မတ်လ ၃ရက်နေ့အတွက် နံနက်ခင်း သတင်းများ

0
151

– ၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်မှာ တင်ဒါလေလံ အရပ်ရပ်ကနေ အလှူတော်ငွေကျပ်သိန်း (၁၂,၇၉၂)ကျော် ရရှိခဲ့တယ်လို့ DVB သတင်းဌာနက ဖော်ပြထားပါတယ်။အဆိုပါဘုရားပွဲမှာ တည်းခိုခန်းခတွေဟာ အရင်နှစ်တွေကထက် ပိုပြီး ဈေးတက်လာတယ်လို့လည်း သိရပါတယ်။

– လက်နက်မှု၊မတရားအသင်းဆက်သွယ်မှုတွေနဲ့ အလိုရှိနေတဲ့ တရားခံပြေး ကြံ့ခိုင်ရေးပါတီရဲ့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖေဖော်ဝါရီ ၂၈ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။အဆိုပါကိစ္စအတွက်
“ယခင်လူကြီးတွေက ရွေးချယ်ခဲ့တဲ့အတွက် ဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတဲ့အပေါ်မှာ ပြောဖို့ ကျနော်တို့လည်း မရှိတော့ မသိဘူး။ ယခင်သက်တမ်းမှာ သူတို့ ရွေးချယ်ခဲ့တာကို နိုင်ငံသားတယောက်အနေနဲ့ ဥပဒေချိုးဖောက်တယ် ဆိုရင်တော့ သတ်မှတ်ထားတဲ့ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအရ အရေးယူခံရမှာပဲ။ ဒီအပေါ်မှာ ကျနော်တို့ ဘာမှပြောစရာ အကြောင်းမရှိဘူး။ ကျနော်တို့ပါတီအနေနဲ့လည်း အကြမ်းဖက်မှုကို လုံးဝအားမပေးဘူး။ ဒါကို လုံးဝရှုတ်ချတယ်။ တောက်လျှောက်လည်း အကြမ်းဖက် လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ပါတီဖြစ်တယ်။ ယခင်တုန်းက ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ အရင်တုန်းက တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေလည်း အခုအချိန်ထိ သက်ရှိထင်ရှား ရှိနေတော့ သူတို့ကို မေးမြန်းရင်တော့ ဘာကြောင့် ရွေးချယ်ခဲ့တယ်၊ ဘယ်လို ဆောင်ရွက်တယ် ဆိုတာမျိုး သိရမယ် ထင်တယ်။”လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒလှမြင့်က DVBကို ပြောပါတယ်။

– International Narcotics Control Board (INCB) အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့က ကမ္ဘာ့မူးယစ်ဆေးဝါးဆိုင်ရာ ၂၀၁၇ အစီရင်ခံစာကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးနိုင်ငံအဖြစ်ဖော်ပြထားပါတယ်။

မြန်မာ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၀၆ မှာ အနိမ့်ဆုံးကို ကျသွားပေမယ့် တဖြည်းဖြည်းနဲ့ ပြန်တိုးလာနေခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းက ရှမ်းပြည်မြောက်ပိုင်းကဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC ရဲ့ နောက်ဆုံးကောက်ယူခဲ့တဲ့စစ်တမ်းအရ ရှမ်းပြည်နယ်တွင်းဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ၂၀၁၆ မှာပိုတိုးလာတယ်လို့ ဆိုထားပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံတွင်း မက်သာဖက်သာမင်းလို့ခေါ်တဲ့ စိတ်ကြွဆေးပြားထုတ်လုပ်မှုတွေ တိုးလာနေပြီး ၂၀၁၆ ခုနှစ်အတွင်းစိတ်ကြွးဆေးပြား ၂တန်ခွဲကို ဖမ်းဆီးမိခဲ့ပါသေးတယ်။

