လားရှိုး ရိုးမဘဏ်ပေါက်ကွဲမှုတွင် ပျက်စီးသွားသည့် CCTV မှတ်တမ်းများကို ကျွမ်းကျင်သူများနှင့်ပြန်လည်စစ်ဆေး

0
182

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၈

လားရှိုးမြို့ ရိုးမဘဏ်ပေါက်ကွဲမှုတွင် ပျက်စီးခဲ့သည့် CCTVမှတ်တမ်း များကို ကျွမ်းကျင်သူများနှင့်ပြန်လည်စစ်ဆေး နေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစန်းဝင်းကပြောသည်။

“ပေါက်ကွဲမှုကအရှိန်ပြင်းတော့ ချို့ယွင်းခဲ့တာတွေတော့ရှိတယ်။ နည်းပညာပိုင်းကျွမ်းကျင်သူတွေနဲ့ပြန်လည်စစ်ဆေး နေပါတယ်”ဟု ဒုရဲမှူးကြီးစန်းဝင်းကပြောသည်။

ဖေဖော်ဝါရီ ၂၁ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုတွင် ရိုးမဘဏ်ဝန်ထမ်း ၂ဦးသေဆုံးက ၂၁ဦးဒဏ်ရာ ရရှိခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့ထောင်ထားသည့် ဒေသန္တရမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နှင့် CCTV မှတ်တမ်းများကို စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

CCTVမှတ်တမ်းများအရ မသင်္ကာသူတစ်ဦးကိုတွေ့ရှိထားပြီး ပုံသဏ္ဍန်နှင့် အနေအထားကို ခန့်မှန်းရ ခက်ခဲနေပြီး ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

“ပုံရိပ်ကသိပ်မကြည်လင်တော့ ကျွမ်းကျင်သူတွေနဲ့ ပိုပြီးကြည်လင်တဲ့ ပုံရအောင်စုံစမ်းစစ်ဆေးနေတုန်းပဲရှိသေးတယ်” ဟုဒုရဲမှူးကြီး စန်းဝင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲ(၁) ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီးနောက် လားရှိုးဘဏ်ခွဲ(၂)ကို နှစ်ရက်ကြာပိတ်ထားရာမှ ဖေဖော်ဝါ ရီ ၂၆ရက်မှစကာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဘဏ်ခွဲ ၂ခုမှဘဏ်ဝန်ထမ်းများ တစ်ပါင်းတစ်စည်းတည်း ပြန်လည်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ရိုးမဘဏ်ကသတင်းထုတ်ပြန်ထားသည်။

လားရှိုးမြို့မ ရဲစခန်းက အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကို ပေါက်ကွဲ စေတတ် သော ပစ္စည်းများပေါ့လျော့မှု ပုဒ်မ ၂၈၆၊ လူသတ်ရန်ကြံစည်မှု ပုဒ်မ ၃၀၇၊ အပြင်းထန်နာကျင်စေမှု ပုဒ်မ ၃၂၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ကိုဥာဏ်

Leave a Reply