စစ်တွေ ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးသူ ၆ ဦး အထိရှိလာ

0
148

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇။ ၂၀၁၈

စစ်တွေမြို့ရှိ အစိုးရရုံးများအနီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေမှုသည် ယခုအခါ ၆ ဦး အထိရှိလာကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး ယမန်နေ့အထိ သံသယ ရှိသူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယနေ့တွင် သံသယရှိသူ ၂ ဦးကို ထပ်မံ ဖမ်းဆီးခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၆ ဦး အထိရှိ လာခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် သံသယရှိလေးဦးမှာ ရခိုင် အမျိုးသား ကောင်စီ (ANC) ကိုနိုင်စိုး၊ ကိုသန်းရွှေ၊ ကိုရွှေထွန်းအောင်နှင့် ဦးမောင်ဦးမြင့် တို့ဖြစ်ပြီး ယမန်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူခဲ့သည်။

” ဒီနေ့ ဖမ်းလိုက်တဲ့ ၂ ယောက်ကိုတော့ မသိဘူး။ အရင်ဖမ်းတဲ့ ၄ ယောက်ကိုတော့ သိတယ်။ စစ်တွေမှာပြောနေကြတာက ဖမ်းထားတာ အများကြီးပဲလို့လဲ ပြောနေကြတယ်။ ” ဟု ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ချုပ်ရက်ရမန်ကို မတ်လ ၁၂ ရက်အထိ ရမန်ကြီး ယူခဲ့သည်။

ထပ်မံအဖမ်းခံရသူများမှာ တင်မြင့်ရွှေနှင့် မောင်မြင့်ရွှေ တို့ဖြစ်ပြီး စစ်တွေရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုဆိုသည်။

ဖမ်းဆီးထိန်းသိမ်းထားသူလေးဦးတွင် ကိုနိုင်စိုး (ခ) မဲလုံးသည် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်၊ တပ်မတော် အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် ဖောက်ခွဲရေး၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံခဲ့ရသူဖြစ်ပြီး နောက်တစ်ဦးမှာ စစ်တွေမြို့လမ်းသစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတို့ ပါဝင်ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ပြည်နယ်အစိုးရရုံးများ စိုက်ရာ စစ်တွေမြို့နေရာ ၃ ခုတွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးလည်း တွေ့ရှိခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦအချိ့ ပျက်စီးသွားခဲ့ပြီး လူနှစ်ဦး မစိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့သည်။ ပေါက်ကွဲမှုသည် မည်သူ့ လက်ချက်ဖြစ်သည်ကို မစုံစမ်းနိုင်သေးသော်လည်း သံသယရှိသူ ၆ ဦး ကို ဖမ်းဆီးစစ်ဆေးနေခြင်း လည်းဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply