NCAလက်မှတ်ထိုးထားသော KNUနှင့် NMSP တို့တိုက်ပွဲဖြစ်ပွား

0
194

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ၊ ၂၀၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCAတွင် လက်မှတ် ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး KNUနှင့် မွန်ပြည်သစ်ပါတီ NMSPတို့သည် တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်အတွင်းတွင် သစ်ထုတ် လုပ်မှုကြောင့် ဖေဖော်ဝါရီ ၂၄ရက်နေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း NMSPဗဟိုကော်မတီအဖွဲ့ဝင်နိုင်ရွှေသိန်းကပြောသည်။

“ကျွန်တော်တို့ဌာနချုပ်နဲ့တော်တော်ကိုနီးကပ်တဲ့အခြေအနေ ၁နာရီ ၂နာရီလောက်လမ်းလျောက်ရင်ရောက်တဲ့နေရာ မျိုးမှာလာပြီး နေရာချ ထားတာ ပြီးတော့ ကျွန်တော်တို့ တားမြစ်ထားတဲ့ သစ်တောလည်း ဖြစ်နေတယ်”ဟု နိုင်ရွှေသိန်းက အတည်ပြုပြောဆိုသည်။

တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိသော်လည်း သေဆုံးသူ မည်မျှ ရှိသည်ကိုမူသိရှိရခြင်းမရှိသေးကြောင်း နိုင်ရွှေသိန်းက တဆက်တည်း ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၃ရက်နေ့က ကရင်လူမျိုး ၄၈ဦး ၊ ဆင်၂ကောင်နှင့် သစ်ဖြတ် စက်များကိုဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သတ်၍ KNUနှင့် NMSPတို့ ရေးမြို့နယ် ၀ယ်ဇင်ကျေးရွာ၌တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ဘုရားသုံးဆူမြို့တွင် ခရိုင်အဆင့်တွေ့ဆုံ ဆွေးနွေးရန် ဆောင်ရွက်နေစဉ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဥာဏ်

Leave a Reply