ဒီမိုကရေစီအစိုးရဟာ မျှော်လင့်သလောက်တော့ မဖြစ်သေးဘူးလို့ ဆိုလာတဲ့ ဒေါက်တာ ဒေါ်ညိုညိုသင်း

0
187

ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ဒေါက်တာညိုညိုသင်းနဲ့ ပဉ္စမလှိုင်း မီဒီယာတို့ တွေ့ဆုံမေးထားမှုကို စာဖတ်သူများအတွက် တင်ပြပေးလိုက်ပါတယ်။

မေး ။ ။ အန်တီအနေနဲ့၂၀၁၅ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပိုင်း ဘယ်အဖွဲ့အစည်းအနေနဲ့ရပ်တည်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါသလဲ။

ဖြေ ။ ။ အန်တီကတော့အစကတည်းက တသီးပုဂ္ဂလအနေနဲ့ ရပ်တည် ထားတာလေ။ တသီးပုဂ္ဂလအနေနဲ့ပဲ လွှတ်တော်ထဲမှာ ၂၀၁၂ ကတည်းက ရပ်တည်ခဲ့တာပေါ့ ။ အခုလည်း ဘယ်နိုင်ငံရေးပါတီ ကိုမှ ကိုယ်စားမပြုဘူး။ တသီးပုဂ္ဂလအနေနဲ့ပဲရပ်တည်နေတယ်။ အန်တီက ဥပဒေဒေါက်တာဘွဲ့ရခဲ့တာဖြစ်တယ် ။အန်တီရဲ့ပညာတွေကို ပေးတဲ့ ဥပဒေကျောင်းရှိတယ် ။ အန်တီထောင်ထားတဲ့ ရန်ကုန်စောင့်ကြည့် လို့ခေါ်တဲ့အဖွဲ့ရှိတယ် ။အဲ့ဒီအဖွဲ့ကနေ အန်တီ တို့က လိုအပ်တဲ့ နေရာတွေကို ဥပဒေရေးရာအထောက်အကူပေးတယ်ပေါ့ ။ ဥပဒေအရ အထောက်အကူပေးတာ ရှေ့နေ တွေဘာတွေလိုက်ပေးတာမဟုတ်ဘူး။ စည်ပင်သာယာရေး ကိစ္စတွေနဲ့ပတ်သတ်ပြီးတော့ ဥပဒေပြုပြင်ပြောင်းလဲ မှုတွေ လုပ်ချင်တဲ့အစိုးရတွေ ၊လွှတ်တော်တွေ ၊အရပ်ဖက်အဖွဲ့အစည်း တွေကိုဥပဒေပညာဆိုင်ရာအထောက်အကူတွေပေးတယ်။

မေး ။ ။ ငြိမ်း၊စု၊ စီဥပဒေပြင်ဆင်မယ့်အချက်တွေမှာ ယေဘူယျဆန်တဲ့ အသုံးအနှုန်းတွေ ထည့်သွင်းထားတယ်ဆိုပြီး ပြင်ဆင်မည့် ဥပဒေပါ အချက်တွေကို အန်တီဝေဖန်ထားတာရှိတော့ ယေဘူယျဆန်တဲ့ အသုံး အနှုန်းတွေက ဘယ်အချက်တွေလဲ ရှင်းပြပေးပါ။

ဖြေ ။ ။ ဒီဥပဒေက သားတို့သိတဲ့အတိုင်းပဲ စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဥပဒေဖြစ်တယ် ။ ပြီးခဲ့တဲ့အစိုးရပြီးခဲ့တဲ့ လွှတ် တော်တုန်းကနှစ်ကြိမ် ပြင်တယ် ။ အခုဒီအစိုးရလက်ထက်မှာ ပထမတစ်ကြိမ်ပြင်ထားပြီးသား ရှိတယ်။ ပထမတစ်ကြိမ် ပြင်ထားတဲ့ဟာကအရမ်းကောင်းတယ်။ အရင်အစိုးရလက်ထက်တုန်းက ဆန္ဒပြဖို့ဆိုလို့ရှိရင် ခွင့်ပြုချက် လျောက်ရ တယ်။ တတိယအကြိမ်ပြင်ဆင်ချက်မှာ အစိုးရရသစ်က ပြင်ဆင်လိုက်တာက အသိပေးတင်ပြချက်ပဲတင်ဖို့လိုတော့တယ်။ ခွင့်ပြုချက်မလိုတော့ဘူး ။အဲ့တော့မြို့နယ်ရဲတပ်ဖွဲ့မှူးဆီမှာ ၄၈နာရီကြိုပြီး အသိပေးတင်ပြချက်လေးလျောက်လိုက်တယ်။ လျောက်လိုက်ပြီးတာနဲ့တစ်ပြိုင်တည်းဆန္ဒပြဖို့အဆင်ပြေတယ်ပေါ့ ။ ဒါသိသာထင်ရှားတဲ့တိုးတက်မှုကြီး တစ်ခုပေါ့ ။ နယ်တွေမှာကတော့ အဲ့လိုမျိုးတော့လွယ်လွယ်ကူကူတော့ဖြစ်မနေဘူး။ ဥပဒေ ကပြောင်း ပေမယ့် လွယ်လွယ် ကူကူတော့ဖြစ်မနေဘူး။ ဒါကတော့တပိုင်းပေါ့။ အခုဒီတစ်ခါပြင်တာက အစိုးရအသစ် လွှတ်တော်အသစ် ရဲ့ဒုတိယ အကြိမ် ပြင်ဆင်မှုပေါ့ ပြင်တာကတော့နှစ်ချက်ပဲပြင်တာ တစ်ချက် ကတော့ တော်တော်လေးကိုအခြေအနေဆိုးတယ် ပထမတစ် ချက် ပြင်ဆင်ချက်က ပုဒ်မ-၄ကို ခြေဆင်းတပ်တယ်။ ခြေဆင်းကဘာလဲဆိုရင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ရပ်ရွာအေးချမ်းသာယာရေး ၊ အများပြည်သူရဲ့ကိုယ်ကျင့်တရားနှင့်မဆန့်ကျင်လျင် ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ အတွက်တောင်းဆိုနိုင်တယ်။ အသိပေး တင်ပြချက်ကို လျောက်နိုင်တယ်ပြောတာပေါ့။ အရင်တုန်းကဒီကန့်သတ်ချက်မပါဘူး။ ဒီစကားလုံးတွေမပါဘူး ။ ဒီစကားလုံးတွေကို ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲကအတိုင်းပဲယူပြီး တော့ ထည့်ပြီးတော့ဥပဒေလုပ်လိုက်တာပေါ့ ။ အန်တီတို့ကမေးခွန်းထုတ်ရတဲ့အပိုင်းက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပ ဒေကိုပြင်မယ်လို့ပြောပြီးတော့ ဒီအစိုးရသစ်ကတက်လာတယ်။ NLD လွှတ်တော်ဆိုတာဖြစ်လာတယ်။ အဲ့တော့ ဒီမိုကရေစီအင်အားစု NLDဟာဒီမိုကရေစီရဲ့ပြယုတ်ပဲလေ။ ဒီမိုကရေစီကို အာမခံတဲ့ ဦးဆောင် ပါတီတစ်ခုအနေနဲ့ ဒီမိုကရေစီ ရဲ့အနှစ်သာရဖြစ်တဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကိုကာကွယ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်တို့ လွတ်လပ် စွာစုဝေးခွင့်တို့ ဒါတွေကိုအာမခံမယ့်ဥပဒေတွေ ကောင်းမွန်တဲ့ ဥပဒေတွေကိုပြဌာန်းပေးဖို့တာဝန်ရှိတယ် ။ ဖွဲ့စည်းပုံအခြေခံဥပ ဒေထဲမှာပါတဲ့အားနည်းချက်တွေကို ဖယ်ထုတ်ပြီးတော့ အားသာချက် တွေကိုယူပြီးတော့ ဒီမိုကရေစီစနစ်ရှင်သန်အောင် ကောင်းမွန်တဲ့ ဥပဒေတွေကိုပြဌာန်းပေးရမယ့်အစား အခုကဖွဲ့စည်းပုံ အခြေခံဥပဒေ မှာပါတဲ့လိုရင်လိုသလိုအသုံးချလို့ရ တဲ့ဒီစကားလုံးတွေကိုယူသုံးပြီးတော့ လူထုကိုဖိနှိပ်တဲ့ဥပဒေပြဌာန်းတဲ့သဘောဖြစ်နေတယ်။ ခုနက ဒီစကားလုံး သုံးလုံး ဒီစကားလုံးသုံးလုံးက အင်မတန် ကျယ်ပြန့်ပြီးတော့ လိုရင်လိုသလိုသုံးတဲ့ ပြီးခဲ့တဲ့သမိုင်းတစ်လျောက် မှာအာဏာပိုင်တွေက လိုရင်လိုသလို ဒီပုဒ်မတွေကိုအသုံးချပြီးတော့ထောင်ထဲကိုရောက်ခဲ့တဲ့ NLDအမတ်တွေအများ ကြီးရှိတယ်။ လွှတ်တော်ထဲမှာကို အများကြီး ရှိတယ်။ အဲ့ဒီဟာတွေကိုပြန်သတိရစေချင်တယ် ။ဒီစကားလုံးကြီးတွေရဲ့ ယေဘူယျဆန်မှုကြောင့် ဒီစကားလုံးတွေကိုသုံးစွဲတဲ့အာဏာပိုင်တွေရဲ့ မရိုးမဖြောင်တဲ့စိတ်ဓာတ်တွေကြောင့် အန်တီတို့ နိုင်ငံသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်ရပ်တွေအများကြီးဖြစ်ခဲ့ပြီးပြီလေ။ အဲ့တာကိုသမိုင်းကိုသင်ခန်းစာယူစေချင် တယ်လေ အဆိုးဆုံးပြဌာန်းတာ ပုဒ်မ-၁၈မှာ ဖြည့်စွက်ချက်မှာ လုံခြုံရေး ၊တရားဥပဒေစိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာ ယာရေး ၊ ကိုယ်ကျင့်တရားပျက်ပြားစေရန်အကြံနဲ့ အဲ့လိုအကြံနဲ့ဖြစ်စေ၊ နောက်တစ်ခုတော်တော်ဆိုးတာက အဲ့လို ပျက်ပြားစေသောအခြေအနေဖြစ်နိုင်ကြောင်းသိလျက်နှင့်ဖြစ်စေ ဆိုတော့ ဒါအရမ်းကိုကျယ်ပြန့်တယ်။ ဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ ငွေပေးတာတို့ ပစ္စည်းပေးတာတို့ဖြစ်စေ၊ အခြားနည်းလမ်း တစ်ခုနဲ့ လူတစ်ယောက်ကို ဆန္ဒပြအောင်လို့ လှုံဆော်မယ်၊ သွေးဆောင်မယ်၊ ဖျားယောင်းမယ်၊တိုက်တွန်းမယ်ဆိုရင် ဒါသုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်။ ဥပမာ အန်တီတို့လယ်သမားတစ်ယောက်က သူ့ရဲ့မြေသိမ်းသွားတဲ့ ကိစ္စ အန်တီတို့က ရပ်ရွာမှာသူသိမ်းခံရတဲ့ကိစ္စ အာဏာပိုင်တွေက မဖြေရှင်းနိုင်ဘူး။ မြို့နယ်အာဏာပိုင်တွေကမဖြေရှင်းနိုင်ဘူးဆိုလို့ရှိရင် အန်တီတို့က ဟုတ်ပြီ။ဆန္ဒပြဆို လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးတော့ သော်လည်းကောင်း၊ တီဗွီကနေသော်လည်းကောင်း၊ သတင်းစာတွေ ကနေ တိုက်တွန်းမယ်။ ဒါနိုင်ငံတော်အကြီးအကဲတွေသိအောင်ဆန္ဒပြပါ။ အဲ့ဒါဘယ်ထဲမှာ အကြုံဝင်သလဲဆိုတော့ အခြားနည်းလမ်းတစ်ခုခု ဆိုတဲ့ အထဲမှာ အကြုံးဝင်တယ်။ အဲ့တော့ခုနက ဆန္ဒပြခံရတဲ့ အာဏာပိုင်တွေ အနေနဲ့က ခင်ဗျားတို့ကရပ်ရွာအေးချမ်းသာယာရေးကို ပျက်ပြားစေတဲ့ အခြေ အနေဖြစ်ကြောင်းသိလျက်နှင့် ခင်ဗျားတို့လုပ်တာလို့ အလွယ် တကူပြောလို့ရတယ်လေ။ ဒီပုဒ်မအရဆိုရင် ဘာမှလုပ်လို့မရတော့ဘူး။ ဒီပုဒ်မအရဆို ရင် အန်တီတို့က သူ့ရဲ့အခွင့်အရေးကို ကာကွယ်ဖို့ အတွက်ကို အလုပ်သမားတွေဆန္ဒပြအောင် အန်တီတို့က ဟဲ့ နင်တို့ အနည်းဆုံး လုပ်ခလစာ ၄၂၀၀ပြည့်အောင် နင်တို့ ဆန္ဒပြလို့ပြောရိုး ပြောစဉ် နဲ့ပြောပြီးဆန္ဒပြ။ အဲ့တာဆိုရင် သူတို့က ရပ်ရွာအေးချမ်း သာယာမှုကိုပျက်ပြားစေရန် အကြံနဲ့သိရက်နဲ့ ခင်ဗျား သူတို့ကို တိုက်တွန်းတယ် ပြောတယ်။ အခြားနည်းထဲမှာအကြုံးဝင်တယ်။ ဘာမှငြိမ်းချမ်းစွာဆန္ဒပြတဲ့အဆင့်မရောက်ခင်မှာကို အန်တီတို့က ဒီလိုအလုပ်တွေ တိုက်တွန်းတာ နှိုးဆော်တာ လှုံဆော်တာတို့ကို ငွေပစ္စည်းသို့မဟုတ် အခြားနည်းလမ်းနဲ့လုပ်ရင် ထောင်ဒဏ်သုံးနှစ် လုပ်တာ။ အဲ့တော့ဒီပုဒ်မကြီးကသေသေချာချာဖတ်ကြည့်လေလေ ပိုပြီး ကျယ်ပြန့်လေလေ၊ ဘယ်သူမဆိုဟာ နိုင်ငံ သားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊လူထုလှုပ်ရှားမှုတွေအတွက်ကို ပြောဆိုတိုက်တွန်းရင် ဒီပုဒ်မနဲ့ငြိပြီ အာဏာ ပိုင်ကခင်ဗျားတို့ကအေးချမ်းသာယာရေးကို ပျက်ပြားအောင်လုပ်တယ်။ ဆန္ဒပြတယ်ဆိုအေးချမ်းသာယာရေးကို ပျက် ပြားတာနဲ့အတူတူပဲ။ သူတို့မှတ်ယူချင်သလိုမှတ်ယူလို့ရတယ်။ ဘာလဲ ဆိုတော့ သူတို့ဒီဥပဒေကို နိုင်ငံတော်လုံခြုံရေး ဆိုတာ ဘာလို့ပြော မထားဘူးလေ။ တရားဥပဒေစိုးမိုးရေးဆိုတာဘာ၊ ရပ်ရွာအေးချမ်း သာယာရေးဆိုတာအဓိပ္ပယ်ကဘာ ဆိုတာပြောမထားတော့ အုပ်ချုပ်တဲ့ အာဏာပိုင်က လိုရင်လိုသလို အမြင်ကပ်ရင် ရပ်ရွာအေးချမ်းသာယာရေး ကိုထိခိုက်အောင် ဒုက္ခရောက်အောင်မြှောက်ပေးပြီးတော့ ဆန္ဒပြခိုင်း တယ်။ အဲ့တော့ခင်ဗျားသုံးနှစ် ဒါမျိုးလိုသလိုအသုံးချလို့ရတဲ့ ပြဌာန်း ချက်ကြီးဖြစ်နေတယ်။ အင်မတန်ကိုအကျယ်ကြီးပြောထားတာ ငွေကြေး ဒါမဟုတ် အခြားနည်းလမ်းတစ်ခု ပျက် ပြားစေတန်ရာသော အခြေအနေ ဖြစ်နိုင်အောင် သိလျက်နဲ့အဲ့တာတွေက အန်တီတို့ရဲ့ သမိုင်းကြောင်း တောက်လျောက် မှာသိလျက်နဲ့တောက်လျောက် သုံးခဲ့တဲ့ အသုံးအနှုန်း တွေ၊ဒါကြောင့်အန်တီတို့ကဒါတွေကို ဒီမိုကရေစီစနစ်မှာမရှင်သန် စေချင်တော့ဘူး ။ ဒီမိုကရေစီစနစ်မှာ အဲ့ဒီလိုေ၀၀ါးတဲ့ အသုံးအနှုန်း တွေနဲ့ ဖိနှိပ်တဲ့အသုံးအနှုန်းတွေနဲ့ လူထုကိုထောင်ချ တာတွေကို ရပ်ပစ်စေချင်ပြီ။ဒါကြောင့်ဒီပြဌာန်းချက်ကိုအန်တီအနေနဲ့ပြင်းပြင်းထန် ထန်ကန့်ကွက်ရခြင်းဖြစ်တယ်။

မေး ။ ။ ဒီဥပဒေသာအတည်ပြုနိုင်ခဲ့ပြီဆိုရင် ပြည်သူလူထုအပေါ် ဘယ်လိုသက်ရောက်မှုရှိလာနိုင်ပါသလဲ။

ဖြေ ။ ။ လက်တွေ့ကျကျပြောရမယ်ဆိုရင် အစိုးရအနေနဲ့က ဒေသန္တရ အုပ်ချုပ်ရေးအဆင့်မှာ ပြည်သူလူထုရဲ့ ပြဿနာတွေကို မဖြေရှင်း ပေးနိုင်ဘူးလေ။ လူထုကအဖက်ဖက်ကနေကျပ်တည်းမှုတွေဖြစ်နေ တယ်။ တရားဥပဒေ စိုးမိုးရေးကလည်း အင်မတန်လျော့ရဲတဲ့ အနေ အထားမှာရှိတယ် ။ သူ့အနေနဲ့ကတရားစွဲအာဏာပိုင်တွေကို ဆန္ဒဖော် ထုတ်ချင်တာတွေရှိတယ်ပေါ့။ ရန်ကုန်တိုင်းမှာဆိုရင်လည်း လယ်ယာမြေ ကို လျောက်လွှာတင်ထားတဲ့ အထဲက ဆောင် ရွက်ပြီးတာနော် ဖြေရှင်း ပြီးတာမဟုတ်ဘူး။ ၃ဒသမ ၆၇ရာခိုင်နှုန်းပဲရှိတယ်။ ၉၆ရာခိုင်နှုန်းကျော် မဖြေရှင်းရသေးဘူး ။ ပြောချင် တာက အန်တီတို့နိုင်ငံမှာ အလုပ်သမား လယ်သမားတွေရော။လိုအပ်ချက်တွေ အများကြီးရှိတယ်။ အခြေခံ လူတန်းစား တွေဆိုလို့ရှိရင်လည်း အိမ်ဈေးကြီးကြီးနဲ့ငှားပြီးနေရတယ်။ ကျူးကျော်တွေအများကြီး ပြဿာနာပေါင်းများစွာရှိတယ်။ အခုပဲ အန်တီ တို့ရဲ့ ရေတွေမသန့်ဘူးလို့ပြောတယ်ပေါ့နော်။ လူထုကငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းနည်းလမ်းနဲ့ နိုင်ငံ ခေါင်းဆောင်တွေကို သူတို့ရဲ့ ပြဿနာတွေကိုတင်ပြခွင့် ရှိကိုရှိရမယ်။ အဲ့တော့ ဒီဥပဒေပြဌာန်း လိုက်ခြင်းအားဖြင့် ဒီအခွင့်အရေးလုံးဝပျောက်ကွယ်သွားမယ့် သဘော ရှိတယ်။ တချို့ကတော့ပြောတယ် ဒီပုဒ်မကဒီဟာလေးပဲပြင်တာ ဆန္ဒပြ ခွင့်ကို ပိတ်လိုက်တာမဟုတ်ဘူးလို့ပြောတာ။ ဥပဒေကိုသေချာ မဖတ် လို့ နားမလည်လို့ပြောတာ။ ပုဒ်မ-၁၈ကို သေချာဖတ်ကြည့်ကြစေချင် တယ်။ပုဒ်မ-၁၈က ဆန္ဒပြပွဲတွေ မင်းတို့လုပ်ရဲရင်လုပ်ကြည့်၊ လုပ်ရင် တော့ မင်းတို့ဒီပုဒ်မနဲ့ ငြိပြီးတော့ ထောင်ဒဏ်သုံးနှစ်လို့ပြောတာ နဲ့ အတူတူပဲ။ ဒါကြောင့် ဒီပုဒ်မသာအတည်ပြုလိုက်မယ်ဆိုရင် ဆန္ဒပြပွဲ မပြောနဲ့ဆန္ဒပြပွဲဖြစ်စေတဲ့ တိုက်တွန်းချက်တွေ နှိုးဆော်ချက်တွေ ပြောဆိုဆွေးနွေးချက်တွေတောင်မှ ထွက်လာတော့မှာမဟုတ်ဘူး။ နိုင်ငံရဲ့ဒီမိုကရေစီစနစ်ကိုနောက်ကြောင်းကိုတည့်တည့်ကြီးပြန်သွားမယ့်သဘောပဲ။

မေး ။ ။ ဒီပုဒ်မ-၁၈က ပြင်ဆင်ဖြည့်စွက်တာမဟုတ်ပဲ အပြီးဖျက်သိမ်း သင့်တယ်လို့ဆိုလိုတာလား။

ဖြေ ။ ။ လုံးဝကိုဖြုတ်ပစ်လိုက်ရမှာ။ ဖြည့်စွက်စရာကို မလိုဘူး။ ရည်ရွယ်ချက်ကိုနားကိုမလည်ဘူး။ ဒီဟာကိုဖတ်ကြည့် လိုက်တာ နဲ့တစ်ပြိုင်နက်တည်း တစ်ဖက်သတ်ဖိနှိပ်ချုပ်ချယ်ထားကြောင်း အမြင် ကတ်တဲ့သူကို အမြင်ကတ်သလို လိုရာ ကိုသုံးပြီးတော့ ထောင်ထဲ ထည့်ချင်လို့ဒီပုဒ်မကိုရေးကြောင်းထင်ရှားနေတယ်။

မေး ။ ။ ဒီဥပဒေကိုပြင်ဆင်ခဲ့တာ ဘယ်အဖွဲ့အစည်းတွေကို ရည်ရွယ် ပြီးပြင်ဆင်တယ်လို့အန်တီအနေနဲ့ဘယ်လို ထင်မြင်မိပါသလဲ။

ဖြေ ။ ။ အန်တီမြင်တာကတော့ ဒီအစိုးရရဲ့စိုးရိမ်ချက်ပေါ့လေ။ ဟို တလောတုန်းဆန္ဒပြပွဲကြီးတွေကြီးကြီးမားမားဖြစ် လာတယ်။ အဲ့တော့ အစိုးရက စဉ်းစားတာဟာ ဒီဆန္ဒပြပွဲကြီးတွေဟာ ပိုက်ဆံပေးလို့ လူတွေက လာကြတာ။ တကယ်လို့များ ၂၀၂၀မတိုင်ခင်မှာ စဉ်းစားမယ် လို့အန်တီထင်တာလေ။ ဒီလိုမျိုးငွေကြေးတွေသုံးစွဲပြီး ဆန္ဒပြပွဲတွေ အများကြီးဖြစ်လာရင်ငါတို့အစိုးရတော့သိက္ခာကျမယ်။ အဲ့လိုတွေးပုံ ရတယ်လို့ အန်တီတို့နားလည်တယ်။ အစိုးရကနေပြီးတော့ ဆန္ဒ ပြမှုကြီးတွေဖြစ်လာဖို့ကိုနည်းနည်း ကြောက်တယ်ထင်ပါတယ်။ ဒီကြီး မားတဲ့ ဆန္ဒပြပွဲကြီးတွေရဲ့နောက်ကွယ်မှာလက်မဲ ကြီးတွေရှိနေတယ် လို့အစိုးရကယူဆနေတယ်။ ငွေကြေးစိုက်ထုတ်တဲ့လူတွေရှိနေတယ်။ ဒါကြောင့်မို့လို့ဒီလိုကြီးမားတဲ့ ဆန္ဒပြပွဲမှုတွေဆိုရင် ငွေကြေး စိုက်ထုတ် တဲ့ သူတွေဆိုရင် ဖော်ထုတ်ဖို့ နောက်ကွယ်က လက်မဲကြီးတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ပြီးတော့ ဒီဥပဒေကိုပြင်တယ်လို့ အန်တီတို့ နားလည်တယ်။ ဒါပေမယ့် အစိုးရအနေနဲ့ကစဉ်းစားသင့်တယ်။ ဒီဥပဒေကိုပြဌာန်းလိုက်ခြင်းအားဖြင့် ရရှိမယ့် အကျိုးအမြတ်ကဘာလဲ။. ကိုယ်ဆုံးရှုံးသွားမှာဘာလဲ။ အစိုးရရော လွှတ်တော်ရော ဒီဥပဒေသာ အတည်ဖြစ်သွားမယ်ဆိုရင် နိုင်ငံရေးသိက္ခာအများကြီးဆုံးရှုံးသွားမယ်။ မြန်မာမှာရော ကမ္ဘာ့နိုင်ငံရဲ့ အလယ်မှာရော ဒီနေ့ဒီအချိန်ဟာ မြန်မာ နိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီးတော့ နိုင်ငံတကာက စောင့်ကြည့် ပြီးတော့ ပြစ်တင်ရှုံချပြီးတော့စောင့်ကြည့်နေတဲ့အချိန်ဖြစ်တယ်ပေါ့။ ဒီမိုကရေစီအခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်လိုက်တဲ့ ဒီဥပဒေကို ကမ္ဘာက သိသွားရင် အသိအမှတ်ပြုလိမ့်မယ်။ ဒီနိုင်ငံဟာ ဒီမိုကရေစီ အာဏာရှင် ပဲလို့ အသိအမှတ်ပြုတဲ့အဆင့်ကိုရောက်သွားလိမ့်မယ်။ ဒါကြောင့် မို့လို့အန်တီတို့က ကိုယ့်အစိုးရ ကိုယ့်လွှတ်တော်ကို နိုင်ငံရေး သိက္ခာမကျစေချင်ဘူး။ ရည်ရွယ်တာက ခုနကကြီးမားတဲ့ ဆန္ဒပြပွဲကြီး တွေကို ပိုက်ဆံပေးတဲ့သူကိုသိချင်တယ်ဆိုရင် ဒီဥပဒေကြီးကိုနာမည်ပျက် ခံပြီးတော့ပြဌာန်းစရာမလိုဘူး။ ဆန္ဒပြပွဲလာတင်တဲ့ အချိန်မှာ ခင်ဗျားတို့ ကို ဘယ်သူခေါင်းဆောင်တာလဲမေး။ ခင်ဗျားတို့ ရဲ့ခန့်မှန်းကုန်ကျ စရိတ်လည်းမေး။ ဒီကုန်ကျစရိတ်ကို ဘယ်သူတွေပေးတာလဲ မေးလို့ရ တယ်။ ဆန္ဒပြပွဲမလုပ်ခင်မှာ လူတွေကပုံမှန်အားဖြင့်လုပ်တတ်တာ ပိုက်ဆံပေးမယ့်သူကိုမသိတက်တာလည်းသဘာဝကျတယ်လေ။ တကယ်တမ်း ဆန္ဒပြတဲ့အချိန် ထမင်းထုတ်ဝေတာတို့ ဘာတို့လည်း ရှိနိုင်တယ်လေ ။ ကျောင်းသားတွေဆန္ဒပြတဲ့အချိန်မှာ ပြည်သူ လူထုက ထမင်းထုတ်ဝေတာရေကမ်းတာတွေရှိတယ်လေ ။ အဲ့ဒီနေ့ကျမှဖြစ် လာတာလေ။ ကြိုတင်ပြီးတော့ ခန့်မှန်း ကုန်ကျစရိတ်တို့ ဘာတို့ပြောဖို့ ကခက်တယ်။ ကြိုတင်ပြီးစီစဉ်သူတွေက အဲ့ဒီတော့ ခင်ဗျားတို့ ဆန္ဒပြပွဲ ပြီးရင် ဘယ်သူ တွေက လာလှူတာလို့ပြောရပါမယ်ဆိုပြီး စည်းကမ်း သတ်မှတ်လိုက်ရင်ရပြီလေ။ ဒီလိုမျိုးရုပ်ဆိုးတဲ့ဥပဒေကြီးပြဌာန်းစရာ ထုတ်စရာမလိုဘူး။ ဘယ်သူတွေက ဆန္ဒပြပွဲတွေကို ဘယ်က ပိုက်ဆံ တွေနဲ့စီစဉ်နေတာလဲသိချင်ရင် စောစောနက အသိ ပေးတင်ပြချက် ပုံစံ ထဲမှာပဲ ဒီအချက်ကိုထည့်ဖြည့်လိုက်ရင် ရပြီ။ ခင်ဗျားတို့ အခုမဖြေနိုင် သေးရင် ဆန္ဒပြပွဲပြီးလို့ရှိရင် လာ ပြီးတော့ဒါလေးဖြည့်ပါ။ လုပ်လို့ ရတယ်လေ ။ဒါကြောင့်မို့လို့ဥပဒေပြုသူတွေအနေနဲ့ရော နိုင်ငံအုပ်ချုပ် တဲ့ သူတွေအနေနဲ့ရော ပြန်ပြီးတော့စဉ်းစားစေချင်တယ်။ ကိုယ်ရမယ့် တန်ဖိုးနဲ့ ကိုယ်ပေးလိုက်ရမယ့်တန်ဖိုးကိုချင့်ချိန်ပြီးတော့ စဉ်းစားစေချင် တယ်ပေါ့။

