တရုတ်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော

0
244

တရုတ်ရေတပ်သည် အနာဂတ်တည်ဆောက်ရေး အစီအမံတစ်ခုအဖြစ် နျူကလီယာစွမ်းအင်သုံး လေယာဉ်တင် စစ်သင်္ဘောကြီး တစ်စီးအား ၇ နှစ် အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနမှ ဖော်ပြသွားခဲ့သည်။

ထို့အပြင် ကြာသပတေးနေ့တွင် တရုတ်သင်္ဘောတည်ဆောက်ရေး လုပ်ငန်းစု (CSIC) မှ ဂလိုဘယ်တိုင်း သတင်းစာသို့ အင်တာဗျူးဖြေကြားခဲ့ရာတွင် ၎င်းတို့အနေဖြင့် နျူကလီယာရေငုပ်သင်္ဘောများ၊ ပိုမိုခေတ်မီသော သမားရိုးကျစွမ်းအင်သုံး ရေငုပ်သင်္ဘောများ၊ မောင်းသူမဲ့ ထောက်လှမ်းရေး ရေငုပ်သင်္ဘောများအပြင် နျူကလီယာ စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကိုလည်း တည်ဆောက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း တရုတ်သမ္မတ Xi Jinping မှ မိမိတို့ တရုတ်တပ်မတော်အနေဖြင့် ၂၀၅၀ ခုနှစ်တွင် တစ်ကမ္ဘာလုံးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော တပ်မတော်တစ်ရပ်အဖြစ် ရောက်ရှိနိုင်ရေး အလေးထား ဆောင်ရွက်နေကြောင်းအပြင် နျူကလီယာစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော တည်ဆောက်ရန်လည်း ရိပ်ဖမ်းသံဖမ်း ပြောကြားသွားခဲ့သည်။ ထို့ကြောင့် ယခုအင်တာနက်လူမှုကွန်ယက်တွင် အထူးသတင်းဖြစ်နေသော တရုတ်တို့၏ လေယာဉ်တင်သင်္ဘော အသစ်တည်ဆောက်ရေးသည် အမှန်တစ်ကယ်ပင် အသက်ဝင်လာပြီဟု ယူဆရတော့မည် ဖြစ်သည်။

တရုတ်ရေတပ်သည် ယူကရိန်းနိုင်ငံထံမှ စွန့်ပစ်ထားသော Admiral Kuznetsov အတန်းအစား လေယာဉ်တင် စစ်သင်္ဘောအခွံကြီးအား ဝယ်ယူခဲ့ပြီး ပြည်တွင်းအင်ဂျင်နီယာများ အစွမ်းဖြင့် ပထမဆုံး လေယာဉ်တင်သင်္ဘောဖြစ်သော ‘Liaoning’ အား ပိုင်ဆိုင်နိုင်ခဲ့သည်။ ထို့နောက် CSIC သည် ပထမဆုံးတရုတ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော ‘Shangdone’ အား ၂၀၁၇ ခုနှစ် နွေရာသီတွင် ရေချပေးနိုင်ခဲ့သည်။ ၎င်းစစ်သင်္ဘောသည် ၂၀၂၀ တွင် အင်အားပြည့် တာဝန်ထမ်းဆောင်နိုင်မည်ဟု ခန့်မှန်းထားကြသည်။ ယခုမူ တရုတ်ရေတပ်သည် တတိယမြောက် လေယာဉ်တင်သင်္ဘော တည်ဆောက်ခြင်း မပြုမီတွင်ပင် Type-003 ဟု အမည်ပေးထားသော နျူကလီယာစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောအတွက် တည်ဆောက်ရေးအစီအမံများ ရေးဆွဲနေပြီဟု ခန့်မှန်းထားကြသည်။

တရုတ်နိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်အရ ၎င်းတို့ရေတပ်သည် လာမည့်ဆယ်စုနှစ်များအတွင်း လေယာဉ်တင် စစ်သင်္ဘောခြောက်စီးအထိ ပိုင်ဆိုင်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟူ၍ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နာမည်ကြီးမဂ္ဂဇင်း တစ်စောင်ဖြစ်သော Popular Science တွင်မူ တရုတ်ရေတပ်သည် လေးစီးမြောက်လေယာဉ်တင်သင်္ဘောအား ၂၀၃၀ တွင် အသုံးပြုသွားနိုင်လိမ့်မည်ဟု ခန့်မှန်းရေးသားခဲ့သည်။ Type-003 လေယာဉ်တင်သင်္ဘော၏ အသေးစိတ် အကြောင်းအရာများအား ထုတ်ပြန်ခြင်းမရှိသေးသော်လည်း အဆိုပါလေယာဉ်တင်သင်္ဘောသည် တိုက်လေယာဉ်၊ ရဟတ်ယာဉ် အစီး ၇၀ မှ ၁၀၀ ကြား တင်ဆောင်တိုက်ပွဲဝင်နိုင်မည်ဟု ဆိုကြသည်။

ခန့်မှန်းဖော်ပြချက်များအရ တရုတ်လေယာဉ်တင်သင်္ဘောသည် လက်ရှိအမေရိကန်ရေတပ်အသုံးပြုနေသော လေယာဉ်တင် သင်္ဘောများ၏စံအတိုင်း ဖြစ်လာနိုင်ဖွယ်ရာအလွန်များပြီး လောက်လွှဲစနစ် (Catapult Launch) အသုံးပြုနိုင်မည်ဖြစ်သည်။ နျူကလီယာလောင်စာစွမ်းအင် အသုံးပြုထားပြီး အဆင့်အတန်းမြင့်မားသော အီလက်ထရောနစ် အင်ဂျင်မောင်းနှင်စနစ်များဖြင့် ခုတ်မောင်းနိုင်မည်လည်းဖြစ်သည်။ လေယာဉ်တင်သင်္ဘောပေါ်တွင် စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များအား လောက်လွှဲစနစ်ဖြင့် လွှတ်တင်နိုင်ရုံသာမက အဆိုပါစနစ်သည် အမေရိကန် လေယာဉ်တင်သင်္ဘောများတွင် အသုံးပြုသော သမားရိုးကျ ရေနွေးငွေ့စွမ်းအင်သုံးစနစ် မဟုတ်ဘဲ Electromagnetic Launching System(EMLS) ဖြစ်လာလိမ့်မည်လည်း ဖြစ်သည်။

တရုတ်ရေတပ်၏ လေယာဉ်တင်သင်္ဘောများအား ခေတ်မီဖျက်သင်္ဘောများဖြစ်ကြသည့် Type-055 နှင့် Type-052D အတန်းအစား ဖျက်သင်္ဘောများ၊ Type-054A အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောများဖြင့် ပေါင်းစပ်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ၎င်းတို့၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးတပ်ဖွဲ့အား မောင်းသူမဲ့လေယာဉ်များ ရေငုပ်သင်္ဘောများ ဝေဟင်ကြိုတင်သတိပေး လေယာဉ်များ စသည်တို့ဖြင့် အဆင့်အတန်းမြင့်မားစွာ ဖွဲ့စည်းသွားမည်ဖြစ်သည်။

တရုတ်ရေတပ်၏ အစီအစဉ်များအရ ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး လေယာဉ်တင်စစ်သင်္ဘော ၃ စီး တာဝန်ထမ်းဆောင်လျှက်ရှိပြီး လေးစီးမြောက် လေယာဉ်တင်စစ်သင်္ဘောသည် ရေချပြီးဖြစ်ရမည်ဟု ရည်မှန်းချက် ထားရှိနေသည်ကို တွေ့ရသည်။ လက်ရှိကမ္ဘာပေါ်တွင် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ ဖြစ်ပွားနေသော ကျွန်းတုအရေးအခင်း၊ တောင်တရုတ်ပင်လယ် အရေးအခင်းများသည် ကြိမ်မီးကဲ့သို့ ခပ်နွေးနွေးဖြင့် တောက်လောင်လျှက် ရှိသည်။ အနာဂတ်တွင် အဆိုပါအရေးကိစ္စသည် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့အပြင် အာဆီယံနိုင်ငံများဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ဖြင့်ပါ ထိပ်တိုက်ရင်ဆိုင်လာရနိုင်သော ကိစ္စကြီးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပြီး အထက်ပါ လေယာဉ်တင်သင်္ဘော အသစ်များမှာ အဆိုပါအရေးတွင် အဓိကနေရာမှ ပါဝင်အသုံးပြုခံမည့် လက်နက်များဖြစ်လာလိမ့်မည်ဟုလည်း ယူဆရပေသည်။

ဇွဲထွဋ်ဦး

Leave a Reply