ်ဖြစ်ပါစေပဲ မျှော်လင့်ပါတယ်” ဟု ထရမ့်ကပြောဆိုခဲ့သည်။ ယခုပိတ်ဆို့မှုတွင် ထိုင်ဝမ်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူ တစ်ဦး၊တရုတ်၊ ဟောင်ကောင်၊ စင်ကာပူနှင့် ထိုင်ဝမ်တို့ရှိ သင်္ဘောနှင့် စွမ်းအင်ကုမ္ပဏီများပါဝင်သည်။ ပိတ်ဆို့မှုများအရ ယင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏အမေရိကန်ပြည်ထောင်စုရှိ ပိုင်ဆိုင်မှုများ ပိတ်သိမ်း ခံရမည် ဖြစ်သည်။

မြောက်ကိုရီးယားရေကြောင်းပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး ကုမ္ပဏီများ ထိခိုက်နစ်နာပြီး မြောက်ကိုရီးယား ပိုမိုအထီးကျန်ဆန်သွားစေရန် ပိတ်ဆို့မှုများကို ချမှတ်ရခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနကပြောဆိုခဲ့သည်။

ယမန်နှစ်တွင် မြောက်ကိုရီးယားသည် ကျောက်မီးသွေးများကို ရုရှားသို့တင်ပို့ခဲ့ပြီး ယင်းမှတစ်ဆင့် တောင်ကိုရီးယားနှင့် ဂျပန်တို့သို့ ဆက်လက်ပို့ဆောင်ကာ ကုလ၏ပိတ်ဆို့မှုများကို ကျော်လွှားရန် ကြိုးပမ်းခဲ့ကြောင်း အနောက်နိုင်ငံထောက်လှမ်းရေးများက လွန်ခဲ့သော လတွင်ပြောဆိုခဲ့သည်။

၂၀၀၅ ခုနှစ်မှစပြီး အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုပမာဏသည် ၄၅၀ ခုရှိပြီဖြစ်ပြီး ယင်းတို့အနက် ထက်ဝက်ခန့်သည် ယမန်နှစ်တွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Source:AFP

ရိုးမြေ

Leave a Reply