၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ်အမှုမှ သက်သေခံများ ပယ်ချ

0
162

မန္တလေး၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရုံးချိန်းတွင် တရားလို ကိုကျော်မျိုးရွှေ၏ တင်ပြထားသည့် သက်သေခံအားပယ်ချခဲ့သည်။

တရားလို ကိုကျော်မျိုးရွှေက သက်သေခံအဖြစ်တင်ထားသည့်ဖုန်းတွင် ဖုန်းအတွင်း မည်သည့်သက်သေခံပုံမှ မပါရှိသောကြောင့် ယင်းသက်သေ ခံဖုန်းအား ပယ်ချခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စက မမှန်မကန်သက်သေခံတာဖြစ်တဲ့ ကျွန်တော်တို့ နောက် တစ်ပတ်ရုံးချိန်းမှာ မမှန်မကန်သက်သေခံမှုနဲ့ တရားရုံးကနေ အရေးယူပေးဖို့ရာ လျှောက်ထားသွားမှာဖြစ်တယ် ။´´ ဟု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့် က ပြောသည်။

တရားလို ကိုကျော်မျိုးရွှေအနေဖြင့် ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာန က တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားသည့်အတွက် ထောင်အတွင်း အချုပ်ကျခံနေရသည်။

“ကျန်းမာရေးအခြေအနေကတော့ နေလို့မကောင်းဘူး ။ ဒါပေမယ့် ထောင်က အရင်တုန်းက ပုံစံမဟုတ်တော့ပဲ ပြောင်းလဲသွားပါပြီ ။ ရှေ့ရှေ့က နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်မှုကြောင့် ပြောင်းလဲသွားပါပြီ” ဟု ကိုကျော်မျိုးရွှေက ပြောသည်။

မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်ဖြင့် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ က ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့်အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခြင်းဖြစ်သည်။

ရုံးချိန်းကို မတ်လ ၁၂ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် တရားရုံး က သိရသည်။

နိုင်လင်းဦး

Leave a Reply