ပုဂံတွင် ရှုခင်းကြည့်တောင်ကုန်း (၂) ခု ထပ်မံပြုလုပ်မည်

0
152

မန္တလေး၊ မတ် ၃၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပုဂံဒေသတွင် ဘုရားပေါ်သို့ တက်ရောက်ခြင်းကို တားမြစ်လိုက်ပြီးနောက်တွင် ရှုခင်းကြည့်တောင်ကုန်းများ ပြုလုပ်ပေး ခဲ့ရာ ထပ်မံ၍ ရှုခင်းကြည့်တောင်ကုန်း (၂) ခု ထပ်မံပြုလုပ် သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က သိရသည်။

၂၀၁၇ ခုနှစ်က ပုဂံဒေသတွင် ရှုခင်းကြည့်တောင်ကုန်း (၃) ခုဖြစ်သည့် အနောက်ဖွားစောကျေးရွာအနီးတစ်ခု ၊ စူဠာမဏိဘုရား အနီးတွင် တစ်ခု၊ သပိတ်မှောက်ဘုရားအနီးတွင်တစ်ခု တို့ကို ပြုလုပ်ပေးခဲ့ပြီး ထပ်မံ၍ လေးမျက်နှာကန်အနီးတွင်တစ်ခု နှင့် ပုဂံမြို့သစ်သွားကားလမ်းဘေးတွင် တစ်ခု ပြုလုပ်သွားဖို့ရှိကြောင်း သိရသည်။

“အရင်တုန်းကတော့ ဒီလို ရှုခင်းကြည့်တောင်ကုန်းတွေ လုပ်စမှာတော့ လာတဲ့သူနည်းပါတယ်။ လာတဲ့သူနည်းတဲ့ အကြောင်းအရင်းကလည်း မသိသေးတာလည်းပါတယ်။ ပုဂံဘုရားတွေအပေါ် တက်ကြည့်ဖို့ကိုပဲ စိတ်အားထက်သန်တာတွေလည်း ပါမယ် ။ နောက်တစ်ခုက သွားလာမှု လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက်လည်းပါမယ် ။ ခုကျတော့ ဘုရားစေတီပုထိုးတွေပေါ်မှာလည်း တက်ခွင့်မပေးတော့တဲ့အတွက် အဲ့ဒီရှုခင်းကြည့်တောင်ကုန်းတွေကို သွားတဲ့သူတွေများတယ။ ဒါ့ကြောင့် ထပ်တိုးပြီး လုပ်ပေးတာဖြစ်တယ်´´ ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ပုဂံဘုရားများအနေဖြင့် နှစ်ပေါင်းတစ်ထောင်နီးပါးရှိပြီဖြစ်သည့်အတွက် ဘုရားများအပေါ် တက်ရောက်ရန်ကြံ့ခိုင်မှုမရှိဖြစ်သောကြောင့် ဘုရား များအပေါ် တက်ရောက်ခွင့် ပိတ်ထားကြောင်း သိရသည်။

ထိုသို့ဘုရားများအပေါ် တက်ရောက်ခွင့် ပိတ်လိုက်ခြင်းနှင့် ပတ်သက်၍ ပုဂံဒေသခံများကပြန်လည်တက်ရောက်ခွင့်ပြုရန်တောင်းဆိုထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က သိရသည်။

နိုင်လင်းဦး

Leave a Reply