ဇာတ်အဖွဲ့ ကားမှောက်မှုဖြစ် သေဆုံးသူ (၆) ဦးရှိနေ

0
150

မန္တလေး၊ မတ် ၉၊ ၂၀၁၈

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ဒုဋ္ဌဝတီမြစ်အရှေ့ ဘက် ၆ ဖာလုံခန့်အကွာတွင် မန္တလေးမြို့မှ ဇာတ်အဖွဲ့တစ်ခုဖြစ်သည့် မင်းမင်းဦး အလှသစ်ဇာတ်အဖွဲ့ ကားမှာ မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က တိမ်းမှောက်မှုဖြစ်ခဲ့ပြီး သေဆုံးသူ (၆) ဦးအထိရှိကြောင်း နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက
သိရသည်။

ယာဉ်မှာ မန္တလေး – လားရှိုးလမ်းအဆင်းတွင် ဘရိတ်ပေါက်ကာ တိမ်းမှောက်ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လူအယောက် (၄၀) ကျော်ပါဝင်ပြီး ဒဏ်ရာရသူ (၁၀) ဦးမှာ နောင်ချိုဆေးရုံသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက ရပ်စောက်မြို့နယ်ထဲမှာဆိုပေမယ့် နောင်ချိုနဲ့ နီးတဲ့အတွက် ဒဏ်ရာရရှိသူတွေကိုတော့ နောင်ချိုဆေးရုံမှာ ပို့ထားတယ် ။ ခုလက်ရှိ စာရင်းကတော့ ကျား (၅) မ (၁) သေဆုံးတယ် ။ ကျား (၁၀) ဦး ဒဏ်ရာရတယ် ။ ခု ဟာက လူမှုကူညီရေးအသင်းကားက သုံးစီးပဲရှိတာဆိုတော့ အကုန်မသိရသေးဘူး ။ ခုမှ သယ်နေကြတုန်းပဲ ။ ဒီထက်လည်း ပိုချင်ပိုမှာ။´´ ဟု နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မင်းမင်းဦး အလှသစ်ဇာတ်အဖွဲ့ မန်နေဂျာ ကိုရှိုင်းကို ကလည်း အခင်းဖြစ်နေရာသို့ သွားရောက်နေပြီး ကနဦး သတင်းများအရ သေဆုံးသူ (၆) ဦး နှင့်ဒဏ်ရာရသူ (၁၀) ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

ပုံ – Ko Than Htike

Leave a Reply