YBS ယာဉ်စီးခ ဈေးမတက်

0
220

ရန်ကုန် ဖေဖော်ဝါရီ ၂၈။ ၂၀၁၈

YBS ယာဉ်စီးခကို တိုးမြှင့်ကောက်ခံမည်ဆိုသတင်းများမှာ မဟုတ်မှန်ဘဲ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ( YRTA ) ကလည်း ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောသည်။

“ အဲဒီသတင်းမဟုတ်ပါဘူး။ အဖွဲ့ကလည်း ထုတ်ပြန်ထားခြင်း မရှိပါဘူး “ ဟု YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က ပဉ္စမလှိုင်း မီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ယာဉ်စီးခများတိုးမြှင့်ကောက်ခံမည်ဆိုသော သတင်းများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ၄င်း၏ ဖေ့ဘုတ်ပေါ်တွင် ရေးသားထားပြီးနောက် ဝေဖန်မှတ်ချက်များဖြင့် ပျံ့နှံ့လာသည်။

“ အစတုန်းကတော့ ကားခတွေဈေးတက်မယ်လို့ ကြားတယ်။ လုပ်ငန်းရှင် တွေရဲ့ ပြော စကားတွေအရရောပေါ့။ ဒီနေ့မှာ ဒေါ်နီလာ ကျော်နဲ့တွေ့လို့ မေးဖြစ်တယ်။ မဟုတ်ပါဘူးလို့တော့ ပြောတယ်။ “ ဟု ဖေ့ဘုတ်စ်တွင် ရေးသားခဲ့သည့် တိုင်းလွှတ်တော်ကိုယ်စားလှယ် က ပြောကြားသည်။

YBS ယာဉ်စီးခကို လက်ရှိကောက်ခံနေသော နှုန်းထားထက် နှစ်ဆခန့် တိုးမြှင့်ကောက်ခံမည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း ပြနလည်ရှင်းလင်းခဲ့ခြင်း လည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘတ်စ်ကားပြေးဆွဲမှုစနစ် ပိုမိုကောင်းမွန်စေရန်အတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မထသ ကို ဖျက်သိမ်းပြီး YBS စနစ်ကိုပြောင်းလဲခဲ့သည်။

YBS ယာဉ်လိုင်းများ ပြောင်းလဲလိုက်သည့် နောက်ပိုင်းတွင် အရှုံးပေါ်နေ သော ကုမ္ပဏီများရှိပြီး ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု စနစ်ကို ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့သည်။

လက်ရှိအချိန်ထိ YBS ယာဉ်လိုင်း ၉၂ လိုင်းမှ ယာဉ်အစီးရေ ၄၀၀ ခန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – Yangon Bus Service – YBS

Leave a Reply