အနှိပ်ခန်းဗန်းပြကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုများအား ထိရောက်စွာအရေးယူရန်လို

0
116

ပဲခူး၊ မတ် ၆၊ ၂၀၁၈

ပဲခူးမြို့ပေါ်ရှိရပ်ကွက်များအတွင်း အနှိပ်ခန်းများဗန်းပြကာကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေခြင်းများရှိနေပြီး ယင်းသို့ လုပ်ဆောင်နေမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်လျှက်ရှိကြောင်း ပဲခူးဒေသခံများက ပြောဆိုကြသည်။

“ဒီလိုမျိုးတရားမဝင်ကိစ္စတွေက ထိထိရောက်ရောက်အရေးယူဖို့လိုတယ်။ အခုဖြစ်နေတာက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေမလုပ်တော့ အရက်ပုန်းဆိုင်တွေဆိုလည်း ပိုပြီးများလာနေပြီ။ တိုင်းမြို့ဖြစ်ပြီး ဥပဒေစိုးမိုးမှုအားနေတုန်းပဲ” ဟု ပဲခူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေကပြောသည်။

လက်ရှိအခြေအနေတွင် တရားမဝင်အနှိပ်ခန်းများ၊ အရက်ပုန်းဆိုင်များ အပါအဝင် ကာရာအိုကေဆိုင်အချို့၌ ပြည်တန်ဆာလုပ်ငန်းအပါအဝင် တရားမဝင်လုပ်ငန်းများကြောင့် အမှုအခင်းဖြစ်ပွားသည်များလည်း ရှိနေကြာင်း ၎င်းက ဆက်ပြောသည်။

ပဲခူးမြို့ပေါ်ရပ်ကွက်များအနက် အထက်ပါလုပ်ငန်းများနှင့်ပတ်သက်ပြီး ကျော်ဇောသတင်းထွက်လျှက်ရှိသည့် အမှတ်(၃) နယ်မြေရဲစခန်းကတော့ အဆိုပါကိစ္စရပ်များအား သက်ဆိုင်ရာနယ်မြေအလိုက် ကြပ်မတ် လုပ်ဆောင်ကြရန်နှင့် အနှိပ်ခန်းဖွင့်လှစ် ထားသူများအား ခေါ်ယူတွေ့ဆုံကာ ခံဝန်ကတိလက်မှတ်ရေးထိုးရန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ညွှန်ကြားထားပြီးဖြစ်ကြောင်း ဖြေရှင်းချက်ပေးသည်။

“ရပ်ကွက်တွေအတွင်းမှာ တရားမဝင်အနှိပ်ခန်းတွေဖွင့်ပြီး ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်နေ တယ်ဆိုပြီး တိုင်ကြားမှု တွေရှိလာတဲ့အတွက် အခုလိုညွှန်ကြားလာတာပါ။ ရည်ရွယ်ချက်ကတော့ ဒီလိုမျိုးလုပ်ငန်းတွေ လျော့နည်း ပပျောက်လာ စေဖို့အတွက် ဖြစ်ပါတယ်”ဟု အမှတ်(၃)နယ်မြေရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ်ထွန်းလင်းက ပြောသည်။

ပဲခူးမြို့၊ ဥဿာမြို့သစ်အတွင်းရှိ ရပ်ကွက်ကြီး ၂၊ ၃၊ ၄ တို့မှ အနှိပ်ခန်း ဖွင့်လှစ်ထားရှိသည့် လုပ်ငန်း ၂ဝ မှ လုပ်ငန်းရှင်များအား ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက စခန်းသို့ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် မည်မဟုတ်ကြောင်း ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ရပ်ကွက်လူထုကတိုင်တဲ့ အခါကြတော့ သက်ဆိုင်ရာနယ်မြေစခန်းက ခေါ်တွေ့တယ်။ သိလိုတာတွေမေးမြန်းပြီး တော့ ဒီလုပ်ငန်းမလုပ်ကြဖို့ လက် မှတ်ထိုးခိုင်းတယ်”ဟု ဥဿာမြို့သစ်ရှိ ရပ်ကွက်ကြီးတစ်ခုမှ အုပ်ချုပ်ရေးမှူး ဦးကျော်တင့်က ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥဿာမြို့သစ်အတွင်း တရားမဝင် အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေသည့် လုပ်ငန်းပေါင်း ၂ဝ ရှိပြီး ရပ်ကွက် ကြီး (၂)တွင် ၆ ခု၊ ရပ်ကွက်ကြီး(၃)တွင် ၄ ခုနှင့် ရပ်ကွက်ကြီး(၄)တွင် ၁ဝ ခု အသီးသီး လုပ်ကိုင်လျှက် ရှိကြောင်း အမှတ်(၃)နယ်မြေရဲစခန်းမှတ်တမ်းများအရ သိရသည်။

မိုးမြေ

Leave a Reply