ပဲခူးမြို့တွင် တန် ၂ဝ ချေဖျက်နိုင်မည့် အမှိုက်ချေဖျက်စက်ရုံ တည်ဆောက်မည်

0
182

ပဲခူး၊ မတ် ၂၊ ၂၀၁၈

ပဲခူးမြို့တွင် တစ်ရက်လျှင် တန် ၂ဝ ခန့်ချေဖျက်နိုင်မည့် အမှိုက်ချေဖျက်စက်ရုံအား နန်းတော်ရာရပ်ကွက်အနီးရှိ ဖဲဖောင်တော်ကွင်း သုဿန်ဟောင်းနေရာ၌ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သတင်းရရှိသည်။

အဆိုပါ စက်ရုံတည်ဆောက်ရေးစီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရံပုံငွေမှ ကျပ်သိန်း ၂၂၅ဝ အသုံးပြု၍ ယခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကာ တည်ဆောက်ရေးအတွက် မြေညှိသည့်လုပ်ငန်းနှင့် အဆောက်အဦဆောက်လုပ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ အမှိုက်တွေကိုခွဲခြားပြီးတော့ မြေသြဇာအဖြစ် ပြောင်းထုတ်တာလည်း ရှိမယ်။ နောက်တစ်ခုက သတ္တုတို့၊ ဖိုက်ဘာတို့၊ ဘီယာဘူးခွံတို့ အဲဒီလိုဟာတွေကိုတော့ သုံးလို့ရတာပြန်သုံးမယ်။ သုံးမရတာကျတော့ မြေကျင်း တူးပြီးမြှပ်မယ်”ဟု စည်ပင်သာယာရေးကော်မတီမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်နိုင်က ပြောသည်။

စက်ရုံတည်ဆောက်ပြီး လုပ်ငန်းအကောင်အထည်ဖော်လုပ်ဆောင်မည် ဆိုပါကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာလည်းရောက်မည်ဖြစ်ကာ အဆိုပါလုပ်ငန်းအောင်မြင်ပါက တိုင်းဒေသကြီးအတွင်းမှ ကျန်မြို့နယ်များတွင်လည်း ယခု လုပ်ငန်းအပေါ်နမူနာယူ၍ ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိအခြေအနေမှာ ကျွန်မတို့အနေနဲ့က အမှိုက်စွန့်ပစ်မှုနဲ့ ပြန်လည်သိမ်းဆည်းနိုင်မှုက မမျှတဲ့ပုံစံမျိုး ရှိနေတယ်။ အခုလိုမျိုး အမှိုက်ချေဖျက်စက်လည်းထားမယ်။ နောက် အမှိုက်သိမ်းယာဉ်တွေပေါ့နော်၊ ဒါတွေလည်းထပ်တိုး မှာယူထားပြီးဖြစ်တော့ မြို့တော်သန့်ရှင်းမှုအတွက် စနစ်တကျလုပ်ဆောင်လာနိုင်မှာပါ” ဟု စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မြင့်မြင့်ဝေက ဆိုသည်။

စက်ရုံအတွက်လိုအပ်မည့် စက်ပစ္စည်းများကို ထိုင်းနိုင်ငံမှဝယ်ယူနိုင်ရေးအတွက် ထိုင်းနိုင်ငံအခြေစိုက် စိုင်ယန်ကွန်ပို ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုထားရှိပြီး ပေ ၁ဝဝ ပတ်လည် စက်ရုံ၊ အမှိုက်သန့်စင်စက်ရုံ ဂိုဒေါင်၊ ရုံးခန်း၊ ရေစင်၊ စက်ရေတွင်း နှင့် ရေစက်တပ်ဆင်ခြင်း၊ 200KVAထရန်စဖော်မာ တပ်ဆင်ခြင်းတို့ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

ပဲခူးမြို့တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၁ဝဝ ကျော်ထွက်ရှိသည်ကို စည်ပင်သာယာရေးကော်မတီမှ အမှိုက်တန်ချိန် ၅ဝ ဝန်းကျင်ခန့်သာသိမ်းယူနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း အဆိုပါကော်မတီစာရင်းများအရ သိရသည်။

မိုးမြေ

Leave a Reply