အနံဆိုးများထွက်ပေါ်နေသည့် ထားဝယ်ချောင်အမှိုက်ပုံ ရွှေ့ပြောင်းရေး ဆောင်ရွက်မည်

0
150

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ၊ ၂၀၁၈

အနံဆိုးများထွက်ပေါ်နေသည့် ထားဝယ်ချောင် အမှိုက်ပုံရွှေ့ပြောင်းနိုင်ရေး အတွက် အနီးဝန်းကျင်ရှိဒေသခံများက စာရေးသားကန့်ကွက်ပါက မြို့တော်ဝန်ထံသို့ ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ကပြောသည်။

“လိုအပ်လို့ရှိရင် ရပ်ကွက်နေပြည်သူတွေရော ဘုန်းကြီးကျောင်းတွေ ကရော စာတွေရေးပြီးမြို့တော်ဝန်ဆီတင်ပြနိုင်ရင် တော့ကောင်းတာပေါ့။
သူတို့ကလည်းအကူအညီတောင်းမယ်ဆိုရင်ကိုယ်လည်းဝိုင်းလုပ်ပေးမှာပေါ့။ကိုယ့်ဆီစာပို့ပေး မယ်ဆိုပြန်ဆက်ပို့ပေးမှာပေါ့ ပြောမှာပေါ့”ဟု ဦးတင်မြင့်ကပြောသည်။

ဖေဖော်ဝါရီ ၂၀ရက်နေ့ကကျင်းပခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး (ဆဋ္ဌမ)မြောက်နေ့တွင် ထားဝယ်ချောင်အမှိုက်ပုံမှာ အနံဆိုးများထွက်ပေါ်လျက်ရှိပြီး တစ်မိုင် ပတ်လည် အတွင်း ပျံနှံလျက်ရှိသောကြောင့် ပြည်သူလူထု ကျန်းမာရေး ထိခိုက်လျက်ရှိသဖြင့် အမှိုက်ပုံအားဖျက်သိမ်းရန်(သို့မဟုတ်) လူနေ ရပ်ကွက်များနှင့်ဝေးသည့်အခြားနေရာများကို ပြောင်းရွှေ့နိုင်ရန် အစီအစဉ် ရှိမရှိကို ဦးတင်မြင့်က လွှတ်တော်တွင် မေးမြန်းခဲ့သည်။

မေးမြန်းမှုကို ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက မြေနေရာ ရှာဖွေ ရာတွင်အခက်အခဲရှိနေပြီး သင့်တော်သည့်မြေ နေရာရှာဖွေတွေ့ ရှိပါ ကပြောင်းရွှေ့ဆောင်ရွက်သွားမည်ဖြစ်ကာ လူနေထူထပ်မှုနှင့် မြေနေရာ ရှာပါးလာမှုကြောင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများကို အဆင့်မှီ နည်းပညာများနှင့် အမှိုက်မီးရှို့ခြင်းမှစွမ်းအင်ထွက်နိုင်ရန်တည်ဆောက်နိုင် ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“တို့တွေလည်းဒီလိုပဲသည်းခံပြီးနေလာတာနှစ်ကတော်တော်ကြာပြီ။ တို့တွေပြောတော့လည်း တကယ်လုပ်ပေးရမယ့် သူတွေက မလုပ်ပေး ရင်လည်းဘာတက်နိုင်မှာလဲ”ဟု အမှိုက်ပုံနှင့် အနီးရှိ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကမိန့်ကြားသည်။

အမှိုက်ပုံနှင့်ကပ်လျက်တည်ရှိသည့် တိုးချဲ့(၁)ရပ်ကွက်အတွင်းတွင် ဘုန်းကြီးကျောင်း ၁၀၀ကျော်ရှိပြီး အနံဆိုးများကို ပြင်းထန်စွာခံစားရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

“အစ်ကိုတို့နေတဲ့နေရာဆို နည်းနည်းဝေးတယ်ဆိုပေမယ့် ညနေခင်း နဲ့ညဘက်တွေဆိုတော်တော်အနံဆိုးလာတယ်။ ညဘက်တွေဆို အိမ်တံခါးပိတ်ထားရတဲ့အထိကိုဖြစ်တယ်”ဟု အဆိုပါဒေသခံကဆိုသည်။

ထားဝယ်ချောင်အမှိုက်ပုံကို အများပြည်သူ ကျန်းမာရေး မထိခိုက်စေရန် ထုံးဖြူးဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိသည် ဟုမြို့တော်ဝန်က ပြောဆိုခဲ့သည်။

“လောလောဆယ်တော့အဲ့ကိစ္စဘာမှစီစဉ်ဆောင်ရွက်ထားတာမရှိသေးဘူး။ သူတို့က အမှိုက်ပုံကိုတစ်ပတ်ကိုသုံးကြိမ် ဆေးဖြန်းတယ်လို့တော့ပြော တယ်။ အဲ့တာတော့သွားကြည့်ရအုံးမယ်။ ဘာတွေဖြစ်နေလဲ ဆိုတာ”ဟု ဦးတင်မြင့်က ပြောသည်။

ထားဝယ်ချောင်အမှိုက်ပုံမှထွက်ရှိလာသည့်အနံဆိုးများသည် ငါးမိုးရိပ် ချောင်းကိုကျော်လွန်၍ တဖက်ကမ်းရှိ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်အထိပင်ခံစားရကြောင်း ရွှေပေါက်ကံမြို့သစ် တွင်နေထိုင်သူတစ်ဦးက ဆိုသည်။

ထားဝယ်ချောင်အမှိုက်ပုံမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်များနှင့်ထိစပ်လျက်ရှိပြီး အမှိုက်ပုံဧရိယာ ၁၀၄ ဒဿမ၀၄ ဧကကျယ်ဝန်းကာ ၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ စတင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အရှေ့ပိုင်း ခရိုင် ၇မြို့နယ် ၊တောင်ပိုင်းခရိုင်မှ ၇မြို့နယ် ၊စက်မှုဇုန်နှင့်ရွှေတိဂုံစေတီတော်မှထွက်ရှိသည့် အမှိုက် တစ်ရက်တန်ချိန် ၈၀၀ ကျော်စွန့်ပစ်ကြောင်းသိရသည်။

ကိုဥာဏ်

ပုံစာ – ရဟန်းရှင်လူ ပြည်သူများကို နေ့စဉ်နဲ့အမျှ အနံ့ဆိုးများ ပေးနေသော ထားဝယ်ချောင် အမှိုက်ပုံ

ဓာတ်ပုံ – LMA

Leave a Reply