ပဉ္စမလှိုင်း မီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်တွေကို စာဖတ်သူများ စုစည်း ဖတ်ရှုနိုင်ဖို့အတွက် တင်ပြပေးလိုက်ပါတယ်။

0
147

ရန်ကုန်၊ မတ် ၁၁ ၊ ၂၀၁၈

အရင်ဆုံး တင်ပြမှာကတော့ စပါးကြမ်းခင်းဈေး သတ်မှတ်ချက်အပေါ် လယ်သမားတွေ သဘောကျနေတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ အစိုးရက စပါး ၄၆ ပေါင်တင်း၁၀၀ကို ငွေကျပ် ၅ သိန်းသတ်မှတ်လိုက်တဲ့အပေါ်မှာ တောင်သူလယ်သမားတွေက သဘောကျနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှအတွင်းရေးမှူးