ဦးဝီရသူတရားပွဲများကို ကြိုဆိုပွဲ ပြုလုပ်

0
157

ရန်ကုန်။ မတ် ၁၀။ ၂၀၁၈

မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)နှင့် အမျိုးသားရေးအင်အားစု ညီအစ်ကိုမောင်နှမများ စုပေါင်းပြီး သံဃာတော်များ ဆွမ်းကပ်ခြင်းနှင့် ဦးဝီရသူ၏ တရားပွဲများကို ကြိုဆိုခြင်းအခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ မင်္ဂလာသိဒ္ဓီကျောင်းတိုက်တွင် ယနေ့နေ့လယ် ပိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မျိုးချစ် သံဃာတော် များနှင့် မျိုးချစ်ညီအစ်ကိုမောင်နှမများ တက်ရောက်ခဲ့ကြသည်။

“ ဘယ်သူတွေဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်၊ အနိုင်ကျင့် အနိုင်ကျင့်၊ မေတ္တာတော်တွေနဲ့နေတယ်။ ဦးဇင်းတို့တွေသည်သာ အမှန်တရား၊ အမျိုးသားရေးသည်သာလျှင် အမှန်တရားလို့ နှလုံးမူထားပါတယ်။ မျိုးချစ်တွေလည်း ဒီအတိုင်းပဲ နှလုံးမူပါ။ ဒါမှသာ ရေရည် ဆက်လက် ခုခံသွားနိုင်မှာ။ “ ဟု ဆရာတော်ဦးဝီရသူက မျိုးချစ်ညီအစ်ကိုမောင်နှမ များနှင့် တွေ့ဆုံပွဲတွင် တိုက်တွန်းမိန့်ကြားသည်။

ဆရာတော်ဦးဝီရသူသည် ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှ ၂၀၁၈ ခုနှစ် မတ် လ ၉ ရက်အထိ တရားဟောခွင့် တစ်နှစ်ပိတ်ပင်ခဲ့ပြီးနောက် ယမန်နေ့က တရားဟောခွင့်ပြန်လည် ရရှိခဲ့ပြီးနောက် အမျိုးသားရေး ညီအစ်ကို မောင်နှမများက ကြိုဆိုပွဲပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

မန္တလေး မစိုးရိမ်တိုက် ဆရာတော်ဦးဝီရသူအနေဖြင့် ဘုရားဟောနှင့် ဆန့်ကျင်ဘက် တရားများနှင့် အစိုးရနှင့် ဆန့်ကျင်ဘက် တရားများ မဟောကြားသင့်ကြောင်း ဗဟိုသံဃနာယက ဆရာတော်က မိန့်ကြားထားသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – ဝေယံ

Leave a Reply