မေး ။ ။ တစ်လောကလုပ်သွားတဲ့ မိုင်ဒါကွင်းထဲက တပ်မတော် ထောက်ခံပွဲမျိုးကိုရည်ရွယ်တာမျိုးများဖြစ်နိုင်မလား။

ဖြေ ။ ။ အဲ့ဒီလိုဖြစ်နိုင်ပါလိမ့်မယ်။ အခုနကအန်တီပြောတဲ့ဟာက အဲ့ဒီလိုကိစ္စကိုလုပ်ချင်လို့အခုဟာကခုတ်ရာတခြားရှရာတလွဲဖြစ်နေ
တယ် ။ အဲ့တာကြောင့်အန်တီအနေနဲ့ပြောချင်တာက အကျိုးဆက်ကို စဉ်းစားဖို့လိုတယ်လို့ အစိုးရနဲ့ လွှတ်တော်အနေနဲ့က ကိုယ်ပြန်ရမှာ ဘာလဲပေါ့ ။ အခုလိုဥပဒေထုတ်လိုက်ပေမယ့် အဲ့ဒီလိုဆန္ဒပြပွဲကြီးတွေ မဖြစ်နိုင်ဘူးလို့ အစိုးရကသတ်မှတ်လို့မရဘူး မှတ်ယူလို့မရဘူး။ ဒီဥပဒေဟာ အဲ့ဒီလိုအင်အားရှိတဲ့သူတွေကို သက် ရောက်မှုရှိမှာ မဟုတ် ဘူး။အဲ့ဒီလိုအင်အားကြီးတဲ့အုပ်စုတွေ မိုင်ဒါကွင်းမှာသွားလုပ်မယ်။ ငါတို့လုပ်မယ် မင်းတို့ဘာပြောချင်လဲ။ အင်အားကြီးတဲ့ အုပ်စုတွေက သက်ရောက်မှု တရားဥပဒေစိုးမိုးမှုမှ အန်တီတို့နိုင်ငံမှာ သက်ရောက်မှု မှမရှိဘဲ အခု မိုင်ဒါကွင်းထဲမှာလုပ်တဲ့ကိစ္စအစိုးရကဘာပြောနိုင်လို့လဲ။ ဘာမှမပြောနိုင်ဘူးလေ။ အဲ့ဒီလိုပဲအန်တီတို့ကအဲ့လိုအင်အား ကြီးတဲ့ လူတွေကို ဘာမှသက်ရောက်မှုရှိမှာမဟုတ်ဘူး။ ဒီဥပဒေက ဘာတွေပဲ သက်ရောက်မှုရှိမလဲဆိုတော့ဒီဥပဒေက ကျင့်သုံးမယ့်အာဏာပိုင်တွေက ရဲတပ်ဖွဲ့က အလုပ်သမားလယ်သမား လူတန်းစားအတွက် ကောင်း ကောင်း အသုံးချ သွားနိုင်တယ်။ ကောင်းကောင်းဖိနှိပ်ချင်ရင် ဖိနှိပ်လို့ ရတယ်။ လိုရင်လိုသလို ဒီဥပဒေပုဒ်မကိုပြဌာန်းပြီးတော့လုပ်သွားနိုင် တယ်။.ဒီဥပဒေပြဌာန်းခြင်းက အစိုးရလိုချင်တဲ့နိုင်ငံရေး အမြတ် လုံးဝ မထွက်နိုင်ဘူးနိုင်ငံရေးအရှုံးပဲထွက်လိမ့်မယ်။

မေး ။ ။ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ယောက်အနေနဲ့ အရင်အစိုးရနဲ့ လက်ရှိအစိုးရလက်ထက် ဥပဒေပြုရေး ၊အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ရဲ့ဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ပေးပါ။

ဖြေ ။ ။ မဏ္ဍိုင်သုံးရပ်ကိုကြည့်တဲ့အခါကျတော့တစ်ဖက်မှာပြည်သူလူထု က စားဝတ်နေရေးကျပ်တည်းလာတာတော့ ရှိတာအမှန်ပဲလေ။ ဒါပေမယ့်လူထုကအာဏာပိုင်တွေကိုပြန်ပြောရဲတဲ့ကိစ္စတွေဘာတွေရှိလာတယ်ပေါ့။ သူတို့စိတ်ထဲမှာ အရင်ကထက် ပိုပြီးတော့ လွတ်လပ် လာတယ်လို့ ခံစားရတယ်။ အဲ့တာကတော့ကောင်းတယ်ပေါ့နော်။ မဏ္ဍိုင်သုံးရပ်ကိုပြောမယ်ဆိုရင် ထိန်းကြောင်းနိုင်မှုအားက အစိုးရရယ် လွှတ်တော်ဥပဒေပြုရေးကဏ္ဍရယ် တရားစီရင် ရေးကဏ္ဍရယ် ဒီအပိုင်းတွေမှာကတော့ထိန်းကြောင်းနိုင်မှုအားကအတော်ကိုနည်းနေ တယ်။ အစိုးရတွေရဲ့အလိုကျ လွှတ်တော်တွေက ကပြနေရ သလို ဖြစ်တယ် ပေါ့နော်။ ရန်ကုန်တိုင်းမှာဆိုလည်းအားလုံးသိတဲ့အတိုင်းပဲ ရန်ကုန်တိုင်း လွှတ်တော်က ရန်ကုန်တိုင်းအစိုးရကို လုံးဝ မထိန်း ကြောင်းနိုင်ဘူးဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နေ့စဉ် ငြီးတွားပြောဆိုမှုအသံတွေကို အန်တီတို့သိနေရတယ်လေ။ အဲ့တော့ မဏ္ဍိုင်သုံးရပ် တစ်ခုနဲ့တစ်ခုထိန်းကြောင်းအားကတော့ ဒီအစိုးရ လက်ထက်မှာကတော့ အရမ်းကိုကျဆင်းလာတာကိုတွေ့ရတယ်။

မေး ။ ။ လက်ရှိရန်ကုန်တိုင်းမှာ အစိုးရအဖွဲ့ရဲ့ စီမံကိန်းလုပ်ငန်းတွေကို တိုင်းလွှတ်တော်ကို အသိပေးတင်ပြချက် မလုပ်ပဲဆောင်ရွက်ခဲ့ပြီးမှ လွှတ်တော်ကိုယ်စားလှယ်တွေကသိရှိတာတွေလည်း ကြားနေရတယ်။ ရှေ့လွှတ်တော်သက် တမ်းတုန်းကအခြေအနေနဲ့ သုံးသပ်ပြောကြား ပေးပါ။

ဖြေ ။ ။ အန်တီတို့တုန်းကတော့ စီမံကိန်းတွေကို အကုန်လုံးကို လွှတ်တော်ကိုတင်ပြီးလုပ်တာတော့မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် အရေးကြီးတဲ့ စီမံကိန်းတွေကိုတော့ လွှတ်တော်ကိုမတင်လို့မရဘူး။ လွှတ်တော်ကိုတင်ပြပြောဆိုပြီးတော့မှ ဂျိုးဖြူရေသန့်စီမံကိန်းက အစ ပေါ့လေ။ JICAကကူညီတဲ့စီမံကိန်းကအစ လွှတ်တော်ကိုတင်ပြပြီးတော့ လွှတ်တော်က အတည်ပြုချက်ရမှပဲလုပ်ရတယ်ပေါ့။ ယှဉ်ပြီးပြောမယ် ဆိုရင်တော့ ပြီးခဲ့တဲ့ရန်ကုန်တိုင်းလွှတ်တော် ရန်ကုန်တိုင်းအစိုးရ ကတော့ အခုအစိုးရထက်ပိုပြီးတော့လေးစားမှုရှိတယ်။ ပြီးခဲ့တဲ့ လွှတ်တော်က အန်တီတို့ အတိုက်အခံနည်းနည်းလေးပဲ ရှိပေမယ့် အခု လွှတ်တော်ထက်စာရင်တော့အများကြီးထိန်းကြောင်းနိုင်ခဲ့တယ်ပြောရမှာပေါ့။

မေး ။ ။ ရန်ကုန်တိုင်းအတွင်းမှာ မူခင်းဖြစ်ပွားမှုတွေများလာတဲ့အပေါ် ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ ။ ။ အစိုးရကသူ့မှာရှိတဲ့ အရင်းအမြစ်တွေကို ဘယ်နေရာမှာ အသုံးချမလဲဆိုပြီးတော့ စီမံခန့်ခွဲတဲ့နေရာမှာအရေးကြီးတယ်။ ကိုယ့်မှာ ၁၀၀ရှိတယ်ဆိုရင် ဘယ်ကိစ္စမှာ အဲ့ပိုက်ဆံကိုသုံးမလဲ။ ဘယ်နေရာမှာ ဘယ်လောက်သုံးမလဲဆိုတာ အစိုးရရဲ့လိမ္မာပါးနပ်မှု အုပ်ချုပ်ရေး စွမ်းရည်ထက်မြက်မှုအပေါ်မှာပဲမူတည်တယ်။ အန်တီသာဆိုရင် ရန်ကုန် မြို့မှာ စီမံ ကိန်းကြီးတွေကို အကောင်အထည်ဖော်နေမယ့်အစား ဒီစီမံကိန်းအတွက် ပိုက်ဆံတွေ ၇၀ဘီလီလျံ ၈၀ဘီလီလျံ သုံး မယ့်အစား အဲ့စီမံကိန်းကြီးတွေကလူထုကိုအကျိုးရှိမယ်ဆိုတာ နောင်၁၀နှစ်နေမှ အကျိုးရှိချင်ရှိမယ် မသေချာဘူး။ အန်တီသာ ရန်ကုန်တိုင်းကို ဦးဆောင် ခွင့်ရလို့ရှိရင်အန်တီသည် စီမံကိန်းတွေ အကောင်အထည်ဖော်မယ့် အစား ပြည်သူ လူထုရဲ့သက်သာချောင်ချိရေးလုပ်ငန်းစဉ်တွေ ပြည်သူ လူထုအတွက်တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေမှာ ဒီပိုက်ဆံ တွေသုံးမယ် ။ရဲတပ်ဖွဲ့ဝင်အင်အားမလုံလောက်ဘူးဆိုရင် အရန် ရဲတပ်ဖွဲ့ဝင်အင်အားတွေ ပြည်သူလူထုကြားထဲမှာ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်ထဲရေးဝန်ကြီးဌာန အင်အားနဲ့ မလုံလောက်ဘူး ဆိုရင် မြို့နယ်တိုင်းမှာပြည်သူ့အစိုးရဖြစ် တဲ့အတွက်ကြောင့်မို့လို့ လုပ်အားပေးမယ့်သူတွေအများကြီးရှိတယ်။အဲ့လိုလူတွေကို ရဲတပ် ဖွဲ့ရဲ့ပညာတွေကိုသင်ပေး ပြီးတော့ ညဘက်တွေမှာ နေ့ဘက်တွေမှာ စေတနာ့ဝန်ထမ်းပေါ့ ။ ရဲကဲ့သို့အသွင်သဏ္ဍာန်တူသောပေါ့။ ၀န်ထမ်းတွေပြုစု ပျိုးထောင်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်း ပေးမယ်ဆိုရင် ပြည်သူလူထုလည်းအလုပ်အကိုင်အခွင့်အလမ်းရမယ်။ လူငယ်တွေလည်းလေ့ကျုင့်ပျိုးထောင်ပြီးသားဖြစ်သွားမယ်။ အခုဆို လူငယ်တွေက ဘီယာနဲ့ တယ်လီဖုန်းနဲ့ ဂိမ်းနဲ့ အရက် ၊ဆေးနဲ့ပဲ အချိန်ကုန်နေကျတယ်လေ။ အဲ့လိုလူငယ်တွေကိုလည်း ဒီလို သင်တန်းတွေ ပေးပြီးတော့အဲ့ ဘက်တွေမှာပိုက်ဆံသုံးခြင်းဖြင့် လူငယ်တွေရဲ့ကာယစိတ္တနှစ်ဖြာလည်းပိုပြီးတော့ ကောင်းမွန်လာမယ်။ တိုင်းပြည်အတွက်လည်း အကျိုးဖြစ်ထွန်းမှုရှိမယ်။ အဲ့လို တရားဥပဒေ စိုးမိုးမှုဆိုင်ရာစီမံကိန်းတွေ လူငယ်တွေကိုပျိုးထောင်ပေးတဲ့ စီမံကိန်းတွေ နောက် အခမဲ့ကျန်းမာရေးအစီအစဉ်တွေ အခမဲ့ပညာရေး အစီအစဉ် တွေမှာ အန်တီပြည်သူလူထုရဲ့ပိုက်ဆံ တွေကိုသုံးမယ်။ နှစ်ဘယ် လောက် မှာမှအကျိုးရှိမယ်မှန်မသိတဲ့ လက်ငင်းမှာ ခရိုနီတစ်စုကို အကျိုးရှိနိုင်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့လုပ်ငန်းတွေ တိတိကျကျပြောရရင်မြို့သစ်စီမံကိန်းတွေလိုဟာမျိုးတွေ ဘယ်တော့မှ အန်တီ လုပ်မှာမဟုတ်ဘူး။ ရှိပြီးသားမြို့တွေအခြေခံလိုအပ်ချက်တွေ ပြည့်စုံအောင်ဖန်တီးမယ်။ ရေ ၊မီး ၊လမ်း လှိုင်သာယာ ၊ ဒဂုံ ၊ရွှေပြည်သာ လူတွေနေနိုင်တဲ့မြို့တွေဖြစ်အောင်လုပ်မယ်။ အဲ့ဒီနေရာမှာကားကို ၅မိနစ် တစ်စီးလုပ်နေမယ်။ အဲ့ဒီ နေရာတွေမှာ ရေ ၊မီး လမ်း စီစဉ်ပေး မယ်။လူတွေကယာဉ်ကြောပိတ်ဆို့မှုဒဏ်မခံရအောင် နည်းမျိုးစုံနဲ့ စီမံချက် မျိုးစုံနဲ့ ပိုက်ဆံကိုသုံးပြီးတော့ဆောင်ရွက်မယ်။ အဲ့ဒါမျိုးတွေမှာ လုပ်မယ် ။အဲ့တော့အစိုးရရဲ့ လိမ္မာပါးနပ်မှု အစိုးရရဲ့ထက်မြတ်မှု အပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထုရဲ့ အနာဂတ်ပြည်သူ လူထုရဲ့ ဘ၀တွေဆိုတာအများကြီးတည်မှီနေတာလေ။

