NLD ပါတီခေါင်းဆောင်အချို့ကို ဇီးကုန်းတွင် ဆန္ဒပြ

0
183

ပဲခူး၊ ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ဇီးကုန်းမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဦးဆောင်သူအချို့နှင့်ပတ်သက်ပြီး ဖောက်ပြန်ရေးသမားများအလိုမရှိဟုဆိုကာ ပါတီထောက်ခံသူများက ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို နံနက် ၉ နာရီအချိန်ခန့်တွင် ရန်ကုန်-ပြည် ကားလမ်းမအတိုင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ပါတီကို ခုတုံးလုပ်ကာ ဖောက်ပြန်သည့်နိုင်ငံရေးသမားများအလိုမရှိ၊ ပြည်သူကို အလေးမထားသော ဇီးကုန်းNLD ခေါင်းဆောင်များအလိုမရှိ၊ အမေစု ကျန်းမာပါစေ အစရှိသောကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

”အခုဆန္ဒပြရတာကဇီးကုန်းပြည်သူတွေအတွက်ပါ။အမေစုကို ဆန္ဒပြတာမဟုတ်ဘူး NLD ပါတီကိုဆန္ဒပြတာ မဟုတ်ဘူး။ အမေစုပုံရိပ်ကိုကျအောင်လုပ်တဲ့ ဇီးကုန်း NLDခေါင်းဆောင်တွေကို ဆန္ဒပြရခြင်းဖြစ်တယ်။ အမေစုအမည်ခံ ဖောက်ပြန်ရေး သမားတွေကို ဆန္ဒပြရခြင်းဖြစ်တယ်”ဟု ဆန္ဒပြဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသန်းအောင်ကပြောသည်။

ဆန္ဒထုတ်ဖော်သည့်အကြောင်းအရင်းများအနက် ဇီးကုန်းမြို့တွင်နိုင်ငံရေး အရ ပြိုင်ဘက်ပါတီများမှ လွှမ်းမိုးမှု အားကောင်းနေချိန်တွင် NLD မြို့နယ်ခေါင်းဆောင်များက အချင်းချင်းအုပ်စုဖွဲ့ပြိုင်ဆိုင်နေကြခြင်း၊ အာဏာရ ပါတီဖြစ် သော်လည်း ပြည်သူ့အကျိုး သယ်ပိုးနိုင်မှု အားနည်းခြင်း အပါအဝင် ပါတီနာမည်အသုံးပြုကာ ပါတီပုံရိပ်ကျဆင်းအောင်လုပ် ဆောင်နေသည်များအား သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ထံ တိုင်ကြားထားသော်လည်း အရေးယူဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ဘာကြောင့် ဆန္ဒပြရသလဲဆိုတာကိုတော့ ကျွန်တော်တို့ သေချာ မသိပါဘူး။ ဒါပေမယ့်လို့ ကျွန်တော်တို့ အနေနဲ့ ဇီးကုန်းနဲ့ပတ်သက်ပြီး အစားထိုးဖွဲ့စည်းတာတွေ၊ အင်အားဖြည့်တင်းတာတွေ လုပ်နေပါတယ်။ တစ်ခုရှိတာက စည်း ကမ်းဖောက်ဖျက်လို့ဆိုခဲ့ရင်တောင် ပထမအဆင့် အနေနဲ့ သက်ပေးရတာပါ၊ အဖွဲ့ကနေထုတ်ပစ်လိုက်တဲ့အထိ လုပ်ဖို့ တော့ မလွယ်ပါဘူး” ဟု NLD တိုင်းအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး ဦးကျော်ဝင်းက ဖြေရှင်းချက်ပေးသည်။

ဆန္ဒထုတ်ဖော်ရာတွင် လူအင်အား ၂ဝ ကျော်ပါဝင်ပြီး ရန်ကုန်-ပြည်လမ်း အတိုင်း ဗိုလ်ချုပ်ကြေးရုပ် အထိချီတက် ကာ ထိုမှတဆင့် ပါတီမြို့နယ် ရုံရှေ့တွင် ဆန္ဒထုတ်ဖော်သည့်အကြောင်းအား ဟောပြောမှုလုပ်ခဲ့၍ နံနက် ၁ဝ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

NLD ပါတီအနေ ဖြင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ၌ ဇီးကုန်မြို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အား ရှုံးနိမ့်ခဲ့သည်။

မိုးမြေ

Leave a Reply