လိင်ပိုင်းအနိုင်ကျင့်မှုများဖြင့် စွပ်စွဲခံခဲ့ရသည့် တောင်ကိုရီးယားသရုပ်ဆောင် ဂျိုမင်ကီအား သေဆုံးလျက်တွေ့ရှိ

0
187

ဆိုးလ် ၊ မတ် ၁၀

လိင်ပိုင်းအနိုင်ကျင့်မှုများ၊ ထိကပါးရိကပါးလုပ်မှုများဖြင့် စွပ်စွဲခံခဲ့ရသည့် တောင်ကိုရီးယားသရုပ်ဆောင် ဂျိုမင်ကီအား သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က မတ် ၉ ရက်တွင်ပြောဆိုခဲ့သည်။

ဂျိုမင်ကီ၏ရုပ်အလောင်းနံဘေးတွင် ကိုယ့်ကိုယ်ကိုယ်သတ်သေကြောင်း ရေးသားထားသည့် စာမျက်နှာခြောက်မျက်နှာရှိ ဝန်ခံစာတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ အသက် ၅၂ နှစ်အရွယ် ဂျိုမင်ကီသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်ဟု တောင်ကိုရီးယားရှိ ယွန်ဟတ်သတင်းဌာနက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

ဝန်ခံစာထဲတွင် ဂျိုမင်ကီသည် မိသားစုနှင့် ၂၀၁၀ ခုနှစ်ကတည်းက ၎င်းစာသင်ကြားခဲ့သည့် ချွန်ဂျူတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကို တောင်းပန်ထားကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ဝန်ခံစာပါ အကြောင်း အရာများကို ထုတ်ပြန်ပေးနိုင်မည်မဟုတ်ကြောင်း ၎င်းတို့ကပြောဆိုခဲ့သည်။

ကြိုးဆွဲချထားသည့် သရုပ်ဆောင်၏ရုပ်အလောင်းကို မတ် ၉ ရက် ညနေ ၄ နာရီအချိန်တွင် ၎င်း၏နေထိုင်သော တိုက်ခန်း၏ မြေအောက်ခန်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သော်လည်း ဆေးရုံမရောက်ရှိမီတွင် သေဆုံးခဲ့ပြီဖြစ်သည်။

ဂျိုသည် ၎င်းစာသင်ကြားနေသည့် တက္ကသိုလ်ရှိ ပြဇာတ်စာပေ ကျောင်းသူများ အပါအဝင် အမျိုးသမီးရှစ်ဦးတို့ကို လိင်ပိုင်း အနိုင်ကျင့် ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ စွပ်စွဲခံရမှုကြောင့် ဂျိုသည် ပါမောက္ခ အဖြစ်မှနုတ်ထွက်ခဲ့ရပြီး ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်နေခြင်းမှ ရပ်ဆိုင်းခံခဲ့ရသည်။ ဂျို၏သရုပ်ဆောင်ဘဝလည်း အဆုံးသတ်ခဲ့ရသည်။

ဂျိုသည် မတ် ၁၃ ရက်တွင် တရားရုံးသို့ သွားရောက်ကာ ကြားနာ စစ်ဆေးမှုခံယူရန်ရှိခဲ့သည်။ ဂျိုပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည် အကျော်ကြားဆုံး ရုပ်ရှင်မှာ ၂၀၁၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့် The Attorney ဖြစ်သည်။ ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိုင် စတိန်းသည် သရုပ်ဆောင်များအပါအဝင် အမျိုးသမီးများစွာတို့အား လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း ဖွင့်ချခံခဲ့ရပြီးနောက် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများသည်လည်း ၎င်းတို့၏လိင်ပိုင်းအနိုင်ကျင့်ခံရမှုများကို ဖွင့်ချမှုများရှိလာခဲ့သည်။ ယင်းကဲ့သို့ ဖွင့်ချမှုကို #MeToo ( ကျွန်မလည်းပဲ) လှုပ်ရှားမှုဟုခေါ်ဆိုပြီး အဆိုပါလှုပ်ရှားမှုသည် တောင်ကိုရီးယား တွင်လည်းရှိလာခဲ့သည်။ နိုင်ငံရေးမှ အနုပညာနယ်ပယ်အထိ နာမည်ကျော်အမျိုးသားများ လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။

ယခုအပတ်အစောပိုင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်သလို သမ္မတလောင်း အဖြစ် ရွေးကောက်ပွဲဝင်ခဲ့ဖူးသည့် အာဟီဂျွန်သည် ကိုယ်ရေးအရာရှိ တစ်ဦးက ၎င်းကို လိင်ပိုင်းအနိုင်ကျင့်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့သည်။

အနုပညာနယ်ပယ်တွင် နာမည်အကျော်ကြားဆုံးဖြစ်ရပ်မှာ ဒါရိုက်တာ ကင်ကီဒက်ခ်နှင့် ကဗျာဆရာ ကိုအွန်တို့ဖြစ်ကြသည်။ နာမည်မဖော်လိုသည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးက ကင်နှင့် ထိပ်တန်းသရုပ်ဆောင် တစ်ဦး တို့ သည် ၎င်းကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ကဗျာဆရာကိုအွန်သည် စာပေဆိုင်ရာ နိုဘယ်ဆုအတွက် မကြာခဏ အမည်စာရင်းတင်သွင်းခံခဲ့ရသည်။ ကိုအွန်သည် စာပေအသိုက်အဝိုင်းရှိ အမျိုးသမီးများကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း ကဗျာဆရာမချွိုင်ယွန်မီက စွပ်စွဲခဲ့သည်။

Source:AFP

ရိုးမြေ

Leave a Reply