ဒါ့အပြင် ဘိန်းဖြူနဲ့ fentanyl လို့ခေါ်တဲ့ မူးယစ်ဆေးဝါး တင်ပို့မှုတွေဟာ Mexico နဲ့ အမေရိကန်ပြည်ထောင်စုမှာ တိုးပွါးလာနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ကမ္ဘာတ၀ှမ်း မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုအကြောင်းအသေးစိတ် ဖော်ပြထားတဲ့အစီရင်ခံစာကို ကြာသပတေးနေ့မှာ INCB ကထုတ်ဝေလိုက်တာပါ။ Mexico နိုင်ငံတွင်းသုံးစွဲနေတဲ့ ကိုကိန်း လေးပုံ သုံးပုံဟာ Mexico နဲ့ အမေရိကတိုက်အလယ်ပိုင်းက ၀င်ရောက်လာတာဖြစ်တယ်လို့လည်း အစီရင်ခံစာကဖော်ပြပါတယ်။ VOA

– တကျော့ပြန် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်ရာက သံတမန်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတဲ့အပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ စိုးရိမ်မှုအပေါ် နားလည်ကြောင်းနဲ့ လတ်တလောမှာ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း” အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Heather Nauert က မနေ့တုန်းက ၀ါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

၂ နိုင်ငံ နယ်စပ်အနီး မြန်မာဘက်ခြမ်းမှာ ရာဂဏန်းချီတဲ့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေ ရှိခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာတာဝန်ရှိသူတွေကို တရားဝင် ကန့်ကွက်ခဲ့ပြီးနောက်မှာပဲ အမေရိကန်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ဒုက္ခသည် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ အတွက်လည်း နိုင်ငံတကာ အသိုင်းအ၀န်းက အခြေအနေကို အနီးကပ်စောင့်ကြည့် နေကြတာပါ။

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအာဏာပိုင်တွေကတော့ ထောင်ဂဏန်းချီရှိတဲ့ ရိုဟင်ဂျာတွေ ယာယီနေထိုင်နေကြတဲ့ ၂ နိုင်ငံကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ နယ်မြေအနီး မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးတွေနဲ့အတူ နေရာယူခဲ့တာ တွေ့ခဲ့ရပြီး နောက်မှာပဲ မနေ့တုန်းက ချက်ခြင်းဆိုသလို၊ မြန်မာတာဝန်ရှိသူတွေကို ကန့်ကွက်ခဲ့ကြပါတယ်။ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အသံချဲ့စက်တွေနဲ့ ဒုက္ခသည်တွေကို မောင်းထုတ်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့တာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ARSA အစွန်းရောက်အဖွဲ့ အပါအ၀င် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေအရ တုံ့ပြန်ဆောင်ရွက်ခဲ့တာသာ ဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရန်လိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း ပြောဆိုထားကြပါတယ်။ VOA

– အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ မြေယာအရေးကိစ္စရပ်တွေကြောင့် တောင်သူတွေ တရားရင်ဆိုင်ရတာတွေဟာ ယခင်အစိုးရထက်များနေတယ်လို့ ဒီနေ့ မန္တလေးမြို့မှာ ပြုလုပ်တဲ့ ၈၇ နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ကို တက်ရောက်လာသူတွေက ပြောပါတယ်။ RFA

– ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဦးဆောင်ကျင်းပမယ့် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးခင် အကြိုဆွေးနွေးပွဲတွေ ကျင်းပခွင့်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း ကို ALP က တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကကျင်းပခဲ့တဲ့ JICM အစည်းအဝေးမှာ တောင်းဆိုခဲ့တာဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က အချိန်စောင့်ပေးဖို့သာ ပြောကြားခဲ့တယ်လို့ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ကပြောပါတယ်။ RFA

– မွန်ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ရန် မွန်ပြည်သစ်ဥက္ကဋ္ဌ တိုက်တွန်း

မကြာသေးမီကမှ အပစ်ရပ် NCA လက်မှတ် ရေးထိုးထားခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ဥက္ကဋ္ဌ နိုင်ထောမွန်က မွန်ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလအတွင်းမှာ ပါဝင်ကူညီ အားပေးကြပါလို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ MIZZIMA

– ဗြိတိန်အခြေစိုက် The Economist Intelligence Unit အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့လုံခြုံမှု မရှိဆုံးမြို့များ စာရင်းမှာ မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့က ဒုတိယနေရာမှာ ရှိနေပါတယ်။

ဒါဟာ တရားဥပေဒစိုးမိုးမှု ကင်းမဲ့တဲ့အခြေအနေတွေကြောင့်အပြင် တရားရေးမဏ္ဍိုင်ရဲ့ အားနည်းချက်တွေကြောင့်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

RFA

Leave a Reply