YBSမှတ်တိုင်များကို အဆင့်မြှင့်တင်တည်ဆောက်မည်

0
121

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၈

အမိုးအကာနှင့် ထိုင်စရာနေရာမပါရှိသည့် YBS မှတ်တိုင်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်ကပြောသည်။

လှိုင်မြို့နယ် အင်းစိန်လမ်းမနှင့် ဗဟိုလမ်းပေါ်ရှိကားမှတ်တိုင်များတွင် အမိုးအကာနှင့်ထိုင်စရာပါရှိသောမှတ်တိုင်များ ကိုအမြန်ဆုံး ပြုလုပ်ပေးရန် အစီအစဉ်ရှိမရှိနှင့်ပတ်သတ်၍ လှိုင်မြို့နယ် မဲဆန္ဒနယ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ မေးခွန်းနှင့် စပ်လျဉ်း၍ ဒေါ်နီလာကျော်ကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော်အတွင်း ယာဉ်ရပ်မှတ်တိုင်အတော်တော်များများမှာ အမိုးအကာနဲ့ထိုင်စရာအခက်အခဲရှိတဲ့အတွက် သို့သော်လည်း ပလက်ဖောင်းတွေရဲ့ အကျယ်အ၀န်းနဲ့မှတ်တိုင်လုပ်ပေးရမယ့် စီစစ်ပြီးလေ့လာစစ်ဆေးပြီး အဆင့်မြှင့် တင်တည်ဆောက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားအပ်ပါတယ်”ဟု ဒေါ်နီလာကျော် ကပြောသည်။

ရန်ကုန်မြို့အတွင်း ကမ်းနားလမ်း ၊ ဘုရင့်နောင်လမ်း ၊ လှိုင်မြစ်လမ်း ၊လမ်းသစ်လမ်း ၊ ပြည်လမ်း ၊ ကမ္ဘာအေးဘုရားလမ်း ၊ ပါရမီလမ်း ၊သံသုမာလမ်း ရှိမှတ်တိုင်ပေါင်း ၅၀၀ကို အဆင့်မြှင့်တင်ဆောက်လုပ်ရန် အတွက် FMI Decauxကုမ္ပဏီတင်ဒါအောင်မြင်ပြီးဖြစ်ကာ မှတ်တိုင် ၅၀၀တွင် မပါရှိသည့် မှတ်တိုင်များကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးကပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်လာ၁၃သန်းရင်းနှီးမြုပ်နှံမည့် အဆိုပါမှတ်တိုင် ၅၀၀အဆင့်မြှင့်တင် ဆောက်လုပ်ရန်အတွက် ဇန်န၀ါရီလ ၂၀ရက်နေ့က တင်ဒါအောင်မြင် ခဲ့သည့်ကုမ္ပဏီနှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ လက်မှတ်ရေး ထိုးခဲ့ပြီး အဆိုပါအခမ်းအနားတွင် ကျန်ရှိနေသည့် ဘတ်စ်ကားမှတ်တိုင်များကို ဆက်လက်ဆောင်ရွက်သွားရန် ရှိကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

အဆိုပါမှတ်တိုင် ၅၀၀အား ၁၈လအတွင်းဆောက်လုပ်သွားမည်ဖြစ်ပြီး ပြင်သစ်နည်းပညာဖြင့်ဆောက်လုပ်မည်ဖြစ်ကာ မှတ်တိုင်များတွင် ရန်ကုန်မြို့တော်၏သတင်းအချက်အလက်များကိုအသိပေးဖော်ပြသွားမည့် ဆိုင်းဘုတ်အပါအ၀င် ကြော်ငြာဆိုင်းဘုတ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဥာဏ်

Leave a Reply