ရေစကြို မီးဘေးသင့်ပြည်သူများကို တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်း လှူဒါန်းမည်

0
175

မကွေး၊ မတ် ၆၊ ၂၀၁၈

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်တာကြီးကျေးရွာတွင် မတ်လ ၃ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများကို ကျောက်စိမ်းဖြင့် အသက်မွေး ကြသူများ က တစ်အိမ်ထောင်လျှင် တစ်သိန်းနှုန်းလှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းနိုင်ရန်အတွက် ကျောက်စိမ်းကုန်သည်များ၊ ကျောက်မျက် ရတနာ ကုမ္မဏီများ၏ လှူဒါန်းငွေများဖြင့် မတ်လ (၈) ရက်နေ့တွင် သွားရောက် လှူဒါန်းမည်ဖြစ်ကာ ဆန် ဆယ်ပြည် နှင့် ဆီ နှစ်ပိဿာ လည်း လှူဒါန်းသွားမည်ဖြစ်သည်။

“အလှူခံလို့ရတဲ့ငွေထဲကနေ ဆီဖိုးတွေ စားသောက်စရိတ်တွေ သုံးသွားမှာ မဟုတ်ဘူး။ ရသမျှအကုန်လှူမယ်။ တစ်အိမ်ထောင်ကို တစ်သိန်းနှုန်းလို့ သတ်မှတ်ထားပေမယ့် ပိုရင်လည်း ပိုသလို လှူဒါန်းသွားမယ်။ ဒုက္ခရောက်နေတဲ့ သူကို ကိုယ်ချင်းစာစိတ်နဲ့ ပြန်လည်ကူညီတာဖြစ်ပါတယ်” ဟု ကျောက်သမားတစ်ဦးဖြစ်သည့် ဦးထူးထူး က ပြောသည်။

ယင်းမီးလောင်မှုကြောင့် နေအိမ် ၁၈၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကာ လူဦးရေ ၉၅၀ ကျော် မီးဘေးသင့်ခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မှ သွားရောက်ကူညီကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်းသိရသည် ။

နိုင်လင်းဦး

ပုံ – ရေစကြိုလူငယ်

Leave a Reply