မှန်ကန်သည့်ဈေးနှုန်းဖြင့် ဆန်ရရှိနိုင်ရေးသည် အလွန်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

0
124

နေပြည်တော်၊ မတ် ၆၊၂၀၁၈

နိုင်ငံအတွင်း မှန်ကန်သည့် ဈေးနှုန်းဖြင့် ဆန်ရရှိနိုင်ရေးသည် အလွန် အရေးကြီးကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

“ဆန်ကုန်သည်ကြီးများကလည်း တောင်သူလယ်သမားတွေကို အနိုင်ကျင့်ချင်တဲ့စိတ်မရှိကြဖို့လိုပါတယ်။တောင်သူလယ်သမားတွေက
လည်း ဆန်ကုန်သည်ကြီးတွေကို အနိုင်ကျင့်ချင်တဲ့ စိတ်မရှိကြပါဘူး။ တစ်ဦးနဲ့ တစ်ဦးက ရန်သူလိုမမြင်ပဲနဲ့ မိတ်ဆွေလို လုပ်ဖော်ကိုင်ဖက်လို မြင်မှသာ အဆင်ပြေမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း တိုးတက်မှ တစ်ဖက်ကလည်း အောင်မြင်မယ်ဆိုတဲ့ စိတ်လေးရှိမယ်ဆိုရင် ကျွန်မတို့ အတွက်အောင်မြင်မှုဆိုတာ မလွှဲမသွေရရှိနိုင်မှာပါ။ ဆန်ဟာ ကျွန်မတို့ ပြည်သူပြည်သားတွေအဓိက စားသုံးနေတဲ့ အစားအစာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီနိုင်ငံတွင်းမှာ မှန်ကန်တဲ့ဈေးနှုန်းနဲ့ ဆန်ရနိုင်ဖို့ဟာ အရေးကြီးပါတယ်။တစ်ဖက်မှာလည်း ပြည်ပကိုပို့ကုန်အနေနဲ့ ဆန်ဟာ ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုအကျိုးအမြတ်ရစေမယ့်​ ပစ္စည်း တစ်ခုအနေနဲ့လည်း၊ စီးပွားရေးလက်နက်တစ်ခုအနေနဲ့လည်း ကြည့်ရမှာဖြစ်ပါတယ်​။ ဒီလို ၂ ခုစလုံး ဘက်ကကြည့်မှ ကျွန်မတို့ဟာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်”ဟုဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC 2)တွင် မတ်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ဆွေးနွေးပွဲ -၂၀၁၈ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ မိန့်ခွန်းတွင် ​ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစပါးဈေးတည်ငြိမ်မှုမှာလည်း အရေးကြီးကြောင်း၊ တောင်သူ လယ်သမားကြီးများအနေဖြင့် ပညာသစ်များ ရယူပြီး ရဲရဲဝံ့ဝံ့ဖြင့်​ စွန့်စားပြီး နည်းသစ်လမ်းသစ်များသုံး၍ လုပ်​ကိုင်​နိုင်​ရန်​နှင့်​ ဘိုးဘွားဘီဘင်များ လုပ်ခဲသည့်အတိုင်း အမြဲလုပ်သွားမယ်ဆိုသည့်​ စိတ်မရှိပဲ သင့်​​လျော်အောင် နည်းသစ်များရှာ​ဖွေကာ အင်မတန်မှ အရေးကြီးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာ့ဆန်စပါးဈေးကွက်သည် ထုတ်လုပ်မှုတန်ဖိုးအရ ကျပ်ဘီလီယံ ၆၀၀၀ ခန့်နှစ်စဉ်ရှိကြောင်း၊ ပြည်တွင်းရောင်းချမှုအနေဖြင့် ကျပ်ဘီလီယံ ၅၀၀၀ ခန့်ရှိပြီး ပြည်ပတင်ပို့မှုသည် ကျပ် ဘီလီယံ ၉၀၀ခန့် ရှိကြောင်း၊နှစ်စဉ် မိုးစပါးဧက(၁၅ သန်း)၊ နွေစပါး ဧက(၂သန်း)ခန့် စိုက်ပျိုးကြောင်းလည်း သိရှိရသည်။

တစ်နှစ်လျှင်ဆန်တန်ချိန် (၁၃ သန်း)/(၁၄ သန်း)ခန့်ထုတ်လုပ်လျှက် ရှိပြီးပြည်တွင်းစားသုံးမှု (၁၀ သန်း) ရှိရာ ပြည်ပသို့ဆန်တန်ချိန် (၃ သန်း)ခန့်တင်ပို့ရေားချနေကြောင်း ၊ပြည်ပသို့တင်ပို့ရာတွင် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊သီရိလင်္ကာနိုင်ငံ၊အနောက်အာဖရိကနိုင်ငံများနှင့် ဥရောပနိုင်ငံအချို့အား တင်ပို့ရောင်းချလျှက်ရှိသည်။

နည်းသစ်တွေရှာသည့်အပေါ် ပတ်ဝန်းကျင်ကို မထိခိုက်မယ့် နည်းသစ် တွေ ရှာတတ်ရန်လိုအပ်ကြောင်း၊ ပြောင်းလဲသင့်သည်များအား မှန်ကန် သည့် နည်းလမ်းအတိုင်း ပြောင်းလဲရန် လိုအပ်ကြောင်း လည်း ​ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဖွဲတို့စပါးခွံ့တို့အား အလကား မဖြစ်စေပဲ အသုံးကျအောင်၊ အဆီထွက်အောင်၊ စွမ်းအင်ထွက်အောင်စ သည့်နည်းလမ်းများရှာပြီး အဆိုပါ နည်းလမ်းတွေမှတဆင့် ဈေးမှန်ရန် လိုအပ်ကြောင်းနှင့် ရာသီဥတုပြောင်းလဲရေးနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်ရန်လိုအပ်ကြောင်းဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်း ပြောဆိုခဲ့သည်။

ယဉ်ကေနွယ်

Leave a Reply