မေး ။ ။ လက်ရှိအစိုးရရဲ့ဆောင်ရွက်ချက်တွေအပေါ်မှာ နောက်ဆုံးအနေနဲ့ ခြုံငုံသုံးသပ်ပေးပါ။

ဖြေ ။ ။ အန်တီတို့မျှော်လင့်သလောက်တော့ မဖြစ်သေးဘူးပေါ့နော်။ အဲ့ဒီလိုဖြစ်လို့အန်တီတို့ကတပ်မတော်အုပ် ချုပ်တဲ့ ဘ၀ကို လွမ်းနေ တာတော့မဟုတ်ဘူး။ အန်တီတို့ကိုရွေးခိုင်းမယ် တပ်မတော် အုပ်ချုပ်တဲ့ စနစ်နဲ့ ဒီမိုကရေစီအစိုး ရအုပ်ချုပ်တဲ့စနစ်ရွေးခိုင်းရင် ပြည်သူလူထု အများစုက ဒီမိုကရေစီအစိုးရကိုပဲလိုလားမှာပဲ။ ဒါပေမယ့် ဒီမိုကရေစီ အစိုးရ ပီသဖို့လိုတာပေါ့။ အခုငြိမ်းစုစီ ဥပဒေမှာ ဆိုလို့ရှိရင် တပ်မတော် သားဟောင်းဦးသိန်းစိန်လက်ထက်က ဒီဥပဒေကိုချိုး ဖောက်ရင် သုံးလထက်မပိုသော ထောင်ဒဏ်ပဲကျတာ။ အခုဒီမိုကရေစီ အစိုးရ လက်ထက်ကျမှ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ငြိမ်းစုစီဥပဒေအရ ချမယ်ဆိုရင်တော့ အန်တီတို့အစိုးရက ဒီမိုကရေစီအစိုးရမှ ဟုတ်ရဲ့လား လို့ မေးခွန်း ထုတ်ရမလိုဖြစ်နေတယ်လေ။ ဒါကြောင့်မို့လို့ ဘယ်အစိုးရ ပိုကောင်းလဲဆိုရင် ဒီမိုကရေစီကိုအာမခံတဲ့အစိုးရကကောင်းတယ်။ ဒီမိုကရေစီစနစ်ကိုအာမခံတဲ့အစိုးရဟာ ဘယ်သူလဲဆိုတာကို သမိုင်းက သက်သေပြလိမ့်မယ်။ ဒါကြောင့်မို့လို့ သမိုင်းသက်သေပြတဲ့အထဲမှာ အန်တီတို့ရွေးကောက်ခံအစိုးရကိုမှတ်တမ်းကောင်းတွေချန်ခဲ့စေချင် တယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရည်မှန်းချက်က ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အန်တီလောလောဆယ်ဘာမှပြောလို့မရပါဘူး။ အန်တီတို့
နိုင်ငံ ရဲ့ ၂၀၂၀မှာရွေးကောက်ပွဲဖြစ်လာမယ်လို့ ဘယ်သူက အာမခံလို့ လဲ (ရယ်လျက်) အန်တီကအဲ့တာပဲမေးချင်တယ်။

ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ

#တွေ့ဆုံမေးမြန်းသူ-ကျော်သူမြင့်

Leave a Reply