China Southern လေကြောင်းလိုင်းလေယာဉ်တစ်စင်းပေါ်၌ ပါဝါဘန့်ခ် မီးစွဲဆောင်မှုဖြစ်

0
160

ကွမ်ကျိုး ဖေဖော်ဝါရီ ၂၆

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကွမ်ကျိုးမှ ရှန်ဟိုင်းသို့ ထွက်ခွာမည့် ချိုင်းနားဆပ်သန်း( China Southern)လေကြောင်း လိုင်းလေယာဉ်တစ်စင်း၏ ခရီးသည်ထိုင်ခုံအပေါ်ရှိ ပစ္စည်း ထားသိုရာ အကန့်ထဲ၌ထားရှိသော ပါဝါဘန့်ခ်တစ်ခု မီးစွဲလောင်မှုကြောင့် ခရီးသည် များ လေယာဉ်ပေါ်မှ အရေးပေါ်ထွက်ခွာခဲ့ရသည်။

ခရီးသည်များသည် လေယာဉ် CZ3539 သို့တက်ရောက်နေစဉ်တွင် ခရီးသည်ထိုင်ခုံအပေါ်ရှိ ပစ္စည်းသိုလှောင်အကန့်ထဲမှ မီးခိုးနှင့် မီးတောက်များကိုမြင်တွေ့ခဲ့ရကြောင်း China Southern လေကြောင်း လိုင်းက တရုတ်ရှိ မက်ဆေ့ဂ်ျပေးပို့နိုင်သည့် ဆိုက် ဝေပို၌ ထုတ်ပြန် ကြေညာ ခဲ့သည်။ မီးသတ်ဌာန၏အကူအညီဖြင့် မီးကိုငြှိမ်းသတ်နိုင် ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း လေကြောင်းလိုင်း ကပြောဆိုခဲ့သည်။

လက်ဆွဲအိတ်ပိုင်ရှင် ခရီးသည်ကိုမူ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်။ ပါဝါဘန့်ခ်ကို အသုံးပြုနေချိန်တွင် မီးစွဲလောင်ခဲ့ခြင်းမဟုတ်ကြောင်း လေကြောင်းလိုင်း၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အခြားလေယာဉ်တစ်စင်းပေါ်သို့ ခရီးသည်များကို တင်ပေးခဲ့ပြီး နောက်ဆုံးတွင် ကွမ်ကျိုးပိုင်ယန်နိုင်ငံတကာလေဆိပ်မှ ရှန်ဟိုင်း ဟွန်ခီယောက်နိုင်ငံတကာလေဆိပ်သို့ တရုတ်စံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၃ မိနစ်တွင် ရောက်ရှိခဲ့သည်။ သတ်မှတ်ထားသည့် ထွက်ခွာချိန်ထက် သုံးနာရီခန့်နောက်ကျခဲ့သည်။

လေယာဉ်အမှုထမ်းတစ်ဦးနှင့် ခရီးသည်တစ်ဦးတို့က မီးကို သောက်ရေဗူးများနှင့်ဖျော်ရည်ဗူးများမှ အရည်များဖြင့် ဖြန်းပက်နေပုံကို ရိုက်ကူးထားသည့် ဗီဒီယိုကို လူမှုမီဒီယာတွင်မြင်တွေ့ခဲ့ရသည်။ လျှပ်စစ်စကူတာ၊ စမတ်ဖုန်း၊ လက်ပ်တော့နှင့် ပါဝါဘန့်ခ်ကဲ့သို့ အီလက်ထရွန်းနစ်ပစ္စည်းများတွင် အသုံးပြုသော လစ်သီယံ အိုင်းယွန်း ဘက်ထရီများသည် မီးလောင်နိုင်ခြေရှိသောကြောင့် ခရီးသည်တင် လေယာဉ် များ၌ ကုန်ပစ္စည်းအဖြစ်တင်ဆောင်ခြင်းမပြုရန် နိုင်ငံတကာ အရပ်ဘက်ပျံသန်းရေးအဖွဲ့က ပိတ်ပင်ထားသည်။ သို့သော် လက်ဆွဲ အိတ်များ ထဲသို့ထည့်ပြီး သယ်ဆောင်ခြင်းကိုမူ ခွင့်ပြုထားသည်။

Source:CAN

ရိုးမြေ

Leave a Reply