နေပြည်​​တော်​တွင် အမေရိကန်အခြေစိုက်ဆေးဝါးကုမ္ပဏီတစ်​ခု စက်​ရုံ​ဆောက်​ရန်​ ​လျှောက်​ထား

0
180

နေပြည်တော်၊မတ် ၃၊၂၀၁၈

ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော်၊ ဒက္ခိဏသီရိ အသေး စားနှင့် အလတ်စား စက်မှုဇုန်တွင် အမေရိကန် အခြေစိုက်ဆေးဝါး ကုမ္ပဏီတခုမှ စက်​ရုံတည်​​ဆောက်​ရန်​ ပြည်​ထာင်​စုနယ်​​မြေ စက်မှု စစ်ဆေးရေးနှင့်ကြီးကြပ်ရေးဦးစီးဌာနသို့ ​လျှောက်​ထားသည်​ဟု ယင်းဌာနမှ သိရသည်​။

“အမေရိကန်အခြေစိုက်ဆေးဝါးကုမ္ပဏီ တစ်ခုကတော့ ပြည်တွင်း လုပ်ငန်းရှင်နဲ့ ပူးပါင်းပြီးလျှောက်ထားတာတော့ တစ်​ခုပါပါတယ်။ ကျန်တာကတော့ သာမာန်လုပ်ငန်းတွေပဲ ပါပါတယ်။ စက်ရုံတစ်ခုက လူဦးရေ ဘယ်လောက်ခန့်အပ်မလဲဆိုတာကတော့ လျှောက်တဲ့ ကုမ္ပဏီပေါ်မှာပဲမူတည်ပါတယ် ကျွန်တော်တို့အနေနဲ့ သတ်မှတ် ထားတာတော့မရှိပါဘူး။ဒါပေမယ့် နေပြည်တော်အရတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှုအနဲဆုံးလုပ်ငန်းတွေကိုတော့ ကျွန်တော်တို့စီစစ်မှာပါ လုပ်ငန်းရှင် ၉ဦးက လျှောက်ထားတာပဲရှိသေးတယ်။ မရောင်းရသေး ပါဘူး” ဟု စက်မှုစစ်ဆေးရေးနှင့် ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ပြောသည်။

စက်မှုဇုန်အတွင်း အထည်ချုပ်လုပ်ငန်းများ ၊ အီလတ်ထရောနစ် လုပ်များ လာရောက်လျှောက်ထားပါက ဦးစားပေးရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းရှင်(၉)ဦးမှ လျှောက်လွှာများနှင့် Proposal များအား လက်ခံစီစစ်ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။

လုပ်ငန်းရှင် (၉)ဦးအား လျှောက်လွှာလျှောက်ထားမှုအပေါ်မတ်လ ပထမပတ်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း ဦးဟိန်းဇော်က ပြောသည်။

“ဒီလျှောက်ထားတဲ့လုပ်ငန်းရှင် (၉) ဦးကိုတော့ ခွင့်ပြုတယ် မပြုဘူး ဆိုတာကတော့ မတ်လ ပထမအပတ်မှာ အဖြေထွက်မှာပါ။ ပြည်ပ ကုမ္ပဏီတွေ နိုင်ငံခြားကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံဖို့ဆိုရင်တော့ ရင်းနှီးမြှပ်နှံမှုကော်မရှင်ဘက်ကနေ သွားရမှာပေါ့။ ရင်းနှီးမြှပ်နှံမှု ကော်မရှင်က ဥပဒေအရ နိုင်ငံခြားသားကိုမြေအပိုင်ရောင်းလို့မရဘူး။ ဒီသဘောတော့ ရှိတယ်။ကျွန်တော်တို့ကရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုတယ်ဆိုရင်တော့ လက်ရှိရင်းနှီးမြှပ်နှံမှုကော်မရှင်ဥပဒေအရ မြေငှားတဲ့စနစ်နဲ့ပဲ သွားရမှာပေါ့။ ဒါကလည်း ရင်းနှီးမြှပ်နှံမှု လုပ်ငန်းပေါ်မူတည်ပါတယ်”ဟုဦးဟိန်းဇော်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှု တကယ်ပြုလုပ်မည့်သူများကိုသာ အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းလျှောက်လွှာခွင့်ပြုသည့်နေ့မှစ၍ စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ စက်မှုဇုန်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း ၊လယ်ဝေးဘူတာနှင့် နေပြည်တော်လေယာဉ်ကွင်း များသို့ လွယ်ကူစွာသွားလာနိုင်ပြီး မြေဧရိယာ (၃၄၆•၅၃၂) ဧရိယာ ပေါ်တွင် ဧကမြေပေါင်း(၁၀၀) ကွက်အား ၂၀၁၃ ခုနှစ်တွင်ဖော်ထုတ် ထားပြီး ကျောက်မျက်အလုပ်ရုံများဖော်ဆောင်နိုင်ရန် သတ်မှတ်ထားရာမှ မြန်မာစည်သူကျောက်မျက်ကုမ္ပဏီသို့ (၂.၅)ဧက အကွက် (၁၀) ကွက်သာ ရောင်းချနိုင်ခဲ့ကြောင်းသိရှိရသည်။

မြေကွက်(၁၀၀) ကွက်မှ မြေကွက်(၅၆) ကွက်(ဓာတ်အားခွဲရုံအပါအ၀င်) ရောင်းချခဲ့ပြီး(၄၄) ကွက်ရောင်းချရန်ကျန်ရှိနေကြောင်း၊ မြန်မာ စည်သူကျောက်မျက်ကုမ္ပဏီအပါအ၀င်သိုလှောင်ရုံနှင့် အချောထည် လုပ်ငန်း(၂၆)ကွက် ၊ဓာတ်အားခွဲရုံ(၁)ကွက် ၊မြေထိုးမြေဖော်စက် များပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း(၂)ကွက်၊စုစုပေါင်း(၂၉)ကွက်သည် စက်မှုလုပ်ငန်းအတွက် အကျုံးဝင်မှုမရှိသော်လည်း ရောင်းချပြီး ကျန်သည့်(၂၇)ကွက်သည်သာ ကုန်ထုတ်လုပ်နှင့်သက်ဆိုင်သည့် စက်မှုလုပ်ငန်းများ ​​ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်Infrastructure အနေဖြင့် လမ်း(၇)လမ်းအား(၂)လမ်းသွားကွန်ကရစ်လမ်းဖြစ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်ကွန်ကရစ်ရေမြောင်း(၃၃၀၃၀) ပေ၊ ကျောက်စီ ရေမြောင်း (၇၉၈၅)ပေပြုလုပ်ခြင်းအပြင် ပင်​မစွန့်ပစ်ရေမြောင်းအား ပတ္တာချောင်းသို့ ဆက်သွယ်၍ စွန့်ပစ်ရန် ဆောင်ရွက်ထားကြောင်းလည်း သိရှိရသည်။

လျှပ်စစ်ဓာတ်အားအနေဖြင့် 33/11KV(10MVA) ဓာတ်အားခွဲရုံ တစ်ရုံကို သီးခြားတည်ဆောက်ထားပြီးဓာတ်အားပြည့်ဝစွာဖြန့်ဖြူးပေးလျှက်ရှိ ကြောင်း ဆက်သွယ်ရေးအနေဖြင့် တယ်လီဖုန်းလိုင်းများ Cable TVလိုင်းများ၊ADSL အင်တာနက်လိုင်းများနှင့် CATV လိုင်းများ တပ်ဆင်ထားကြောင်းလည်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply