စစ်တွေ ဗုံးပေါက်ကွဲမှု သံသယရှိသူ ၄ ဦးကို ချုပ်ရက် ရမန်ယူ

0
149

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အခြေစိုက်သည့် အစိုးရရုံးဌာနများ အနီး ဗုံး သုံးလုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယ ရှိသူ ၄ ဦးကို ဖမ်းဆီးထားကာ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့နယ် တရားရုံးတွင် ချုပ်ရက် ယမန်ယူခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် သံသယရှိလေးဦးမှာ ရခိုင်အမျိုးသားကောင်စီ (ANC) ကိုနိုင်စိုး၊ ကိုသန်းရွှေ၊ ကိုရွှေထွန်းအောင်နှင့် ဦးမောင်ဦးမြင့် တို့ဖြစ်ပြီး ၄င်းတို့ လေးဦးစလုံးသည် စစ်တွေဒေသခံများဖြစ် ကြောင်း သိရသည်။

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ချုပ်ရက်ရမန်ကို မတ်လ ၁၂ ရက်အထိ ရမန်ကြီး ယူခဲ့ခြင်းလည်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းထားသူလေးဦးတွင် ကိုနိုင်စိုး (ခ) မဲလုံးသည် နိုင်ငံရေးအကျဉ်းသားဟောင်းအဖြစ်၊ တပ်မတော် အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် ဖောက်ခွဲရေး၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံခဲ့ရသူဖြစ်ပြီး နောက်တစ်ဦးမှာ စစ်တွေမြို့လမ်းသစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတို့ ပါဝင်ကြောင်းလည်း သိရသည်။

“ အခုဖမ်းထားတဲ့ လေးယောက်မှာ နှစ်ယောက်လောက်ကို သိတယ်။ မိသားစုနဲ့ အေးဆေးနေတတ်တဲ့ သူတွေ။ ဖောက်ခွဲရေးနဲ့ပတ်သက်ပြီး ထောင်တွေဘာတွေတော့ ကျဖူးတယ်။ ဒါပေမယ့် စစ်တွေပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တော့ ဆက်စပ်နိုင်မယ့် အနေအထားတော့ မတွေ့ရဘူး” ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုး က သုံးသပ်ပြောကြား သည်။

ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ပြည်နယ်အစိုးရရုံးများ စိုက်ရာ စစ်တွေမြို့နေရာ သုံးခုတွင် တစ်ပြိုင်နက် ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်သေးသည့် ဗုံးသုံးလုံးလည်း တွေ့ရှိခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦအချိ့ ပျက်စီးသွားခဲ့ပြီး လူနှစ်ဦး မစိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့သည်။ ပေါက်ကွဲမှုသည် မည်သူ့ လက်ချက်ဖြစ်သည်ကို မစုံစမ်းနိုင်သေးသော်လည်း စစ်တွေမြို့တွင် နေထိုင်သူ လေးဦးကို ဖမ်းဆီးထားပြီး ယနေ့တွင် ချုပ်ရက် ရမန်ကြီးယူခဲ့ခြင်းလည်း ဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply