ညောင်​ခါးရှည်​-ဒိုက်​ဦးလမ်း​ပေါ်တွင်​ စခန်းမှူးတစ်​ဦးအား BGF မှဗိုလ်​မှူးဆိုသူက ​သေနတ်​ဖြင့်​ပစ်​ကာ ထုရိုက်​မှုဖြစ်

0
185

ပဲခူး၊ မတ်​ ၈၊ ၂ဝ၁၈။

ပဲခူးခရိုင်​၊ ​ဝေါမြို့နယ်​အတွင်းရှိ ​ညောင်​ခါးရှည်​-ဒိုက်​ဦးလမ်း​ပေါ်၌ နယ်​​မြေစခန်းမှူးတစ်​ဦးအား နယ်​ခြား​စောင့်​တပ်​(BGF)မှ ဗိုလ်​မှူးဆိုသူက ​သေနတ်​ဖြင့်​ပစ်​ခတ်​ကာ ထုရိုက်​မှုဖြစ်​ပွားခဲ့​ကြောင်း ​ဝေါမြို့နယ်​ရဲစခန်းထံမှ သတင်းရရှိသည်​။

မတ်​လ ၇ ရက်​က ​ညောင်​ခါးရှည်​-ဒိုက်​ဦး မဟာဗျူဟာလမ်း​ပေါ်၌ ဖြတ်​သန်းသွားလာလျှက်​ရှိ​သောယာဉ်​များအား ​ဝေါမြို့နယ်​ မြစ်​ကျိုး နယ်​​မြေ ရဲစခန်းမှူး ရဲအုပ်​ဝင်းမင်း​ထွေးဦး​ဆောင်​သည့်​အဖွဲ့မှ စစ်​​ဆေးမှုများပြုလုပ်​ရာတွင်​ အဖြူ​ရောက်​ဟိုက်​ဂျက်​အမျိုးအစားယာဉ်​တစ်​စီးအား လိုင်​စင်​မဲ့​မောင်းနှင်​မှုဖြင့်​ ဖမ်းဆီးထိန်းသိမ်းခဲ့သည်​။

ထိုသို့ယာဉ်းထိန်းသိမ်းထားခဲ့ရာ ဖမ်းဆီးပြီး​နောက်​တစ်​ရက်​ဖြစ်​​သော မတ်​ ၈ ရက်​(ယ​နေ့)တွင်​မှ နယ်​ခြား​စောင့်​တပ်​(BGF)မှ ဗိုလ်​မှူး စောနန်းဦး ဆိုသူ​ရောက်​ရှိလာပြီး နယ်​​မြေစခန်းမှူးထံမှကား​သော့အား​တောင်​ယူရာတွင်​ ချက်​ချင်းပြန်​မ​ပေးသဖြင့်​ဟုဆိုကာ အသင့်​ပါလာ​သောပစ်​စတို​သေနတ်​ဖြင့်​ ၃ ချက်​ဆက်​ပစ်​ခတ်​ခဲ့​သော်​လည်း ထိမှန်​ခြင်းမရှိ၍ စခန်းမှူးဖြစ်​သူအား လုံး​ထွေးသတ်​ပုတ်​ကာ ​သေနတ်​ဒင်​ဖြင့်​ ထုရိုက်​ခဲ့သည့် အတွက် ဦး​ခေါင်း ​ပေါက်​ပြဲ ဒဏ်​ရာနှင့်​ နားရွက်​ပြတ်​ရှဒဏ်​ရာတို့ရရှိ ခဲ့​ကြောင်း ​ဝေါမြို့နယ်​ရဲစခန်းမှတ်​တမ်းအရ သိရသည်​။

“နယ်​​မြေစခန်းမှူးတစ်​ဦးကို ပစ်​ခတ်​ခံရတယ်​ဆိုတာမှန်​ပါတယ်​။ ​သေနတ်​ထိမှန်​ခဲ့ခြင်း​တော့မရှိပါဘူး။ ထိခိုက်​ဒဏ်​ရာရတာ​တော့ရှိပါတယ်​”ဟု ​ဝေါမြို့နယ်​ရဲစခန်းမှ တာဝန်​ကျရဲအရာရှိတစ်​ဦးက ​ပြောသည်​။

ထို့ပြင်​ အထက်​ပါဖြစ်​စဉ်​မှ ဖမ်းဆီးထိန်းသိမ်းထား​သော ဟိုက်​ဂျက်​ယာဉ်​အားပြန်​လည်​ရယူသွားကာ BGF မှဗိုလ်​မှူး​စောနန်းဦးဆိုသူက မြစ်​ကျိုးနယ်​​မြေစခန်းမှူး ရဲအုပ်​ဝင်းမင်း​ထွေးကိုင်​​ဆောင်​​သော ဝက်​ဘလီ အမျိုးအစား ခလပ ​သေနတ်​အား တစ်​ပါတည်းယူ​ဆောင်​သွားကာ ​ညောင်​ခါးရှည်​နယ်​​မြေစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ထံ ​ပေးအပ်​ခဲ့​သည့်​ဖြစ်​စဉ်​ဖြစ်​ပွားခဲ့​ကြောင်း အဆိုပါတာဝန်​ကျရဲအရာရှိက ဆိုသည်​။

ယင်းဖြစ်​စဉ်​နှင့်​စပ်​လျဉ်းပြီး ထိုခိုက်​ဒဏ်​ရာရရှိခဲ့သည့်​ ရဲအုပ်​ဝင်းမင်း​ထွေးနှင့်​ အဖွဲ့ဝင်​များအား စစ်​​ဆေး​မေးမြန်းမှုများပြုလုပ်​လျှက်​ရှိပြီး ဖြစ်​စဉ်​အ​သေးစိတ် အား အထက်​အဖွဲ့အစည်းအဆင့်​ဆင့်​ထံ အစီရင်​ခံတင်​ပြသွားရန်​ပြင်​ဆင်​​နေ​ကြောင်း ​ဝေါမြို့နယ်​ရဲစခန်းထံမှ ကနဦးသတင်းရရှိသည်​။

မိုး​မြေ

Leave a Reply