ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်များကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

0
165

ရန်ကုန် ၊ မတ် ၄ ၊ ၂၀၁၈

အခုတစ်ပတ်အတွက် အရင်ဆုံး တင်ပြမယ့် သတင်းကတော့ YBS ကားခတွေ ဈေးတက်ဖို့ မရှိသေးဘူးဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ YBS ရဲ့ ယာဉ်စီးခတွေကို တိုးမြင့်ကောက်ခံမယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ယာဉ်စီးခတွေ တက်မယ့်ကိစ္စအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ( YRTA ) ကလည်း ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောလိုက်ပါတယ်။ ယာဉ်စီးခတွေ မတက်ဘူးဆိုရင်တော့ ပြည်သူလူထုအတွက် အင်မတန်ကို ကောင်းပါတယ်။ YBS လို့ စတင်ပြောင်းလိုက်ကတည်းက မြို့နေပြည်သူ တွေဟာ ယာဉ်စီးခအတွက် ပုံမှန်ဝင်ငွေထဲကနေ ပိုပြီး ကျခံ အသုံးပြု လာခဲ့ရပါတယ်။ အရင်က ခရီတိုတစ်ခုကို ငွေ ၅၀ နဲ့ ငွေ ၁၀၀ နဲ့ သွားနိုင်ပေမယ့် YBS ပြောင်းပြီးချိန်မှာ ဘယ်သွားသွား ၂၀၀ ဖြစ်လာပါတယ်။ ယာဉ်တွေကလည်း အသစ် ၊ လမ်းကြောင်းတွေကလည်း အသစ်ဆိုတော့ ပြည်သူတွေ ကားမစီးတတ်ကြပဲ ခရီးစရိတ်တွေ ပိုကုန်ခဲ့ရပါတယ်။ အခုတော့ ယာဉ်စီးခတွေ ရှုံးနေလို့ တက်မယ်ဆိုပြီး ကောလာဟလ ထွက်လာတဲ့ အတွက် ပြည်သူတွေ အနည်းနဲံအများ စိုးရိမ်ခဲ့ကြပါတယ်။ နဂိုကမှ စားဝတ်နေရေးပြေလည်ဖို့ မနည်း ရုန်းကန်နေကြရတာ ကားခက ထပ်တက်မယ်ဆိုရင်တော့ ကိုယ့်အိမ်စရိတ်လေးတွေ ခရီးစရိတ်ထဲ ရောက်တော့မယ်ဆိုပြီး တွေးပူနေကြသူတွေလည်း ရှိခဲ့ပါတယ်။ ယခုအခါမှာတော့ ယာဉ်စီးခတွေ မတက်ပါဘူးလို့ သတင်းအတိအကျ သိရတဲ့အတွက် ပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ပါကြောင်း ပြောကြားလိုက်ပါရစေ။

အခုတစ်ခါတော့ အိမ်အကူလေးတစ်ဦးကို အက်ဆစ်နဲ့ ပက်ပြီး အိမ်ထဲမှာ ထည့်သွင်းနှိပ်စက်ခဲ့တဲ့ လူမဆန်တဲ့ သတင်းတစ်ပုဒ်ကို တင်ပြချင်ပါတယ်။မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်မှာ လစာလေး တစ်လ တစ်သောင်းနဲ့ ကုန်စုံဆိုင်မှာ အိမ်အကူလုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် မိန်းခလေးကို အိမ်ရှင် နှစ်ဦးက အက်ဆစ်နဲ့ပက်ပြီး အိမ်ထဲမှာ ထည့်ထားခဲ့ကြပါတယ်။ အိမ်အကူ ကောင်မလေးဟာ အိမ်ရှင်ရဲ့ သမီးဖြစ်သူရဲ့ သူငယ်ချင်းနဲ့ ချစ်ကြိုက်နေခဲ့ကြပြီး ဒါကို အိမ်ရှင်သမီးက သိတဲ့အခါ အိမ်ရှင်ရဲ့ သမီးနဲ့ အိမ်အကူ ကောင်မလေးတို့ စကားများခဲ့ကြပါတယ်။ သည့်နောက်မှာတော့ အိမ်အကူ မိန်းခလေး ရေချိုးနေချိန်မှာ အိမ်ရှင်ရဲ့ သမီးက အက်ဆစ်နဲ့ ပက်ခဲ့တာဖြစ်ပါတယ်။ အိမ်အကူကောင်မလေးကို ဒဏ်ရာတွေကြောင့် အိမ်ထဲက အိမ်အပြင် ပေးမထွက်ပဲ ၄ နှစ်လောက် လှောင်ပိတ်ထားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ နောက်ဆုံးမှာတော့ အိမ်အကူ မိန်းခလေးဟာ ထွက်ပြေးပြီး အမျိုးသမီးရေးရာအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့ကို အကြောင်းကြား တိုင်တန်းခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကတော့ အိမ်ရှင် အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပြီ ဖြစ်ပါတယ်။ ယခုဖြစ်စဉ်မှာ ငွေရှိသူက ထင်ရာစိုင်းပြီး လူ့အခွင့်အရေးချိုးဖောက်သလို ပြုမူဆက်ဆံတဲ့ အရိပ်လက္ခာတွေ အများအပြား သတိထားမိစေပါတယ်။ ဆင်းရဲတဲ့ လူတွေ အောက်ခြေအလုပ်သမားတွေဟာ ငွေရှင်ကြေးရှင်တွေရဲ့ ထာဝရ အနှိမ်ခံ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွေဟာ ရုပ်ရှင်တွေ ထဲမှာသာ ကြည့်လို့ ကောင်းတဲ့ အရာတွေပါ။ ဒါပေမယ့် တကယ့် ပြင်ပ လက်တွေ့ဘ၀မှာတော့ သူဌေးပဲ ဖြစ်ဖြစ် ဆင်းရဲသားပဲ ဖြစ်ဖြစ် လူဟာ လူပါပဲ။ ကိုယ်ချင်းစာတရားလေးနဲ့ အားလုံးကို ဆက်ဆံသင့်ပါတယ်။ အိမ်အကူတွေ အနေနဲ့လည်း အိမ်ရှင်ဟာ ကိုယ်နဲ့ အဆင်မပြေရင် လွှတ်လပ်စွာ ရွေးချယ်ခွင့်တွေ ရသင့်သလို အိမ်ရှင်တွေအနေနဲ့လည်း ခေါ်ယူမိတဲ့ အိမ်အကူဟာ ကိုယ့်အိမ် ကိုယ့်မိသားစုနဲ့ အဆင်မပြေဖြစ်ခဲ့ရင် တရားမျှတစွာနဲ့သာ လမ်းခွဲကြတာ ကောင်းပါတယ်။ ငါတို့က အိမ်ရှင်ပဲ ။ ကိုယ်ထိလက်ရောက် နှိပ်စက်မယ်။ နှိပ်စက်ပြီး အိမ်ထဲ ထည့်ထားမယ်ဆိုတဲ့ အတွေးနဲ့ လူတစ်ဖက်သားအပေါ် ရက်စက်တာဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာပါ။ ဒါကြောင့် ယခုဖြစ်စဉ်လေးကို ဖတ်ရှုပြီး အိမ်အကူ လုပ်မယ့်သူတွေရော အိမ်အကူခေါ်မယ့်လူတွေဟာ သင်ခန်းစာ ရနိုင်စေဖို့ ရေးသား လိုက်ရပါတယ်။

ဒီတစ်ခါတော့ အာဏာရပါတီ NLD ရဲ့ သတင်းတစ်ပုဒ်ကို တင်ပြပါမယ်။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ယုဒဿန်ခန်းမမှာ မတ်လ ၂ ရက်နှင့် ၃ ရက်က ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းလူငယ် ညီလာခံ ကိုယ်စားလှယ်တွေ့ဆုံပွဲ အခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး နိုင်ငံရေးကို လူငယ်တွေ သိဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါပွဲမှာ နေရာလုမယ့် လူတွေကို အလိုမရှိဘူးလို့လည်း ရန်ကုန်တိုင်းဒေသကြီး NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်ဌေးက ဆိုပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားအရ လူငယ်တွေ နိုင်ငံရေးကို သိဖို့ စိတ်ဝင်စားဖို့ကိစ္စဟာ တိုင်းပြည်အတွက် အင်မတန် အရေးကြီးပါတယ်။ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့အတွက်ဆိုရင်တော့ အရင်ဆုံး စာဖတ်တဲ့ အလေ့ အကျင့်ကောင်း လေးကို ပြုစုကြဖို့ လိုပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးဟာ တွေးကြည့်ရင် ရင်လေးဖို့ ကောင်းနေပါတယ်။ တိုင်းပြည်မှာ စစ်တပ်အုပ်ချုပ်ရေး ၊ ပြည်ခိုင်ဖြိုး အုပ်ချုပ်ရေး ၊ အတိုက်အခံ NLD အုပ်ချုပ်ရေးဆိုပြီး အဖွဲ့တွေ ကွဲနေပါတယ်။ ဒါ့အပြင် ဘာမှန်းညာမှန်းမသိဘဲ ဟိုလိုလို ဒီလိုလို နိုင်ငံရေးမကျ ဘာသာရေး လူမှုရေးမကျတဲ့ ပါတီတွေ လူပုဂ္ဂိုလ်တွေကလည်း ရှိနေကြပြန်ပါတယ်။ ဒီအထဲကမှ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစနစ် ထွန်းကားရေးအတွက် ပါတီနိုင်ငံရေးကို ကြည့်မယ်ဆိုရင် ဦးဆောင်သူတွေဟာ အသက်အရွယ်အားဖြင့် နေ၀င်ချိန်အရွယ်တွေ ဖြစ်နေကြပါတယ်။အကြောင်းတစ်စုံတစ်ရာကြောင့် တိမ်းပါးခဲ့ကြမယ်ဆိုရင် ပါတီတွေအတွက် ဘယ်လိုလူတွေကို မျိုးစေ့ချပေးခဲ့ကြမလဲ။ တွေးကြဖို့ အရေးကြီးပါတယ်။ ပါတီတွေ အားမကောင်းရင်တော့ နိုင်ငံရေးသမားတွေ ဘ၀ဟာ သေဆုံးကြရပါလိမ့်မယ်။ ဒါကြောင့် ပါတီတွေအနေနဲ့ မျိုးဆက်သစ် လူငယ်နိုင်ငံရေးသမားတွေကို စည်းရှိရှိ စနစ်တကျ ပြုစုပျိုးထောင်ပြီး ဖြစ်မြောက်အောင် သွန်သင်မှုတွေ ကြိုတင် လုပ်နိုင်မှသာ ဒီမိုကရေစီ စနစ်နဲ့ ပါတီနိုင်ငံရေးဟာ အဓွန့်ရှည်နိုင်မှာ ဖြစ်ပါတယ်။ ခရီးသွားရင်း စရိတ်ပြတ်သလို ဒီမိုကရေစီစနစ်ကို သွားနေရင်း အနားဂတ် မျိုးဆက်သစ်တွေ ခါးဆက်ပြတ်ခဲ့ရင်တော့ မြန်မာ့နိုင်ငံရေးဟာ အင်မတန်မှ စိုးရိမ်ဖွယ်ရာတွေ ကြုံလာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒီတစ်ခါလည်း နိုင်ငံရေးသတင်းတစ်ပုဒ်ကို တင်ပြပါမယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ နိုင်ငံရေးသမားတွေ မျှော်လင့်နေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေကြတဲ့ သတင်းလေးကို တင်ပြချင်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးတဲ့ နေရာမှာ ရွှေးကောက်ပွဲတွေကို မဲပေးဖို့ လိုပါတယ်။ ဒီလို မဲပေးလိုက်ရုံနဲ့ ပြည်သူတစ်ယောက် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် ကျေပြီလို့ မဆိုနိုင်ပါဘူး။ ကိုယ်မဲပေးတဲ့ ကိုယ့်ရဲ့ အမတ်ဟာ ရပ်ရွာအတွက် မြို့နယ်အတွက် နိုင်ငံအတွက် ဘာအလုပ်တွေ လုပ်နေသလဲ ၊ ဘယ်လို မေးခွန်းတွေ အဆိုတွေ မေးမြန်းတင်သွင်းနေသလဲ ဆိုတာ အမြဲ စောင့်ကြည့်နေဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ့်ရပ်ရွာမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ကိုယ့်ရဲ့ အမတ်ဆီမှာ တင်ပြပြီး အကူအညီတောင်း တတ်ကြဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ မဲဆန္ဒရှင်ပြည်သူတွေ မလုပ်အားတဲ့ မလုပ်နိုင်တဲ့ အလုပ်တွေကို လွှတ်တော်အမတ်တွေ ရွေးချယ်ပြီး ကိုယ့်အစား ခိုင်းဖို့အတွက် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ မဲပေးခဲ့တဲ့ အမတ်တွေဟာ ပြည်သူအတွက် မဲဆန္ဒရှင်တွေအတွက် အလုပ်မလုပ်ဘူးဆိုရင်တော့ အဆိုပါ အမတ်ကို အကျိုးအကြောင်း အထောက်အထားနဲ့ စုစည်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ တင်ပြတိုင်ကြားရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်တစ်ခုရဲ့ အခြေခံ သဘောတရားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အမတ်တွေ ကိုယ်စားလှယ်တွေ ဘာပဲလုပ်လုပ် ၊ ဘယ်လိုပဲ နေနေ ၊ မဲဆန္ဒရှင်တွေ အတွက် စောဒက တက်ခွင့် ပြောပိုင်ခွင့် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ အတည်ပြု ပြဌာန်နိုင်ခြင်း မရှိလို့ဖြစ်ပါတယ်။ ယခု NLD အစိုးရရဲ့ လွှတ်တော်မှာတော့ သည်ဥပဒေပြဌာန်ဖို့ ညှိနှိုင်းဆောင်ရွက်နေပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလာပါတယ်။ အဆိုပါ ဥပဒေဟာ ဒီမိုကရေစီ အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော် အစည်းအဝေးကတည်းက ပြဌာန်းဖို့ ဆွေးနွေးခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လွှတ်တောကိုယ်စားလှယ် အချင်းချင်း ၊ ပါတီ အချင်းချင်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံရမယ့် အရေးတွေကို တွေးပူပြီး ဥပဒေပြဌာန်းဖို့ ဆိုင်းငံ့ထားခဲ့ပါတယ်။ ယခုဒုတိယအကြိမ် လွှတ်တော်မှာတော့ အဆိုပါ ဥပဒေအတွက် ထပ်မံပြီး အသံထွက်လာတာ ဖြစ်ပါတယ်။ အစိုးရတွေ အနေနဲ့ စနစ်တစ်ခုကို အသက်သွင်း အကောင်အထည်ဖော်ရာမှာ အင်္ဂါစုံအောင် ထောင့်စေ့အောင် တွေးတော ကြံစည်ပြီး ပြင်ဆင်ထားဖို့ လိုပါတယ်။ အသွားရှိရင် အပြန်ရှိပါတယ်။ အမေးရှိရင် အဖြေရှိပါတယ်။ မွေးဖွားပြီးရင် သေဆုံးခြင်းရှိပါတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စား လှယ်တွေ ရွေးပြီးရင် ပြန်လည်ဖြုတ်ချပိုင်ခွင့် ရှိသင့်ပါတယ်။ ဒါမှသာ အင်္ဂါပြည့်စုံတဲ့ စနစ်တစ်ခု ဖြစ်လာနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။

အခုတစ်ခါ စီးပွားရေးသတင်းတစ်ပုဒ်ကို တင်ပြပါမယ်။ မြန်မာ့ထုတ်ကုန် အားလုံးကို Made in Myanmar ဖြစ်လာစေရေး အားပေးမြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန သတင်းအလက်နှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။မြန်မာ့ထုတ်ကုန်တွေကို နိုင်ငံခြားမှာလိုမျိုး brand တစ်ခု ဖြစ်ဖို့အတွက် လုပ်ဆောင်နေပြီး စိုက်ပျိုးရေးကနေ နောက်ဆုံး ထုတ်လုပ်မှုအပိုင်းအထိ အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ Myanmar Made အဖြစ် လက်ဖက်နဲ့ ကော်ဖီလောက်သာ ထုတ်လုပ်ထားနိုင်ပြီး တခြားသော ထုတ်ကုန်တွေကိုလည်း နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ယခင်က မြန်မာနိုင်ငံမှာ Made in Myanmarဆိုပြီး မော်တော်ကားတွေ ထုတ်ခဲ့ဖူးတာ အင်တာနက်ကတဆင့် မြင်တွေ့ဖူး ပါတယ်။ဒါပေမယ့်လည်း တစ်ဖြည်းဖြည်းနဲ့ တိမ်မြှုပ်ပျောက်ကွယ် ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတစ်ခု ဖြစ်တဲ့အတွက် စိုက်ပျိုးရေး ပစ္စည်းတွေကို ကုန်ကြမ်းအဆင့် ပြည်ပကို တင်ပို့ ရောင်းချရာကနေ ကုန်ချော ထုတ်လုပ်ပြီး ရောင်းချနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် ၀င်ငွေပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံတွေကို ကြည့်မယ်ဆိုရင် အများစုက စားသောက်ကုန်စည်တွေနဲ့သာ နယ်ချဲ့လာတဲ့ သဘောမျိုးနဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ ကုန်သွယ်လာကြတာ သတိထား မိတဲ့ လူတွေ သိကြမှာပါ။ တိုင်းပြည်တစ်ခုကို ကုန်မသွယ်တော့ဘူးလို့ အစားအစာတင်ပို့နေတဲ့ နိုင်ငံတစ်ခုက ကန့်သတ်လိုက်မယ်ဆိုရင် စားနပ်ရိက္ခာအတွက် တစ်ကမ္ဘာလုံး အကျပ်ရိုက်ရမယ့် သဘောတွေ ရှိလာပါပြီ။ ဆိုလိုရင်းကတော့ စားသောက်ကုန်စည်တွေရဲ့ အခန်းကဏ္ဍ ဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့အထိ နေရာယူလာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း တိုးတက်နေတဲ့ ကမ္ဘာ့လူဦးရေကို ချင့်ချိန်ပြီး ကိုယ့်နိုင်ငံရဲ့ ထွက်ကုန်တွေကို အရည်အသွေးမြင့်မြင့် ထုတ်လုပ် တင်ပို့နိုင်အောင် အစိုးရရော စီးပွားရေး လုပ်ငန်းရှင်တွေပါ ၀ိုင်းဝန်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဒီတစ်ပတ်အတွက် နောက်ဆုံးတင်ပြချင်တဲ့ သတင်းလေးကတော့ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရှောက်တောရွာမှာ မိန်းမခိုးလာတဲ့ ကောင်လေးကို ရည်းစားဟောင်းက ဓါးနဲ့ ထိုးသတ်မှုတစ်ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖြစ်ခဲ့ပါတယ်။ ကောင်လေးဟာ တစ်ခြားကောင်မလေးတစ်ယောက်ကို ခိုးယူလာပြီး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ အတွက် လွန်ခဲ့တဲ့ လေးနှစ်က ချစ်သူဖြစ်ခဲ့တဲ့ ကောင်မလေးကို အသိသက်သေအဖြစ် အကူအညီတောင်းခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်တဲ့ ကောင်မလေးကလည်း တောင်းလာတဲ့ အကူအညီကို လက်ခံခဲ့ပြီး လူချင်း စုံတဲ့အချိန်မှာ ဓားနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် ကောင်လေးဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သတိုးသမီးလောင်း ကောင်မလေးဟာလည်း ဓားဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ကောင်မလေးကတော့ သက်ဆိုင်ရာရဲ့ အရေးယူမှုကို ခံနေရပြီ ဖြစ်ပါတယ်။ အခုဖြစ်စဉ်မှာ လူငယ်တွေ အချစ်ကိစ္စနဲ့ ပတ်သက်လာရင် စကားနဲ့ မရှင်းဘဲ ဓားနဲ့ ရှင်းတဲ့ သဘောမျိုးကို တွေ့ခဲ့ရပါတယ်။ လူငယ်သဘာဝ အရွယ်ရောက်လာချိန်မှာ ချစ်သူရည်းစားထားကြပြီး ဘ၀အကြောင်း ဘာမှ မသိဘဲ အချစ်ကို ရှေ့တန်းတင်ကာ ရူးမိုက်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ဒီလို ဖြစ်စဉ်တွေ မဖြစ်စေဖို့အတွက်တော့ လူကြီးမိဘ ဆရာသမားတွေ အနေနဲ့ အရွယ်ရောက်လာတဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ပညာပေး ဆုံးမသွန်သင် မှုတွေ ပြုလုပ်သင့်ပါတယ်။ လူငယ်တွေအနေနဲ့ ချစ်သာ ချစ်ကြပါ။ မနစ်ကြပါစေနဲ့လို့သာ အကြံပြုလိုက်ပါရစေ။

အထက်ပါ သတင်းသုံးသပ်ချက်များကို ပဉ္စမလှိုင်း မီဒီယာ ၊ The Voice ၊ Akonthi ၊ RFA စတဲ့ သတင်းမီဒီယာ များမှတဆင့် ပြန်လည်တင်ပြ ထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply