ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့အတွက် တင်ပြပေးလိုက်ပါတယ်။

0
214

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၈

အရင်ဆုံးတင်ပြချင်တဲ့သတင်းကတော့ ရခိုင်ပြည်နယ်မှာ ဗုံးပေါက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မနက်ပိုင်းက ဗုံး ၃ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်း တွေ့ခဲ့ရပါတယ်။ တရားခံ ဘယ်သူဆိုတာတွေ သက်ဆိုင်ရာက မထုတ်ပြန်သေးပါဘူး။ အခုလို ပေါက်ကွဲမှုတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အနှောင့်အယှက် ဖြစ်ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သုံးသပ်လိုက်ပါတယ်။ အလားတူပဲ ယခင်က ပြည်သူ့လွှတ်တော်မှာ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူရ ဦးရွှေမန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပဲ့ထွက်အောင် လုပ်နေကြတဲ့အပေါ် သတိထားဖို့ ပြောကြားလာခဲ့ပါတယ်။ မြန်မာနိုင်ငံက နယ်မြို့တွေ ဖြစ်တဲ့ လားရှိုး ၊ စစ်တွေ စတဲ့နေရာတွေမှာ အခုတစ်ပတ်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေပါတယ်။ တရားခံကိုတော့ ခန့်မှန်းလို့ မရသေးပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့လည်း အခုရက်အတွင်းမှာ လုံခြုံရေးကို ပိုပြီး အထူးအလေးထားလာတယ်လို့ သတင်းတွေ ထုတ်ပြန်လာကြပါတယ်။ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဟာ နယ်မြို့တွေက တဆင့် လူဦးရေ ထူထပ်တဲ့ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် စတဲ့ နေရာတွေကို ကူးစက်မလာဘူးလို့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ လူဦးရေ ထူထပ်တဲ့ မြု့ကြီးတွေမှာသာ ပေါက်ကွဲမှုတွေ ဖြစ်လာရင် အများပြည်သူတွေရဲ့ သေကြေပျက်စီးမယ့် အရေအတွက်ဟာ ပိုပြီး များပြားလာဖို့ ရှိနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ လူနေထူထပ်တဲ့ မြို့ကြီးတွေ အပါအ၀င် နေရာတော်တော် များများမှာ လုံခြုံရေး သတိထားပြီး ဗုံးအန္တရာယ် ကင်းရှင်းရေးတွေကို နေ့ညမပျက်ဆောင်ရွက်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

အခုတစ်ခါတော့ ရန်ကုန်က ဂျိုးဖြူရေထဲမှာ မစင်တွေ ပါနေတဲ့ သတင်းကြောင့် ပြည်သူလူထုအကြား ဂယက်ထခဲ့ရတဲ့ သတင်းကို တင်ပြပါမယ်။ မြန်မာနိုင်ငံရဲ့ အသည်းရောဂါ အထူးကုဆရာဝန် ဒေါက်တာခင်မောင်ဝင်းက လွန်ခဲ့တဲ့ နှစ် ၂၀ က ရန်ကုန်မြို့ထဲက မြို့တွင်းလေးမြို့နယ်ဖြစ်တဲ့ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော် နဲ့ ကျောက်တံတား မြို့နယ်တွေမှာဂျိုးဖြူပိုက်က လာတဲ့ သောက်သုံးရေတွေ ကို အမျိုးသား ဓာတ်ခွဲခန်းမှာ စစ်ဆေးတဲ့အခါ မစင်တွေ ပါနေတယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားလာခဲ့ပါတယ်။ အဆိုပါ ကိစ္စအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေနဲ့ သန့်ရှင်းရေးဌာနကလည်း ဖြေရှင်းချက်တွေ ထုတ်ပြန်ခဲ့သလို ရန်ကုန် မြို့တော်ဝန်ကလည်း ဖြေရှင်းချက်တွေ ဆက်တိုက် လုပ်လာခဲ့ရပါတယ်။ ပြည်သူတွေကတော့ သူတို့ရဲ့ လူမှုကွန်ယက်တွေပေါ်မှာ ဂျိုးဖြူရေ မစင်ပါတဲ့ ကိစ္စကို စိုးရိမ်စိတ်နဲ့ ရေးသားမေးမြန်းမှုတွေ သရော်မှုတွေနဲ့ စတေးတပ်တွေ ရေးသားလာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အခြေအနေတစ်ခုကို အသည်းအထူးကု ဆရာဝန်ကြီးအနေနဲ့ ဘာကြောင့် အခုမှ ထုတ်ဖော်ပြောဆိုရတာလဲ ဆိုတာကတော့ ကာယကံရှင်သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ မြို့နေပြည်သူတွေကတော့ အဆိုပါ သတင်းကြောင့် ကိုယ်သုံးစွဲမယ့် ရေတွေအပေါ် စိုးရိမ်စိတ်နဲ့ သံသယ ၀င်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေခဲ့ပါတယ်။အခုကိစ္စအတွက် ရန်ကုန်မြို့တော်ဝန်က ဒေါက်တာခင်မောင်ဝင်းကို တိတိကျကျ လာရှင်းဖို့ ဖိတ်ခေါ်မှုတွေလည်း ပြုလုပ်ထားပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာအနေနဲ့ အသည်းအထူးကု ဆရာဝန်ကြီးကို ခေါ်ပြီး မီဒီယာ ၊ စည်ပင် နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ထိပ်တိုက်စုံပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးလိုက်မယ်ဆိုရင် အများပြည်သူအနေနဲ့ အမြင်ရှင်းပြီး စိုးရိမ်စိတ်တွေ သက်သာလာမယ်လို့ အကြံပြုလိုက်ပါရစေ။

ဒီတစ်ခါတင်ပြချင်တာကတော့ လွှတ်တော်မှာ ထပ်မံပြင်ဆင်ဖို့လုပ်နေတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေအကြောင်းပဲ ဖြစ်ပါတယ်။ အခုပြင်ဆင်မယ့် ငြိမ်း စု စီ ဥပဒေမူကြမ်းဟာ လူထုကို ဖိနှိပ်တဲ့ ဥပဒေ ဖြစ်နေတယ်လို့ ယခင်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဆိုလိုက်ပါတယ်။ လူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ အစိုးရလက်ထက်မှာ လူထုကို ဖိနှိပ်မယ့် ဥပဒေတွေဟာ မရှိသင့်တော့တဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ ဒါပေမယ်လည်း ငြိမ်းစုစီ ဥပဒေဟာ အရင်အစိုးရ လက်ထက်မှာ ၂ ကြိမ် ၊ အခု အစိုးရလက်ထက်မှာ ၂ ကြိမ် ပြင်ဆင်ဖို့ လုပ်လာခဲ့တာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်ပြင်ဆင်မယ့် ကိစ္စမှာတော့ ဆန္ဒပြတဲ့လူတွေကို စပွန်ဆာပေးတဲ့ အဖွဲ့အစည်းတွေကိုပါ ဖော်ထုတ်အရေးယူဖို့ ကိစ္စတွေပါ ပါဝင်နေပါတယ်။ ပြင်ဆင်ချက် ဥပဒေတွေဟာ ယေဘူယျဆန်နေပြီး လူထုကို ဖိနှိပ်နေတဲ့အတွက် လုံးဝ ဖျက်သိမ်းရမယ့် ဥပဒေတစ်ခုဖြစ်နေ တယ်လို့ ဒေါ်ညိုညိုသင်းက ဆိုလိုက်ပါတယ်။ ပြည်သူလူထုဟာ အဆင်မပြေမှု မကျေလည်မှုတွေကို ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်မှာ ခွင့်ပြုမိန့်တွေ တင်ကြရပါတယ်။ ခွင့်ပြုမိန့် မရရင်တော့ ဆန္ဒပြခွင့် မရပါဘူး။ ခွင့်ပြုမိန့် မရဘဲ ဆန္ဒပြရင်တော့ အရေးယူခြင်း ခံကြရပါတယ်။ ဒီမိုကရေစီအစိုးရလက်ထက်မှာ အခုလို ဒိမိုကရေစီ အခွင့်အရေးဆုံးရှုံးနေရတဲ့ ဥပဒေတွေဟာ မရှိသင့်သလို အရင်အစိုးရ လုပ်ခဲ့တဲ့ ဥပဒေတစ်ခုကို မပယ်ဖျက်ဘဲ ပြင်ပြီး ဆက်သုံးနေတဲ့ အစိုးရ လွှတ်တော်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရပါတော့တယ်။

နောက်ထပ်တင်ပြမယ့် သတင်းကတော့ လာရှိုးက ရိုးမဘဏ်အနီး ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွက် ရဲတပ်ဖွဲ့က CCTV ကနေတဆင့် တရားခံကို ခြေရာကောက်နေတဲ့ သတင်းကို တင်ပြပါမယ်။ ရှမ်းပြည်နယ် ရဲမှူးကြီးရဲ့ အဆိုအရ လာရှိုးမြို့ ရိုးမဘဏ်အနီး ပေါက်ကွဲမှုအတွက် မသင်္ကာစရာ လူတစ်ယောက်ကို CCTV ကနေ ခြေရာခံထားမိပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း CCTV ကင်မရာဟာ ပေါက်ကွဲမှု ဒဏ်ကြောင့် ထိခိုက်မှုတွေ ရှိထားတဲ့အတွက် တရားခံရဲ့ သွင်ပြင်ဟာ ကွဲပြားမှု သိပ်မရှိဘူးလို့ သိရပါတယ်။အဆိုပါ ပေါက်ကွဲမှုမှာ ဘဏ်ဝန်ထမ်း အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တရားခံ ဖမ်းမိနိုင်ရေးအတွက်လည်း တပ်မတော်နဲ့ ပြည်ထဲရေးအပါအ၀င် တာဝန်ရှိသူတွေအားလုံးက ၀ိုင်းဝန်းစုံစမ်းမှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်မဲ့ပြည်သူတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခုတင်ပြမယ့် သတင်းကတော့ သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးရေး လှုပ်ရှားမှု သတင်းတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော အခြေအနေတွေအရ မုဒိမ်းမှုတွေ အရမ်း အဖြစ်များလာခဲ့ပါတယ်။ ပျိုပျိုအိုအို ကြီးကြီး ငယ်ငယ် မိန်းခလေးဆိုတာနဲ့ မုဒိမ်းကျင့်မယ်ဆိုတဲ့ အနေအထား မျိုးတွေ ဖြစ်နေပါတယ်။ မုဒိမ်းမှုအရေအတွက်ဟာ ပြည်ထဲရေး ထုတ်ပြန် ချက် အရ အချိုးချမယ်ဆိုရင် ၂ ရက်မှာ ၇မှုလောက်ကို ဖြစ်နေတဲ့ သဘောရှိနေပါတယ်။ ဒီအမှုတွေအတွက် ပြည်ထဲရေးကလည်း အတတ်နိုင် ဆုံး တားဆီးနိုင်ဖို့ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ အများပြည်သူတွေ ကတော့ သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်အထိ ပေးဖို့ကို အင်တိုက်အားတိုက် တိုက်တွန်းတောင်းဆိုနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတနဲ့ သက်ဆိုင်ရာလွှတ်တော်မှာတော့ သက်ငယ်မုဒိမ်းအတွက် ဘယ်လို ဥပဒေတွေ ပြဌာန်းပြီးဆောင်ရွက်မ ယ်ဆိုတာကို ဆွေးနွေးတာ မရှိသေးပါဘူး။ ဒါဟာ မဖြစ်သင့်တဲ့ အရာလို့ပဲ ဆိုချင်ပါတယ်။ ပြည်သူ့မဲတွေ နဲ့ တက်လာတဲ့ လူတွေ အနေနဲ့ ပြည်သူ့အသံကို အလေးထားပြီး အလုပ် လုပ်ကြပါလို့သာ တိုက်တွန်းလိုက်ပါရစေ။

