လန်နခ သို့မဟုတ် ဆဒုံးရေတံခွန်

0
275

လန်နခ ရေတံခွန်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ အရှေ့ဖက်ကို မိုင် ၆၀ လောက် သွားရင် ရောက်ပါပြီ။ ဆဒုံးမြို့နယ် အတွင်းမှာ တည်ရှိတာကြောင့်လည်း ဆဒုံးရေတံခွန်လို့ ခေါ်ကြပါတယ်။ တောင်စဉ်တောင်တန်းတွေပေါ်က အရှိန်နဲ့ကျဆင်းလာတဲ့ရေတွေ ဟာ ကျောက်လွှာ ခုနှစ်ခုခန့်ကိုဖြတ်ကျော်စီးဆင်းလာပြီး ချောင်းအဖြစ်နဲ့ ဆက်လက်စီးဆင်းစေပါတယ်။ တောရိပ်တောင်ရိပ်တွေနဲ့ သဘာဝက ပေးထားတဲ့ နေရာလေးတစ်ခုပါ။

ဒီရေတံခွန်ကို တွေ့ရှိခဲ့တာဟာမကြာသေးတဲ့အတွက် သဘာဝအတိုင်း နီးပါးတွေ့ရှိရမှာပါ။ တရုတ် – မြန်မာ နယ်စပ် ကန်ပိုက်တည်းမြို့နယ် နဲ့လည်း နီးပါတယ်။ ကုန်သွယ်ရေးကောင်းဖို့တရုတ်အင်ဂျင်နီယာတွေ တောင်ပတ်လမ်းဖောက်လုပ်ရာကနေ စတင်တွေ့ရှိခဲ့တယ် လို့လည်း သိရပါတယ်။

မြစ်ကြီးနားမြို့ကနေသွားရမှာဖြစ်ပြီး လိုင်းကားမရှိပါဘူး။ အုပ်စုလိုက် သွားချင်ရင်တော့ ကားစင်းလုံးငှားလို့ရပါတယ်။ ကန်ပိုက်တည်အထိ ငှားပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုလည်း လေ့လာလို့ရမှာပါ။ မြန်မာ့ တပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ အဲဒီ ဒေသတစ်ဝိုက် နားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် အခုချိန်မှာတော့ နယ်မြေအေးချမ်း သလောက်တော့ရှိပါတယ်။ တပ်မတော်ရဲ့ စစ်ဆေးရေးဂိတ်တချို့လည်း ရှိပါတယ်။

မြစ်ကြီးနားကနေ ဝိုင်းမော်မြို့နယ်ကို ဖြတ်ပြီးရင် တရုတ် အင်ဂျင်နီ ယာတွေ ဖောက်လုပ်ထားတဲ့ ကန်ပိုက်တည်းလမ်းကိုရောက်ပါပြီ။ ဖောက်ထားတဲ့လမ်း အရည်အသွေးကိုကြည့်ပြီး အံ့သြသွားနိုင်ပါတယ်။

ရေတံခွန်နားမှာ ဆိုင်ကြီးဆိုင်ကောင်းတွေ မရှိပေမယ့် ကချင် အစား အစာရောင်းချတဲ့ အိမ်ဆိုင်လေးတွေတော့ရှိပါတယ်။ သဘာဝ အလှ အပတွေခံစားရင်း ရေတံခွန်မှာ အနားယူလို့ရပါတယ်။

ရုံးပိတ်ရက်ရှည် တွေမှာ ခရီးသွားချင်သူတွေ ဘယ်သွားရမှန်း မသိသေးသူတွေ သွားနေကျ ခရီး မဟုတ်ဘဲ မရောက်ဘူးသေးတဲ့ နေရာတွေကို သွားချင်နေသူတွေ အတွက် အဆင်ပြေမယ့် ခရီးဖြစ်မှာပါ။

ဒီရေတံခွန်တစ်ခုတည်းနဲ့ ခရီးမတန်ဘူးဆိုရင် အဲဒီရေတံခွန်လေးကနေ ထပ်သွားလို့ရတဲ့ နေရာတွေ ရှိပါသေးတယ်။ တရုတ်နယ်စပ် အထိ သွားလို့ ရသလို ဝိုင်းမော် ကနေလည်း ဧရာဝတီမြစ်ကြီး စတင်ဖြစ်ပေါ်တဲ့ မေခ မလိခမြစ်ဆုံတဲ့ နေရာကိုလည်း သွားလို့ရပါသေးတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာဆိုရင်လည်း စစ်ဘေးသင့် ဒုက္ခသည် စခန်းတွေ ကိုလည်း သွားရောက်ကြည့်ရှုနိုင်ပြီး သူတို့ရဲ့ဘဝတွေ ဘယ်လိုရုန်းကန် နေထိုင်ရသလဲ ဆိုတာတွေကိုလည်း လေ့လို့ရပါသေးတယ်။

အချိန်နဲ့ငွေ ပေးနိုင်သလောက် ရောက်ရှိမယ့် ခရီးစဉ်လည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာဆိုတော့ တောတောင်တွေရဲ့ အရိပ်အငွေ့တွေ ကြားထဲ အမောအပန်းတွေပြေနိုင်မှာပါ။

ပိတ်ရက်ရှည်မှာ ခရီးထွက်ဖို့ ပြင်နေသူတွေ ပိတ်ရက်နည်းသူတွေ အတွက်ဆိုရင်လည်း မြစ်ကြီးနားအထိ လေယာဉ်နဲ့သွားမယ်ဆိုရင် အချိန် ပေးရတာ သက်သာစေမှာပါ။ ရန်ကုန် ကနေ မြစ်ကြီးနားအထိ လေယာဉ် နဲ့ သွားနိုင်သလို မန္တလေးက တဆင့် ရထားနဲ့လည်း သွားနိုင်ပါတယ်။

သျှင်ရဲထွဋ်

Leave a Reply