မုဒိမ်းသမား တစ်ရာကို သေဒဏ်ပေးရင် ကျွန်တော်တို့လူ ၁၀ သန်းကို ကာကွယ်နိုင်မယ်။ လူဦးရေရဲ့ ငါးပုံတစ်ပုံကို ကာကွယ်မလား။ လက်တစ် ဆုပ်စာ မုဒိမ်းကောင်တွေ ကျူးလွန်တာကို လက်ပိုက်ကြည့်နေပြီးတော့ မထိရောက်တဲ့ ပြစ်ဒဏ်တွေနဲ့ စခန်းသွားနေမလား………

0
268

သက်ငယ်မုဒိမ်းမှုများကို သေဒဏ်ပေးနိုင်ရေးအတွက် ပထမအကြိမ် လွှတ်တော်တွင် ဥပဒေပြဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့သူ သင်္ဃန်းကျွန်း မြို့နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသိန်းညွန့်နှင့် ပဉ္စမလှိုင်း မီဒီယာတို့ တွေဆုံမေးမြန်းထားသမျှကို စာဖတ်သူများအတွက် တင်ပြပေးလိုက်ပါတယ်။

မေး။ ။ များပြားလာတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ဖေဖော်ဝါရီ ၁၅ ရက်က ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ တိုင်းပြည်အတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာ အခြေအနေကြီးပေါ်ပေါက် နေပြီ။ ၂၀၁၆ မုဒိမ်းမှုတွေက အကြမ်းဖျင်း ၁၁၀၀ ရှိပြီးတော့ ၂၀၁၇ မှာ ၁၄၀၀ ကျော်လာတယ်။ မုဒိမ်းမှု သုံးရာကျော်များပြားလာတယ်။ ၂နှစ် တွင်းမှာ ပေါင်းလိုက်တဲ့ မုဒိမ်းမှုတွေကိုကြည့်ရင် ၂၅၀၅ မှုဆိုပြီးတော့ ပြည်ထဲရေးက ထုတ်ပြန်တယ်။ ၂ ရက်မှာ မုဒိမ်းမှု ၇ မှုဖြစ်နေတယ်။ အဲဒီထဲကမှ မုဒိမ်းမှု ၃ မှုမှာ သက်ငယ်မုဒိမ်းမှုက ၂ မှုဖြစ်နေတယ်။ သက်ငယ်မုဒိမ်းမှုက ၂၀၁၆ခုနှစ်မှာ ၆၇၁မှုပဲရှိတယ်။ အခု ၂၀၁၇ခုနှစ်မှာ ၈၉၇ မှုထိရှိတယ်။ ၂၂၆ မှုထိရှိလာတယ်။ တိုးလာတဲ့ အမှုတွေက ကိန်းဂဏန်းတွေပေါ့။ အရေအတွက်အရတိုးလာသလို အမျိုးအမည် ကလည်း စုံလင်လာတယ်။ အကြမ်းဖျင်းပြောမယ်ဆိုရင် သက်ငယ် မုဒိမ်းထဲမှာ ဆွေမျိုးအရင်းအချာတွေက ပြုကျင့်တဲ့ မုဒိမ်းမှု။ ပြင်ပလူက ပြုကျင့်တဲ့ မုဒိမ်းမှု။ ပြင်ပလူက ပြုကျင့်တဲ့ မုဒိမ်းမှုတွေမှာဆို လူပါသတ် လာတယ်။ အခုဆိုရင် လူသတ်ပြီးမှ မုဒိမ်းကျင့်တယ်ဆိုတဲ့ ဟာမျိုးတွေ လည်း ဖတ်လာရတာရှိတယ်။ ဆွေးမျိုးရင်ချာ မုဒိမ်းမှုတွေကြည့်လိုက်ရင် လည်း အရွယ်မရောက်သေးတဲ့ သမီးလေးကို အဖေရော၊ အစ်ကိုရော၊ ဦးလေးအရင်းရော မုဒိမ်းကျင့်တာ။ အဲဒီလို အခြေအနေမှာ အမေလုပ်တဲ့ သူက မတိုင်ရဲဘူး။ အဲဒီ့ အထိဖြစ်သွားပြီ။ ပြည်ထဲရေးဌာနကတော့ အခုနောက်ပိုင်း သုံးသပ်ချက်တွေပါပါလာတယ်။ အဲဒီ့သုံးသပ်ချက်တွေက တစ်စိတ်တစ်ဒေသမှန်ပေမယ့် အပြည့်အစုံမမှန်ဘူး။ ဥပမာ မူးယစ်ဆေး နဲ့ အရက်သေစာသောက်ပြီး သားသမီးအရင်းကို ကျူးလွန်တဲ့အမှုတွေ ပြောတယ်။ အဲဒီလိုမျိုးအမှုတွေမှာ အခု ဘားအံဘက်မှာဖြစ်တဲ့ အမှု အရဆိုရင် အရက်မမူးဘူး။ အရွယ်ရောက်ခါစ ကလေးကို အဖေက မုဒိမ်းကျင့်တယ်။ တစ်ကြိမ်တည်းမဟုတ်ဘူး။ နောက်အိမ်ထောင် မပြုဖို့အတွက် သမီးကငါ့ကို ခွင့်ပြုရမယ်။ သွေးအေးအေးနဲ့ သားသမီးကို မုဒိမ်းကျင့်တဲ့ အမှုမျိုးတွေ ကျနော်တို့ ကြားလာရတယ်။ အညာဘက်မှာ လည်း အရွယ်မရောက်သေးတဲ့ တူမလေးကို ဦးလေး အရင်းနှစ်ယောက် နဲ့ ဦးလေးဝမ်းကွဲတစ်ယောက်က တစ်ရက်ခြားစီလောက် မုဒိမ်းကျင့် တယ်။ အဲဒီအမှုတွေကို ကြည့်လိုက်ရင် ဆွေမျိုးအရင်းချာပေါ်မှာပြုကျင့်တဲ့ သူတို့လုပ်ရပ်တွေဟာ ကမ်းကုန်သွားပြီ။ ဒီဟာတွေဟာ စိတ်ဓာတ် အားဖြင့် ရှုးနေတယ်ဆိုရင်တောင် ဒီအရှုးကို သူနဲ့ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်ပေးရမယ်ဆိုရင် ကျွန်တော် လွှတ်တော်မှာ သုံးကြိမ်တင်ခဲ့တဲ့ သေဒဏ်ပြစ်ဒဏ်ဟာ အသင့်တော်ဆုံးပဲ။ အင်္ဂလိပ်လိုဘာသာပြန် မတင်လို့ဆိုပြီးတော့ ဆွေးနွေးခွင့်မပေးတဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ကိုပြင်ပြီး သေဒဏ်ပေးလို့ရတယ်။ နောက်ပြီးတော့ ကလေးသူငယ် ဥပဒေမှာလည်း ပြင်ပြီးတော့ အဲဒီထဲမှာလည်း သေဒဏ်ကို သတ်မှတ်လို့ ရတယ်။ အဲဒီအပြင်နောက်ဆုံး ၂၀၁၅မှာ တတိယအကြိမ်တင်ခဲ့တဲ့ ကလေးသူငယ်လိင်မှုဆိုင်ရာ စော်ကားသည့် ဥပဒေ။ ဒါကလည်း အခြေခံဥပဒေအရ ကလေးသူငယ်တွေကို ကာကွယ်ရမယ်။ ကုလသမဂ္ဂ မှာလည်း သဘောတူညီခဲ့တဲ့ ကလေးသူငယ်တွေကို ကာကွယ်ရမယ့် အချက်တွေအရလည်း သေဒဏ်ပေးဖို့လိုမယ်။ ချုပ်ပြီးတော့ပြောရရင် ကလေးသူငယ်မုဒိမ်းမှုတွေဟာ ၁။ အရေအတွက်များပြားလာတယ်။ အမျိုးအစားစုံလင်လာတယ်။ ဟိုခေတ်တုန်းက အဖေတစ်ယောက်က သမီးကို မုဒိမ်းကျင့်တယ်ဆိုတာ အင်မတန်ရှားပါးတယ်။ အခုကတော့ များပြားလာပြီ။ ကျွန်တော်တို့လူ့အဖွဲ့အစည်းက အင်မတန်မှ ဂုဏ်ကျက် သရေ ကင်းမဲ့သွားပြီ။ လွှတ်တော်ကလည်း အသံတိတ်နေတယ်။ လွှတ်တော်ရဲ့ အဓိကလုပ်ငန်းက ဥပဒေပြုရေးပဲ။ အဲဒီတော့ သေဒဏ် ပေးနိုင်တဲ့ ဥပေဒေကို ပြဌာန်းပါ။ ချက်ချင်းလုပ်လို့ရတာက ရာဇသတ်ကြီး ကို ပြင်လိုက်ရုံပဲ။ ဘာသာပြန်တင်ဆိုရင် အခုဘာသာပြန်ကော်မရှင် ပေါ်နေပြီပဲ။ အင်္ဂလိပ်လိုပြန်ပြီး တင်လိုက်ရုံပေါ့။ ဒုတိယအရေးကြီးတာ အုပ်ချုပ်ရေးအပိုင်း။ အခုလည်း ကျွန်တော်တို့ ဥပဒေမှာ သေဒဏ်ကို ပယ်ဖျက်ထားတာ မရှိဘူး။ ကြိမ်ဒဏ်ကိုသာ ပယ်ဖျက်ထားတာ။ ကျွန်တော်တို့ ဥပဒေမှာ သေဒဏ်ရှိတယ်။ မုဒိမ်းမှုကျူးလွန်ရင်းနဲ့ လူသတ်တယ်။ အဲဒီလိုလူတွေကျတော့ ဥပဒေတောင် ပြင်စရာမလိုဘူး။ သေဒဏ်ပေးလို့ရတယ်။ ၃၀၂ (၁) နဲ့။ ဘာကြောင့်လည်းဆိုတော့ ၇ နှစ်ထိထောင်ဒဏ်ထိုက်တဲ့ ပြစ်မှုကိုကျူးလွန်နေစဉ် မုဒိမ်းမှုကို ပြောတာနော်။ လူသတ်မှုကို ထမ်မံကျူးလွန်တယ်။ ဒါဆို ၃၀၂ (၁) အရ သေဒဏ်ပေးရမယ်။ ဥပဒေမှာ သေဒဏ်ပေးရမယ်ဆိုတဲ့အတွက် တရားရုံးက သေဒဏ်ပေးကိုပေးရမယ်။ ဒါတရားရေးအပိုင်း။ တရားရေး က မလုပ်ရင် ဥပဒေကို လွန်ဆန်ရာဖြစ်သွားမယ်။ အခုပြသနာက ဘယ်မှာလဲဆိုတော့ အဲဒီသေဒဏ် အမှုတွေက နိုင်ငံတော် သမ္မတက အတည်ပြုရတယ်။ နိုင်ငံတော်သမ္မတက သေဒဏ်အတည်မပြုရင် သေဒဏ်လွတ်သွားမယ်။ သို့မဟုတ်သေဒဏ်ကို ဆိုင်းငံ့ထားပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ထည့်ပြီးတော့ တစ်သက်တစ်ကျွန်း ပြောင်း လိုက်ရင် တရားရုံးက ချရတဲ့အမိန့်ပေါ်မှာ ပုံစံပြောင်းရမယ်။ အဲဒါကြောင့် နောင်ပြင်မယ့် ဥပဒေတွေမှာ သမ္မတက သူ့လုပ်ပိုင်ခွင့် ရှိပေမယ့် လူ့အဖွဲ့ အစည်းကို အင်မတန်ညစ်ညမ်းစေတဲ့ စက်ဆုတ်ရွံ့ရှာဖွယ် ကောင်းတဲ့ အမှုတွေကိုတော့ သေဒဏ်ပေးတဲ့အမိန့်ကို သမ္မတအနေနဲ အတည်ပြု ပေးဖို့ လိုတယ်။ ဒီမုဒိမ်းကောင်တွေကို သေဒဏ်မပေးဘူးဆိုရင် လူထုက သူ့နည်းသူ့ဟန်နဲ့ အခြားလမ်းကြောင်းရွေးလာရင် အခြေအနေတွေ ဆိုးရွားလာနိုင်တယ်။

မေး။ ။ လွှတ်တော်ထဲမှာ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး တိတ်ဆိတ် နေတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကို ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ အဲဒါနဲ့ပတ်သက်ပြီး အချက်နှစ်ချက် ရှင်းပြချင်တယ်။ တစ်ချက်က တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ အများဆုံးလုပ်ခွင့်ရှိတာ မေးခွန်းမေးတာတို့၊ အဆိုတို့ တင်ချင်တင်ပေါ့။ ဥပေဒပြုရမှာက ပြည်ထောင်စု ဥပဒေ ဇယားထဲမှာ ပါတယ်။ ဇယား ၁ ထဲမှာ ပါနေတယ်။ ဇယား ၁ ထဲမှာ ပါနေတဲ့အတွက် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ တာဝန်ရှိတာပေါ့။ တရားစီရင် ရေးနဲ့ပတ်သက်ပြီး ဇယား ၁ (၁၁)မှာ ပြည်ထောင်စု လွှတ်တော်ကိုပေးထားတာ။ အခု ဒုတိယအကြိမ်လွှတ်တော်မှာ ရခိုင်ပြည်နယ် ရသေ့တောင်က ဒေါ်ခင်စောဝေက လွှတ်တော် စခါစမှာ ကလေးသူငယ်မုဒိမ်း သေဒဏ်ပေးဖို့ဥပဒေကြမ်းပေါ့။ ကျွန်တော် တင်ခဲ့တဲ့ အချိန်တုန်းက ပုံစံမျိုးပေါ့။ သူလည်း ဆက်တင်တယ်။ ဒါပေမယ့် သူ့ကို အင်္ဂလိပ်လို ဘာသာပြန်ဖို့ပြောတဲ့အတွက် ဆိုင်းငံ့နေတာရှိတယ်။ ဒေါ်ခင်စောဝေ တစ်ယောက်ကလွဲပြီးတော့ ထူးထူးခြားခြား တင်တာ မရှိဘူး။ ဒေါ်ခင်စောဝေကလည်း ကလေးသူငယ်မုဒိမ်းမှု ဥပဒေကို ကျွန်တော် တင်တုန်းကလည်း ထောက်ခံခဲ့တဲ့ သူဖြစ်တယ်။ ကျန်တဲ့ သူတွေက တင်တာတော့ မတွေ့သေးဘူး။ နိုင်ငံရေးပါတီအနေနဲ့ ကြည့်လိုက် ရင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ကလေးသူငယ် မုဒိမ်း သမားတွေကို သေဒဏ်ပေးဖို့ ထောက်ခံတယ်ဆိုတာ ပြောလာတယ်။ အတိုက်အခံပါတီကြီးကနေ ဒီရပ်တည်ချက်ကို ဖော်ပြလာတဲ့အတွက် ကြိုဆိုတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်တွေက ကလေးသူငယ် မုဒိမ်းမှုနဲ့ပတ်သက်ပြီး ဘာကြောင့် အသံတွေတိတ်ဆိတ်နေလည်းဆိုတာတော့ သမိုင်းဆိုင်ရာ တွေမှာ မေးခွန်းထုတ်ခြင်းခံရမယ်။ ကိုယ်စားလှယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှုတွေထဲမှာ ပြည်သူတွေ အရေးတကြီးလိုအပ်တဲ့ ကာကွယ် နိုင်မယ့် ဥပဒေမျိုးတွေ မလုပ်ဘူး။ ပြည်သူတွေကို ဖိနှိပ်တဲ့ ပေးထားတဲ့ ဥပဒေတွေကို ကန့်သတ်တဲ့ ငြိမ်းစုစီဥပဒေမျိုးတွေကိုတော့ ပြင်နေတယ် ဆိုတော့ လွှတ်တော်ရဲ့ အတွင်းသရုပ်က မြင်နေရပါပြီ။ ပြည်သူတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မေး။ ။ ဒေသန္တရ အမိန့်ထုတ်ပြီး စီရင်ဖို့တောင်းဆိုတာတွေရှိတယ်။ လုပ်လို့ရလားခင်ဗျ။

ဖြေ။ ။ ဒေသန္တရအမိန့်နဲ့တော့ သေဒဏ်မရပါဘူး။ နည်း ၃ နည်းပဲရှိတယ်။ ရာဇသတ်ကြီး ဥပဒေကို ပြင်မလား။ ကလေးသူငယ်တည်ဆဲ ဥပဒေ ကိုပြင်မလား။ နောက်တစ်ခုက ကလေးသူငယ်လိင်မှုဆိုင်ရာ ကာကွယ် တဲ့ ဥပဒေ အထူးဥပဒေပေါ့။ အဲဒါမျိုးလုပ်ပြီးတော့ ပြည်ထောင်စု လွှတ်တော်က ပြင်မလား။ ဒါတွေက ပြည်ထောင်စု လွှတ်တော်က လုပ်ပိုင်ခွင့်။ အဲဒါကို တိုင်းဒေသလွှတ်တော်တွေက အဆိုတင်တာတို့၊ စိုးရိမ်ထိတ်လန့်တယ်တို့၊ ပြည်ထောင်စု လွှတ်တော်ကို တိုက်တွန်း ကြောင်းတို့ ဘာတို့။ ဒါမျိုးတွေတင်ချင်တင်။ ဥပဒေပြုနိုင်တဲ့ အာဏာ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ ထဲမှာ တိုင်းဒေသ ပြည်နယ် လွှတ်တော်တွေရဲ့ အာဏာမဟုတ်ဘူး။ အခုလွှတ်တော်က ၂ နှစ်ရှိပြီ။ ဒီလွှတ်တော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်။ မိမိတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မပြင်နိုင်သေးသမျှ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လေးလေးနက်နက် လေ့လာပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲကနေ အလုပ်ဖြစ်နိုင်မယ့် နည်းလမ်းတွေကို လွှတ်တော်သုံးရပ်စလုံးက ကိုယ်ကျတဲ့တာဝန်ကို ကိုယ်ထမ်းဆောင် နိုင်ဖို့လိုတယ်။

မေး။ ။ သေဒဏ်ပေးနိုင်တာနဲ့ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့် အထိ သွားတယ်ဆိုတော့ ဘယ်လိုဖြစ်လို့ပါလဲ။

ဖြေ။ ။ သေဒဏ်အတည်ပြုခွင့် အာဏာသည် သမ္မတကိုပေးထားတဲ့ လုပ်ပိုင်ခွင့်။ သမ္မတက အတည်မပြုဘူး။ အဲဒီအချိန်မှာ လွတ်ငြိမ်း ချမ်းသာခွင့်ပေါ်လာတယ်။ အဲ့ခါကျတော့ တစ်သက် တစ်ကျွန်းပြောင်း လိုက်တယ်။ နောက်တစ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်။ တစ်သက် တစ်ကျွန်းကို ထောင် ၁၀ နှစ်လို့ပြောင်းလိုက်တော့ ထောင် ၁၀ နှစ်ဖြစ် သွားရော။ အဲဒါတွေနဲ့ သေဒဏ်ပေးလိုက်ပေမယ့် ထောင်ကနေ ၇ နှစ်နဲ့ ပြန်လွတ်လာတဲ့ သူတွေရှိတယ်။ အခုတစ်ကြိမ်မှာ ကလေးသူငယ်တွေ အပေါ်ကျူးလွန်တဲ့ မုဒိမ်းသမားတွေဆိုရင် နောက်လွတ်ငြိမ်းချမ်း သာခွင့်ပေးတဲ့ အခါမှာ မုဒိမ်းမှုမပါဆိုပြီးတော့ လုပ်လိုက်ပေါ့။ ဦးနေဝင်းလက်ထက် တုန်းကလည်း မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ ပတ်သက် ရင် လုံးဝလွတ်ငြိမ်းချမ်းသာခွင့် မပေးဘူး။ တစ်စုံတစ်ရာ အကန့်ခံပြီးမှ ထားတယ်။ ထိခိုက်နစ်နာသူတွေက သဘောမတူတဲ့အမှုတွေဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ထဲ ထည့်ရင်တောင် အနိမ့်ဆုံး ထောင် ၃ နှစ်လို့ သတ်မှတ်ထားတာရှိတယ်။ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်း သာခွင့် ပေးတဲ့အခါမှာ ဘယ်ပြစ်မှုအမျိုးအစားတွေ မပါဘူး။ ပါခဲ့ရင်လည်း ဘယ်လိုဆိုတဲ့ ဟန့်တားနိုင်တဲ့ နည်းကတော့ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ဖို့ပဲရှိတယ်။

မေး။ ။ စိတ်မနှံ့သူတို့ ဆွံ့အနားမကြားတို့ဆိုရင်ရော။

ဖြေ။ ။ အဲဒါမျိုးတွေကိုလည်း သေဒဏ်ထဲထည့်ရမယ်။ ဆွေးမျိုး သားချင်း ရဲ့ အသနားခံစာက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ သက်သေခံ မဝင် ဘူး။ သက်သေခံမဝင်တာကိုတော့ တရားရုံးက ထောက်ထားခွင့်မရှိဘူး။ သေဒဏ်ပေးကို ပေးရမှာပဲ။ ၃၀၂(၁) မှာပေါ့။ လွှတ်တော်မှာ ကျွန်တော် တင်ခဲ့သလိုပဲ။ ကလေးသူငယ်တွေကို မုဒိမ်းမှုကျူးလွန်ရင် သေဒဏ် ပေးလိုက်။ အဲဒီလိုပဲ ဆွေမျိုးသားချင်း ရင်းချာတွေကို ကျူးလွန်တဲ့သူတွေ ဆိုရင် လည်း သေဒဏ်ပေးလိုက်။ စိတ်မနှံ့သူ၊ ချိနဲ့သူ တွေကိုကျူးလွန်ရင် သေဒဏ်ပေးလိုက်။ အဲဒီလိုပဲ သက်ကြီးရွယ်အိုတွေ ၆၀ ကျော်တွေပေါ့။ အဲဒီလို လူတွေကို မုဒိမ်းမှု ကျူးလွန်ရင် သေဒဏ်ပေးလိုက်။ အဲဒီလို လုပ်မှ ရတော့မယ်။ ကျွန်တော် အတိအလင်းပြောထားတာရှိတယ်။ မုဒိမ်းသမား တစ်ရာကို သေဒဏ်ပေးရင် ကျွန်တော်တို့လူ ၁၀ သန်းကို ကာကွယ်နိုင်မယ်။ လူဦးရေရဲ့ ငါးပုံတစ်ပုံကို ကာကွယ်မလား။ လက်တစ် ဆုပ်စာ မုဒိမ်းကောင်တွေ ကျူးလွန်တာကို လက်ပိုက်ကြည့်နေပြီးတော့ မထိရောက်တဲ့ ပြစ်ဒဏ်တွေနဲ့ စခန်းသွားနေရင် တော့ ၂၀၁၃ ကတည်း က ထောက်ပြခဲ့တဲ့ အတိုင်းပဲ ကြောက်ခမန်းလိလိဖြစ်လာပြီ။ ကလေး သူငယ်တွေ မုဒိမ်းကျင့် ခံရကြောင့် စိတ်ပိုင်း ရုပ်ပိုင်း ဒဏ်ရာရခဲ့တာ မှန်သမျှဟာ ဥပေဒအရ ထိရောက်စွာ မကာကွယ်ပေးနိုင်တဲ့ လူတွေ အားလုံးမှာ တာဝန်ရှိတယ်။ အထူးသဖြင့် လွတ်လပ် လုံခြုံ ဖွံ့ဖြိုးအောင် လုပ်ပေးမယ်လို့ ရွေးကောက်ပွဲ မှာ ကတိပေးလာပြီးတော့ ဒီနေ့ အာဏာ ရယူထားတဲ့သူတွေ တာဝန်ရှိသူတွေအဖြစ် နောင်သမိုင်းမှာ မှတ်တမ်းတင် ခံရမယ်လို့ ဒီလိုပဲယူဆတယ်။

မေး။ ။ ကလေးသူငယ်ကို ၁၄ နှစ် အရွယ်ကနေ ၁၆ နှစ်လို့ ပြောင်းလိုက် တာ ဆိုးကျိုးကောင်းကျိုး ဘာဖြစ်လာလဲခင်ဗျ။

ဖြေ။ ။ အသက် ၁၆ နှစ်လို့ သတ်မှတ်ထားခြင်းအားဖြင့် ကလေးတွေ အတွက် ပိုလုံခြုံတာပေါ့။ အဲဒါတွေက ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြု တာတွေကိုပါ ဟန့်တားနိုင်တယ်။ အချို့ ဘာသာရေးအယူသီးတဲ့ တချို့နိုင်ငံတွေမှာ အသက်ငယ်ရွယ်သူတွေကို အတင်းအိမ်ထောင် ပြုခိုင်းနေတာလေ။ အဲဒီအရွယ်က ကိုယ်ဝန်ဆောင်မိခင်ဖြစ်ဖို့ အဆင် သင့် အနေအထားမဖြစ်သေးဘူး။ အဲဒီလိုကန့်သတ်လိုက်တာကတော့ ဒီနေ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ပဲပြောပြော၊ လူ့အခွင့်အရေးနဲ့ပဲ ပြောပြော မိခင်တွေရဲ့ ကျန်းမာရေးအရပဲပြောပြော အင်မတန် သင့်တင့်တဲ့ သတ်မှတ်ချက်ပါ။ ကျွန်တော်တို့ လက်ထက် ပထမအကြိမ်မှာ ပြင်ဆင်ခဲ့တာပါ။

မေး။ ။ သက်ငယ်မုဒိမ်းသေဒဏ်ပေးရေး အတွက် ထင်ပေါ်တဲ့သူတွေ ပါဝင်မှုကရော ဘယ်ရောက် အရေးပါသလဲ ခင်ဗျ။

ဖြေ။ ။ သူတို့တွေပါဝင်မှုကတော့ ပြည်သူတွေ စိတ်ဝင်စားမှုရှိတာပေါ့။ ဒါပေမယ့် ပါဝင်တဲ့သူတွေကို အများစု ကြည့်လိုက်ရင် တချို့က NGOတွေ ၊ INGO တွေ ပတ်သက်ပြီးတော့ ဆက်နွယ်နေတဲ့သူတွေ။ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင် ကလေးသူငယ်သေဒဏ် ပေးရေး တင်လာတဲ့အချိန်မှာ အဲဒီလူတွေက လမ်းလွဲတဲ့ အနေနဲ့ ကလေးသူငယ်မုဒိမ်းမှုကို ထိရောက်စွာ အရေးယူပေးပါလို့ ပြောလာ တာတွေရှိတယ်။ သေဒဏ်ကို ဖျောက်ပြီးပြောကြတယ်။ သေဒဏ်ပေး လိုက်ရင်ပဲ လူ့အခွင့်အရေးကြီးကို ထိပါးသလိုလို ပြောလာတာတွေ ရှိတယ်။ ကျွန်တော် ကိုယ်တိုင်လည်းပွဲတစ်ခုမှာ နာမည်ကြီးတဲ့ ရုပ်ရှင် မင်းသမီး မော်ဒယ်ဂဲ တစ်ယောက်က သေဒဏ်ကို မထိရဲဘူး။ တချို့ ဆိုရင်လည်း သေဒဏ်လို့မပြောဘဲ ထိရောက်တဲ့ ပြစ်ဒဏ်ဆိုတာ ကျွန်တော်နဲ့လမ်းကြောင်း မတူဘူး။ အခုသေဒဏ်အတွက် လက်မှတ် လိုက်ယူနေတဲ့ သူတွေကို ကျွန်တော်လည်း မသိဘူး။ အခု လိုက်ကောက် နေသူတွေကတော့ နာမည်ကြီးသူတွေတော့ မဟုတ်ဘူး။ မခံချင်လို့ လုပ်လာတဲ့ လုပ်ငန်းပေါ့။ အခုဟာက လူထုက မခံမရပ်ဖြစ် လာပြီးတော့ လှုပ်ရှားလာတာက ပိုကောင်းတယ်။ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သေဒဏ်ပေးပါလို့ တောင်းဆိုတာ မုဒိမ်းကျင့်ခံရပြီး ကွယ်လွန်သွားတဲ့ ၂ နှစ်ကျော် ကလေးတွေ အပါအဝင် ရက်ရက်စက်စက် ပန်းကောင်း အညွန့် ချိုး ခံလိုက်ရတဲ့ ကလေးတွေအတွက် ရပ်တည်တဲ့ ပြည်သူလူထုက လှုပ်ရှားတဲ့ အတွက် လူထုဆန္ဒဖော်ထုတ်မှုတွေကို အလေးဂရု လည်းပြု တယ်။ အဲဒီ့လူထုနဲ့ထပ်တူ ရှိကြောင်း အခါအခွင့်ရတိုင်း ထုတ်ပြောနေ မှာပါ။

မေး။ ။ အခုတောင်းဆိုမှုတွေကြောင့် အစိုးရအနေနဲ့ ဘာလုပ်သင့်သလဲ။

ဖြေ။ ။ အစိုးရက သူကိုယ်တိုင်ဆုံးဖြတ်ရမှာပေါ့။ ကလေးသူငယ် မုဒိမ်း မှုနဲ့ ပတ်သက်ပြီး သေဒဏ်ပေးဖို့ သောသောညံအောင် တောရောမြို့ပါ တောင်းဆိုနေတဲ့ အချိန်မှာ ဒီအစိုးရလုပ်တာ ကျွန်တော်မြင်တာတော့ ငြိမ်း၊စု၊စီ ဥပဒေကို ပြင်ပြီးတော့ ဆန္ဒပြပိုင်ခွင့်တွေကို ပိုပြီး ကန့်သတ်တဲ့ ဘက်ကို အလေးပေးနေတာ ကျွန်တော် တွေ့တယ်။ ငွေဖြူငွေမည်း ပြသနာတွေနဲ့ အခွန် ၂၅ ရာခိုင်နှုန်းနဲ့ ၃ ရာခိုင်နှုန်းဖြစ်နေတဲ့ အချိန်မှာ ဒီအစိုးရကို ဘာလုပ်ပါလို့ မပြောတော့ဘူး။ ဘာလို့မပြောချင်လဲဆိုတော့ ဒီဥပဒေတွေ တင်ခဲ့တဲ့ အချိန်တုန်းက NLD အမတ် ၄၀ ကျော် လွှတ်ေ တာ် မှာ ရှိတာပဲ။ ကလေးသူငယ်ဥပဒေကို ပြင်ဖို့ ကျွန်တော် တင်တုန်း ကပဲ ဒေါ်စန္ဒာမင်း အပါအဝင် NLD အမတ် ကိုးယောက် ဆယ်ယောက် လောက် ထောက်ခံခဲ့တာရှိတယ်။ အဲဒါကိုတော့ အမြဲတမ်း အမှတ်ရ ထားပါတယ်။ ကျန်တဲ့အချိန်မှာတော့ မထောက်ခံကြပါဘူး။ ထောက်ခံ ခဲ့တဲ့ ကိုးယောက် ဆယ်ယောက်ကလည်း နောက်ပိုင်းမှာ အကြောင်း ကြောင်းကြောင့် ထောင်ခံတဲ့ သဘောထားတွေ မဖော်ပြနိုင် တော့ဘူး။ သူတို့ဟာ ၂၀၁၂ လွှတ်တော်ရောက်ပြီး ၂၀၁၃ ၊၂၀၁၄ ၊ ၂၀၁၅ ကျွန်တော် ကြိုးပမ်းတုန်းက လွှတ်တော်မှာ ရှိတဲ့သူတွေပဲ။ အဲဒီလူတွေ ထဲက ကျွန်တော့်ဘေးမှာ ထိုင်တဲ့ ဒေါ်စုစုလွင်ဆိုရင် သမ္မတကတော် တောင် ဖြစ်နေပြီပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်ထောင်စု လွှတ်တော် မှာ ကျွန်တော်နဲ့ဘေးမှာ တစ်နှစ်ကျော်လောက် အတူတူ နေခဲ့တာပဲ။ ဘာလုပ်သင့်လဲဆိုတာ သူတို့သိတာပဲ။ ဘယ်သူက ဆုံးဖြတ်နိုင်လဲ ဆိုတာလည်း အားလုံးသိတာပဲ။ အဲဒီ့ပုဂ္ဂိုလ်ရဲ့ ဆန္ဒ အပေါ်မှာပဲ မူတည်နေပါတယ်။

ဟုတ်ကဲ့ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#တွေ့ဆုံမေးမြန်းသူ သျှင်ရဲထွဋ်

Leave a Reply