ခုတစ်ခါတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ မှုခင်းသတင်းထောက်တွေအပေါ် ပြောတဲ့ မှတ်ချက်သတင်းလေးကို တင်ပြပါမယ်။ မှုခင်းသတင်းထောက်တွေ ဟာ အနိမ့်ဆုံး သတင်းထောက်တွေဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုလိုက်ပါတယ်။ မှုခင်းသတင်းထောက်တွေဟာ ညနေဆိုရင် ရဲစခန်းတွေကို စက်ဘီးလေးနဲ့ သွားပြီး ရဲစစ်ချက် တွေ ရယူပြီး သတင်းရေးရတဲ့အကြောင်း သတင်းစာ ဂျာနယ်တွေမှာ မှုခင်းသတင်းတွေ ကို တတ်နိုင်သလောက် ထိန်းသိမ်းပြီး ဖော်ပြကြတဲ့ အကြောင်း မှုခင်း သတင်းထောက်ဆိုတာအနိမ့်ဆုံးသတင်းထောက်တွေဖြစ်တဲ့အကြောင်းရန်ကုန်နည်းပညာတတ္ကသိုလ်မှာ ပြုလုပ်တဲ့ Smart Yangon ပြိုင်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ၀န်ကြီးချုပ်အနေနဲ့ အခုလို ပြောကြားတာဟာ သတင်းမီဒိယာလောကအတွက်တော့ ဟာသပျက်လုံးတစ်ပုဒ် ဖြစ်လာ ခဲ့ပါတယ်။ သတင်းထောက်ဆိုတဲ့ အလုပ်အကိုင်ကို သေချာစွာ လုပ်ကိုင်ဖူးမှ ဝေဖန်တာ ကောင်းပါတယ်။ သို့သော်လည်း နီးစပ်ရာ သတင်းစာ ဆရာကြီးတွေဆီကနေ ကြားဖူးနားဝ စကားလေးတွေကို အခြေခံပြီး စင်မြင့်ထက်မှာ ပြန်လည်ပြောဆိုလိုက်တဲ့အခါ လူအများရဲ့ ဟားစရာတစ်ခု ဖြစ်လာရပါတယ်။ ဟိုးခေတ်တွေကတော့ မှုခင်း သတင်းသမားတွေဟာ ၀န်ကြီးချုပ်ပြောသလို စက်ဘီးလေးနဲ့ ရဲစခန်းကို ပြေးပြီး သတင်းယူ သတင်းမေး သတင်းရေးခဲ့ကြတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ ယနေ့ခေတ်မှာတော့ သတင်းထောက်တစ်ယောက် ရပ်တည်ရှင်သန် ဖြစ်တည်ဖို့အတွက် အခုပြောစကားလောက် မလွယ်ကူတော့ဘူးဆိုတာ ကိုယ်တိုင် သတင်းသမားဖြစ်လာရင် သိပါ လိမ့်မယ်။ ယနေ့ခေတ်ကာလကလည်း စာပေနဲ့ သတင်းလောက အခြေအနေက အပျက်ဖက်ကို ရောက်နေရသလို ဖြစ်နေပါတယ်။ ဘ ခြောက်လုံးတောင် ရေလည်ပတ်စိအောင် မသိသူကလည်း စာအုပ်လေး တစ်အုပ်လောက်ထုတ်ပြီး ကိုယ့်ကိုယ်ကို သတင်းသမားဘွဲ့ ခံယူချင်ကြ သလို စာပေအသီးအပွင့် ဘာမှမရှိဘဲ စာပေစင်မြင့်ထက်ကို တက်ပြီး နိုင်ငံရေး မကျ စာပေမကျ ဟောပြောလာနေတဲ့ ခေတ်ကြီးထဲမှာ အခုလို ဘုမသိ ဘမသိ ဝေဖန်တာတွေကလည်း အပြောခံရသူထက် ပြောတဲ့ သူအတွက် သူဘာမှ မသိရှာဘူးဆိုတာကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်။ ဒါကြောင့် တိတ်တိတ်နေရင် ထောင်တန်ပါတယ်။ ပြောစရာရှိလာရင်လည်း တန်ဖိုးရှိတဲ့ စကားတွေ ကိုယ့်အဆင့်အတန်းနဲ့ လျော်ညီတဲ့ စကားလုံးတွေ ကိုသာ စဉ်းစားသုံးသပ်ပြီး ဝေဖန်ပြောဆို ထောက်ပြနိုင်ပါစေလို့ မေတ္တာစိတ်အရင်းခံနဲ့ အကြံပြုလိုက်ရပါတယ်။

ဒီတစ်ခါတော့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်တဲ့ ကောလာဟလ သတင်းလေးကို တင်ပြပါမယ်။ ကိုးကန့်အဖွဲ့MNDAA ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်တဲ့ သတင်းများဟာ ယခုတစ်ပတ်မှာ ထွက်ပေါ်လာခဲ့ပြီး သည်သတင်းတွေဟာ မဟုတ်မှန်တဲ့အကြောင်း မဟာမိတ်အဖွဲ့ NDAAမိုင်းလားအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့် ကပြောလိုက်ပါတယ်။ ဖေဖော်ဝါရီ၂၀ရက်နေ့ ညနေ ၄နာရီမှာ ဖုန်ကြားရှင် ဟာ တရုတ်နိုင်ငံ ကူမင်းမြို့က ဆေးရုံမှာ ကွယ်လွန်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ သည်သတင်းအတွက် တပ်မတော် ထောက်ခံ သူတွေကြားမှာ ၀မ်းသာတဲ့ အရိပ်လက္ခဏာတွေ ဖြစ်ပေါ်ခဲ့ပြီး ဖုန်ကြားရှင် သေဆုံးတဲ့ သတင်းကိုလူမှုကွန်ယက်မှာ မျှဝေခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖုန်းကြားရှင် ၈၉ နှစ်ကတော့ ကျန်းမာနေဆဲ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲပေါင်း များစွာ ဖြစ်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ဟာ ၀ပြည် သွေးစည်း ညီညွတ် ရေးပါတီ UWSA ကနိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့FPNCC အဖွဲ့ဝင် ဖြစ်ကာ FPNCC အနေဖြင့်သာ အစိုးရနှင့်ဆွေးနွေးရန်ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဖုန်ကြားရှင် ကွယ်လွန်တဲ့သတင်းဟာ မမှန်ခဲ့တဲ့အတွက် စာဖတ်သူတွေကြားမှာ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မသိဖြစ်နေခဲ့ကြရပါတယ်။

အထက်ပါ သတင်းသုံးသပ်ချက်တွေကို ပဉ္စမလှိုင်းမီဒီယာ ၊ အကုန်သိ မီဒီယာ ၊ စောင့်ကြည့်ဂျာနယ် တို့မှ တဆင့်ပြန်လည်ကောက်နုတ် တင်ပြထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply