ဟန်ဒါဆင်ဟာ လီဗာပူးလ်အတွက် စတီဗင်ဂျာရက်လက်သစ် ဖြစ်လာပြီလို့ ဂျာကင်ကလော့ဆို

0
191

မတ် ၆ ၊ ၂၀၁၈

လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟန်ဒါဆင်ဟာ လီဗာပူးလ်အသင်းအတွက် စတီဗင်ဂျာရက်လက်သစ်တစ်ယောက် ဖြစ်လာပြီလို့ နည်းပြ ဂျာကင်ကလော့က ချီးကျူးလိုက်ပါတယ်။

ဟန်ဒါဆင်ဟာ လီဗာပူးလ်အသင်း အောင်မြင်မှု ရရှိဖို့အတွက် အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး ဂျာရက်အနားယူပြီးတဲ့ နောက်ပိုင်းမှာ ဟန်ဒါဆင်ဟာ ဂျာရက်ရဲ့ ခြေရာကို အကောင်းဆုံးလိုက်နိုင်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ဟာ ပေါ်တိုနဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ် မတိုင်မီမှာ ဟန်ဒါဆင်ကို ယခုလို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ပေါ်တိုကို ပထမအကျော့မှာ အဝေးကွင်း၌ ၅ – ၀ ရလဒ်နဲ့ အနိုင်ကစားခဲ့ပြီး ယနေ့မှာတော့ လီဗာပူးလ် အိမ်ကွင်း အန်ဖီးလ်မှာ ဒုတိယအကျော့ကို ကစားမှာ ဖြစ်ပါတယ်။

“ဟန်ဒါဆင်ဟာ ကျွန်တော်ဘာပြောသလဲဆိုတာ ကောင်းကောင်း သိပါတယ်။ ဒါ့အပြင်ဆောက်ဂိတ်ဘာကို ဆိုလိုချင်သလဲဆိုတာလဲ သူသိပါတယ်။ စတီဗင်ဂျာရက်ရဲ့ နေရာကို ဆက်ခံသူ ဖြစ်လာဖို့အတွက် သူကောင်းကောင်း သက်သေပြရပါလိမ့်မယ်။ ဒီအလုပ်က အင်မတန် ခက်ခဲပါတယ်”လို့ ကလော့က ဆိုပါတယ်။

ဒါ့အပြင် လီဗာပူးလ် ပရိသတ်တွေဟာ ဟန်ဒါဆင်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်အဖြစ် လက်ခံထားကြပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမား အသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမား တစ်ယောက်အဖြစ် မျှော်လင့်ထားကြတယ်လို့ ကလော့က ဆက်ပြောပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျာရက်ဟာ ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့ပြီး လက်ရှိမှာတော့ လီဗာပူးလ် လူငယ်အသင်းအတွက် နည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။

NN

Leave a Reply