UPDJC တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များ ထပ်တိုး ပါဝင်လာနိုင်ရန်​ ဆွေးနွေးမှုပြုလုပ်

0
98

နေပြည်တော်၊ဖေဖော်ဝါရီ ၂၇ ၊၂၀၁၈။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များ ထပ်တိုးပါဝင် လာနိုင်ရန် ​ဆွေးနွေးမှုပြုလုပ်နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

“အခုဆွေးနွေးနေတာက တိုင်းရင်းသားလက်နက်ကိုင်ဘက်က UPDJC မှာ ကိုယ်စားလှယ် (၁၆)ဦးပေးထားတယ်။အခုလည်း(၁၆)ဦးနဲ့ပဲ ဆွေးနွေးဖို့ ကျွန်တော်တို့ဘက်က အဆိုပြုထားတယ်။ လက်မှတ်ထိုးတာက အဖွဲ့ (၁၀)ဖွဲ့ဖြစ်လာပြီဆိုတော့ သူတို့ဘက်က တစ်ဖွဲ့ကို ၂ ဦးနှုန်းနဲ့ (၂၀)ဦး ပါသင့်တယ်လို့ အဆိုပြုတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်ဆွေးနွေးပါ ။ ကျွန်တော်တို့ ဘက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ချင်ပါတယ် “ ဟု ဦးလှမောင်ရွှေ က ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ရုံးတွင်ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်း အဝေး ခေတ္တနားချိန်တွင် သတင်းထောက်များမေးမြန်းမှုအား ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့်အဖွဲ့ ၈ ဖွဲ့ရှိရာမှ ယခု အစိုးရသစ်လက်ထက်တွင် မွန်ပြည်သစ်ပါတီနှင့်​ လားဟူ ဒီမို ကရက်တစ် အစည်းအရုံးအဖွဲ့ နှစ်​ ဖွဲ့ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ခုနှစ် အောက်တိုဘာလတွင် (UPDJC)အစည်းအဝေးအား အစိုးရ ၊တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် စတင်ကျင်းပချိန်မှစ၍ လက်နက်ကိုင်အဖွဲ့များမှ တဦးချင်းစီအတွက် ကိုယ်စားလှယ် (၁၆)ဦးရွေးချယ်ကာ အစည်းအဝေးများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply