ရေးမြို့နယ်​အတွင်း မီး​ပေးနိုင်​ရန်​ ဒီဇယ်ဆီဖြင့် လျှပ်စစ် ဓာတ်​အား ၁၀ မဂ္ဂါဝပ်ထုတ်လုပ်မည်

0
146

ရန်ကုန်၊ မတ်လ(၆)ရက်၊ ၂၀၁၈

နိုင်ငံတော်၏ လျှပ်စစ်ဓါတ်အားလိုင်းမှ မီးမရရှိသေးသည့် မွန်ပြည်နယ် ရေးမြို့ နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ပေးနိုင်ရန်အတွက်​ Southern Myanmar Development ကုမ္ပဏီမှ ဒီဇယ်ဆီဖြင့် လျှပ်စစ်ဓာတ်​အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ လျှပ်​စစ်ဓာတ်​အားကို ယင်းကုမ္ပဏီမှ အမေရိကန် ဒေါ်လာ (၂၆၄၅၇) သန်း ရင်းနှီးမြှုပ်နှံ၍ထုတ်​လုပ်​သွားမည် ​ဖြစ်​​ပြီး ​ရေးမြို့ ၏ ​မြောက်​ဘက်​ရှိ မြို့မရပ်​ကွက်​ ၂ ခုနှင့်​ ​ကျေးရွာ ၁၀ ရွာကို လျှပ်​စစ်​မီးရရှိ​အောင်​လုပ်​​ဆောင်​​ပေးမည်​ဖြစ်​ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးသန်းအောင်ကျော်က ပြောသည်။

“တစ်ခုကတော့ ကျေးလက်မီးပေးတာပေါ့။ ရေးမှာ လောလောဆယ် နိုင်ငံတော်က လျှပ်စစ်ဓါတ်အား မရောက်တဲ့ နေရာတွေမှာ သူတို့အစီစဉ်နဲ့ မီးပေးဖို့ လုပ်နေတာပါ။ ဒါကတော့ နိုင်ငံတော်က အားပေးနေတဲ့ ကဏ္ဍဖြစ်ပါတယ်။ “ဟု ၎င်းက​ပြောသည်​။

Southern Myanmar Development ကုမ္ပဏီကို စင်္ကာပူနိုင်ငံသားမှ ၃၃ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသားက ၃၃ရာခိုင်နှုန်းနှင့်​ မြန်မာနိုင်ငံသားက ၃၄ ရာခိုင်နှုန်း ထည့်သွင်း၍ အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံ တည်ထောင်​ထားခြင်းဖြစ်သည်​။

Southern Myanmar Development ကုမ္ပဏီအပြင် i-Land Park Myanmar Limited မှလည်း အမေရိကန်ဒေါ်လာ (၂၃ ဒသမ ၁၈) သန်း ရင်းနှီးမြှုပ်နှံ၍ မီးထိုးဆီဖြင့်​ ၁၉ မဂ္ဂါဝပ် ထုတ်လုပ်​ကာ လျှပ်စစ်ဖြန့်ဖြူးပေး မည်​ဖြစ်​​ကြောင်းသိရသည်​။

အဆိုပါ လျှပ်​စစ်​ကို ပဲခူးတိုင်း ဒေသကြီး i-Land Park စက်မှုဇုန်အတွင်း၌ လျှပ်စစ်ဓါတ်အား ပြန်လည်ဖြန့်ဖြူးး​ပေးသွားမည်ဖြစ်​သည်​။

“နောက်တစ်ခုကတော့ ပဲခူးမှာရှိတဲ့ i-La nd Park စက်မှုဇုန်ထဲမှာ စက်မှုဇုန်ကို developer လုပ်တဲ့သူက သူ့စက်မှုဇုန် ထဲမှာ လုပ်မယ့်​ လုပ်ငန်းတွေအတွက် သူ့ ဟာသူ မီးပေးဖို့ ရင်းနှီးမြှုပ်နှံထားတာပါ။”ဟု ဦးသန်း​အောင်​​ကျော်​က​ပြောသည်​။

i-Land Park Myanmar Limited ကို စင်္ကာပူနိုင်ငံသားမှ ၈၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားမှ ၂၀ ရာခိုင်နှုန်း ထည့်သွင်း၍ အကျိုးတူ ပူးပေါင်း တည်ထောင် ထားခြင်းဖြစ်ကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply