ဆိုင်ကယ်မောင်းလာသူထံမှ လက်ကိုင်အိတ်လုယူသူနှစ်ဦး ဖမ်းဆီးရမိ

0
183

မန္တလေး၊ မတ် ၁၁၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း – မန္တလေးကားလမ်း တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဆိုင်ကယ်မောင်းလာသူထံမှ လက်ကိုင်အိတ်လုယူသူနှစ်ဦးကို မတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော် အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

အမရပူရမြို့တွင်နေထိုင်သည့် မဥမ္မာ (၃၈) နှစ်သည် မန္တလေးမှ အမရပူရသို့ ဆိုင်ကယ်ဖြင့်ပြန်လာရာ စစ်ကိုင်း – မန္တလေးကားလမ်း တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် အနောက်မှ ဆိုင်ကယ်ဖြင့် ကပ်၍ လိုက်ပါလာသည့် လူငယ်(၂) ဦး က မဥမ္မာ၏ ဝဲလက်တွင်ချိတ်ဆွဲ ထားသည့် မိန်းမကိုင်ဂျင်းပိုက်ဆံအိတ်အား ဆိုင်ကယ်နောက်ထိုင်သူမှ လုယူသဖြင့် ဆိုင်ကယ် (၂) စီးမှာလဲကျသွားခဲ့သည်။

ထိုသို့ ဆိုင်ကယ်လဲကျသွားသည့်အတွက် ရပ်ကွက်ရုံးအတွင်းမှ လူများနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ၎င်းလူ ၂ ဦးအားဝိုင်းဝန်း ဖမ်းဆီး စစ်မေးရာ သန်းနိုင်ထွန်း ၂၀ နှစ် နှင့် ကျော်နေထက် ၁၉ နှစ်တို့ဖြစ်ပြီး စစ်ကိုင်းမြို့တွင် နေထိုင်သူတို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး လက်ကိုင်အိတ်လုယူသူနှစ်ဦး ဖြစ်သည့် သန်းနိုင်ထွန်းနှင့် ကျော်နေထက်တို့ အား ချမ်းမြသာစည်မြို့မရဲစခန်းတွင် (ပ)၆၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

နိုင်လင်းဦး

ပုံ – Mandalay Police

Leave a Reply