ပျောက်ဆုံးကချင်အမျိုးသား ၂ ဦး၏ အလောင်းများပြန်လည်တွေ့ရှိ

0
162

ရန်ကုန် ၊ မတ် ၉ ၊၂၀၁၈

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှ ကျွဲကျောင်းသွားရာမှ တပ်မတော်ကဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့သည့် ကချင်အမျိုးသား ၂ ဦး၏ရုပ်အလောင်းများကို မိုင်းခေါင်ကျေးရွာအနီး တောတွင်းတွင် မြုပ်နှံထားခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါကိစ္စအား ကူညီဆောင်ရွက်နေသူတစ်ဦးက ပဉ္စမလှိုင်းမီဒီယာသို့ ပြောသည်။

ပျောက်ဆုံးသွားသူနှစ်ဦးမှာ မံစီမြို့နယ် ၊မိုင်းခေါင်ကျေးရွာ KBC ဒုက္ခသည် စခန်း(၁)မှ ဦးဖော်ဂန်းယော်နှင့် မိုင်းခေါင် ကက်သလစ်ဒုက္ခသည်စခန်းမှ ဦးအင်ခွမ်နော်ဆန်း(ခ) ဒေါ်ဂျယ်နော်ဆန့်တို့ဖြစ်ကြောင်းသိရသည်။

“ဒီနေ့နေ့လယ်၂နာရီခွဲလောက်မှာ မံစီမြို့မစခန်းမှူး၊ တရားသူကြီးတွေရယ် ဆရာဝန်တွေလည်းပါတယ် ကျွန်တော် တို့သွားပြီးတော့ အလောင်းကို တူးတယ်။အလောင်းကနှစ်ယောက်ကိုထပ်ပြီးတော့တွင်းတစ်တွင်းထဲမှာပဲ မြုပ်ထားတယ်။ ဦးနော်ဆန်းရဲ့ နံရိုးတွေမှာတော့ အက်ရာတွေတွေ့တယ်။ အလောင်းကိုစစ်ဆေးပြီးတော့ သေနတ်ဒဏ်ရာက ခေါင်းရဲ့နောက်ဘက် ကနေ ပစ်ထားတာဖြစ်တဲ့အတွက် နောက်ဘက်ကပွင့်ထွက်နေတယ်လို့ စစ်ဆေးတွေ့ရှိပါတယ်” ဟု အဆိုပါကူညီဆောင်ရွက်နေသူကပြောသည်။

ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ၎င်းတို့၏မိသားစုဝင်များက မံစီမြို့မ ရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီး ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ထံအသနားခံစာပေးပို့ထားကာ မံစီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်းထံသို့ အကူအညီ တောင်းခံထားခဲ့ကြောင်းသိရသည်။

၎င်းတို့နှစ်ဦးပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဦးဖော်ကန့်ယော်၏သား ဦးနော်လီနှင့် ဦးဒေါ်ဂျယ်နော်ဆန့်၏အကိုဖြစ်သူ ဦးဘရန်ခွမ်တို့က ကချင်ပြည်နယ် ၀န်ကြီးချုပ် အားအသနားခံစာတစ်စောင်ကို ဖေဖော်ဝါရီ ၁၂ရက်နေ့ကပေးပို့ခဲ့ပြီး ပျောက်ဆုံးခဲ့သူ ၂ဦး ကျွဲကျောင်းနေစဉ် တပ်မတော်တပ်မ (၇၇)/ခလရ(၆၀၂) မှ ယူဆရသော တပ်မတော် သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို ဦးဖော်ကန့်ယော်၏သား ဦးနော်လီမှ တွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။

“မိသားစုဝင်တွေကတော့ တရားဥပဒေလမ်းကြောင်းအတိုင်းပဲ သွားချင် တယ်။အခု မံစီမြို့မရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်။အမှုတွဲ နံပါတ် ကတော့ မနက်ဖြန်မနက်လောက်မှပဲသိရမယ်”ဟု ကူညီဆောင်ရွက်နေသူကဆို သည်။

အလောင်းမြုပ်နှံထားရာနေရာသို့ နံနက် ၁၀နာရီခန့်က သွားရောက် ခဲ့သော်လည်း တပ်မတော်မှဟန့်တားမှုကြောင့် မွန်းလွဲပိုင်းမှသာ တူးဖော် စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – Khon Ja Facebook

Leave a Reply