ဒေါ်နယ်ထရမ့်နှင့် အပြာကားသရုပ်ဆောင်တစ်ဦး လိင်ဆက်ဆံခဲ့ဟု ဖွင့်ချ

0
173

လော့စ်အန်ဂျလိစ် မတ် ၈

အပြာသရုပ်ဆောင် စတောင်းမီဒယ်နီယယ်စ်သည် ဒေါ်နယ်ထရမ့်နှင့် လိင်ဆက်ဆံခဲ့ပြီး နှုတ်ပိတ်ပေးရန် ကတိပြုလွှာကို လက်မှတ်ရေးထိုး ခဲ့သော်လည်း အမှန်တရားကိုဖွင့်ချရန်အတွက် ယင်းနှုတ်ပိတ်လွှာ သက်ရောက်မှုမရှိရန် လိုလားနေကြောင်း ဒယ်နီယယ်စ်၏ရှေ့နေ မိုက်ကယ်အဗန်နတ်တီက မတ် ၇ ရက်တွင် ထုတ်ဖော်ပြောဆို လိုက်ပြီဖြစ်သည်။

ဒယ်နီယယ်စ်သည် နှုတ်ပိတ်ပေးရန် ကတိပြုလွှာကို ၂၀၁၆ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်းကတိပြုလွှာကို ဒယ်နီယယ်စ်က လက်မှတ်ထိုးခဲ့သော်လည်း ထရမ့် ကလက်မှတ်ထိုးခြင်းမပြုခဲ့သောကြောင့် ယင်းကတိပြုလွှာသည် အကျုံး မဝင်ကြောင်း ရှေ့နေ အဗန်နတ်တီကပြောဆိုခဲ့သည်။ ရှေ့နေ အဗန် နတ်တီသည် ဒယ်နီယယ်စ်ကိုယ်စား ရုံးတော်သို့ လျှောက်ထားပြီး ထရမ့်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒယ်နီယယ်စ်၏နာမည်ရင်းမှာ စတီဖနီကလစ်ဖို့ဒ်ဖြစ်သည်။ ဒယ်နီယယ်စ် သည် ထရမ့်နှင့် လိင်ဆက်ဆံခြင်းပြုခဲ့မပြုခဲ့ကို အင်န်ဘီစီသတင်းဌာန၏ အစီအစဉ်တင်ဆက်သူက မေးမြန်းခဲ့ရာ အဗန်နတ်တီက ဆက်ဆံ ခဲ့ကြောင်း မဆိုင်းမတွပြန်ဖြေခဲ့သည်။ အများပြည်သူသည် ဖြစ်ပျက် ခဲ့သမျှကို သိရှိခွင့်ရှိနေကြောင်း၊ မည်သူက အမှန်ပြောနေသည်ကို အများပြည်သူက ဆုံးဖြတ်နိုင်ရေးအတွက် ဒယ်နီယယ်စ်၏ဖြစ်ရပ်ကို ဖွင့်ချရန် အချိန်ကျပြီဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

သမ္မတထရမ့်က ၎င်းအပေါ် စွပ်စွဲမှုများမမှန်ကန်ကြောင်း ပြောဆိုခဲ့ သည်ဟု အိမ်ဖြူတော်၏ပြောခွင့်ရှိသူ ဆာရာဆန်ဒါစ်ကပြောဆိုခဲ့သည်။ ကတိပြုလွှာ အကျုံးမဝင်ကြောင်း ဆုံးဖြတ်ပေးရန် အဗန်နတ်တီသည် ကယ်လီဖိုးနီးယားရှိ တရားရုံးတစ်ရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဗန်နတ်တီသည် လျှောက်ထားလွှာကို အများပြည်သူသို့ ထုတ်ပြန်ပေးခဲ့သည်။

နှုတ်ပိတ်ပေးသည့်အတွက် ဒယ်နီယယ်စ်သည် Essential Consultants LLC ဆိုသည့် ကုမ္ပဏီတစ်ခုထံမှ ဒေါ်လာ ၁၃၀၀၀၀ ရရှိခဲ့ကြောင်း လျှောက်ထားလွှာတွင်ဖော်ပြထားသည်။ ကတိပြုလွှာတွင် ဒယ်နီယယ်စ်နှင့် ထရမ့်တို့သည် ပက်ဂီပီတာဆင်နှင့် ဒေးဗစ်ဒယ်နီဆင် ဆိုသည့် အမည်ဝှက်များဖြင့် လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

သို့သော် ထရမ့်က လက်မှတ်ရေးထိုးခြင်းမပြုခဲ့သောကြောင့် ယင်း ကတိပြု လွှာသည် အကျုံးမဝင်တော့ကြောင်း အဗန်နတ်တီ ကပြောဆို ခဲ့သည်။ ဒယ်နီယယ်သည် ထရမ့်နှင့် ၂၀၀၆ ခုနှစ် နွေရာသီတွင် ရင်းနှီးသော ဆက်ဆံရေးစတင်ခဲ့ပြီး ယင်းဆက်ဆံရေးသည် ၂၀၀၇ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း တရားစွဲဆိုမှုတွင်ဖော်ပြ ထားသည်။

စတောင်းမီဒယ်နီယယ်အား ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ပြီးဖြစ်ကြောင်း ဒေါ်နယ်ထရမ့်၏ရှေ့နေ မိုက်ကယ်ကိုဟန်က လွန်ခဲ့သောလတွင် အတည်ပြုပြောဆိုခဲ့သည်။ ကိုဟန်သည် ၎င်းထုတ်ဖော်ပြော ဆိုခြင်း မပြုစေရေးအတွက် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း တရားစွဲဆိုမှု တွင်ဖော်ပြထားသည်။ ထရမ့်၏ဇနီးဖြစ်သူ မယ်လာနီယာက သားဖြစ်သူ ဘာရွန်ကို မွေးဖွားခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်တွင် ၎င်းနှင့် ထရမ့်တို့ လိင်ပိုင်းပတ်သက်မှုစတင်ခဲ့ကြောင်း ဒယ်နီယယ်စ်က ၂၀၁၁ ခုနှစ်တွင် အင်တာ့ခ်ျမဂ္ဂဇင်းနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင်ပြောဆို ခဲ့သည်။ ထို့ပြင် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီတွင် နှုတ်ပိတ် ပေးမည်ဖြစ်ကြောင်း ကတိပြုလွှာကို ဒယ်နီယယ်စ်သည် လက်မှတ် ရေးထိုး ခဲ့ရပြီး ယင်းအတွက် ငွေရရှိခဲ့ကြောင်း ဝေါစထရိဂျာနယ်က ဇန်နဝါရီတွင် ဖော်ပြခဲ့သည်။

Source:AFP

ရိုးမြေ

Leave a Reply