UNFC၏တောင်းဆိုချက်၈ချက်မှသဘောတူညီချက်များကိုပြန်သုံးသပ် ဆွေးနွေးမည်ဟု KNPPပြောဆို

0
164

ရန်ကုန် ၊ မတ် ၅ ၊ ၂၀၁၈

ငြိမ်းချမ်းရေးကော်မရှင်နှင့် မတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟို ဌာနတွင်ပြုလုပ် မည့် အလွတ်သဘောတွေ့ဆုံမှုတွင် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီUNFC နှင့် ဆွေးနွေးခဲ့စဉ်က သဘောတူညီချက် များကို ပြန်လည်သုံးသပ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်ကပြောသည်။

“အဓိကကတော့ UNFCအနေနဲ့ဆွေးနွေးခဲ့တုန်းက သဘော တူညီချက်တွေကိုပြန်လည်သုံးသပ်ဆွေးနွေးမယ်”ဟု ခူညေးရယ် ကပြောသည်။

ယခုတွေ့ဆုံမှုသည် UNFCအဖွဲ့ဝင်အနေဖြင့်တွေ့ဆုံခြင်းမဟုတ်ပဲ KNPPအဖွဲ့တစ်ဖွဲ့တည်းသီးသန့်တွေ့ဆုံမှုဖြစ် ကြောင်း အထွေထွေ အတွင်းရေးမှူးဦးရွှေမျိုးသန့်ကဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCAတွင် လက်မှတ်ရေး ထိုးရန် အတွက် တွေ့ဆုံညှိနှိုင်းနိုင်မှုများပေါ် တွင်သာမူတည်ကြောင်း ဦးရွှေမျိုးသန့်ကပြောသည်။

၂၀၁၁ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့ဖြင့် စတင် ဖွဲ့စည်းခဲ့သည့် UNFCတွင် ကိုးကန့်အဖွဲ့ MNDAAနှင့် လားဟူ ဒီမိုကရက်တစ်ယူနီယံတို့သည်နောက်ပိုင်းတွင်အဖွဲ့ဝင်သစ်များဖြစ်လာခဲ့ပြီးနောက် NCAလက်မှတ် ရေးထိုးသည့်အဖွဲ့များကို အဖွဲ့ဝင် အဖြစ်မှခေတ္တရပ်ဆိုင်းထားခဲ့ပြီး အချို့သော အဖွဲ့ဝင်များကနှုတ်ထွက်ရန် တောင်းဆိုထားခဲ့ကာ လက်ရှိအချိန်တွင် KNPPနှင့်အတူ ရခိုင် အမျိုးသားကောင်စီ ANC တို့သာတရားဝင်အဖွဲ့ဝင်အဖြစ်ကျန်ရှိ တော့သည်။

UNFCတွင်နှစ်ဖွဲ့သာကျန်ရှိတော့သည့်အတွက် အဖွဲ့ဝင်အသစ်များကို ထပ်မံထည့်သွင်းရန်အတွက် UNFCညီလာခံတွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဥာဏ်

Leave a Reply