ဦးပိန်တံတားကို သင်္ကြန်မတိုင်ခင်ပြုပြင်မှုများ လုပ်ဆောင်မည်

0
142

မန္တလေး၊ မတ် ၅၊ ၂၀၁၈

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ဦးပိန်တံတားကို သင်္ကြန်မတိုင်ခင် ပြုပြင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟာင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) က သိရသည်။

သင်္ကြန်ကာလတွင် တောင်သမာန်အင်းနှင့် ဦးပိန်တံတားသို့ လာရောက် သည့် ပြည်တွင်းပြည်ပ ခရီးသွားများလာရောက်မှု များပြားသည့်အတွက် တံတား ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ တိုင်လုံးတွေပဲ ပြုပြင်မယ် ။ ပြုပြင်ဖို့အတွက် အသစ် လဲလှယ်တာကို တတ်နိုင်သမျှမလုပ်ဖို့ ဝန်ကြီးချုပ်ကပြောတယ်။ကျွန်မတို့ အနေနဲ့လည်း အသားဟောင်းတွေကို ဖြတ်တာဆက်တာတွေ လုပ်ပြီး ရှေးမူမပျက် လုပ်ဆောင်သွားမယ် ။ ကြမ်းခင်းတွေက အရင်ကတည်းက လဲလှယ်ထားတာတွေ အများကြီးရှိနေပြီ ဖြစ်တယ် ။´´ ဟု ရှေးဟာင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းက ပြောသည်။

ဦးပိန်တံတားပြုပြင်ရန်အတွက် ယခင်အစိုးရလက်ထက်ကတည်းက ဖွဲ့စည်းထားသည့် ကော်မတီတစ်ရပ်ရှိပြီး ယင်းကော်မတီ၌ ဦးပိန် တံတားပြုပြင်ရန် အလှူငွေကျပ်သိန်း လေးဆယ်ခန့် ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ အသားလိုချင် အသားဝယ်ပေးမယ်။ လက်သမားလိုချင် လက်သမားရအောင် လုပ်ပေးမယ် ။ ကျွန်တော်တို့ကို ဦးပိန်တံတား ပြုပြင်ဖို့ လှူထားတဲ့ အလှူငွေတွေလည်းရှိနေတယ်´´ ဟု ဦးပိန်တံတားပြုပြင်ထိန်းသိမ်းရေးကော်မတီမှ ဦးသန်းမြင့်က ပြောသည်။

သင်္ကြန်ကာလတွင် တောင်သမာန်အင်းနှင့် ဦးပိန်တံတားသို့ လာရောက် သည့် ပြည်တွင်းပြည်ပ ခရီးသွား ထောင်ချီရှိကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply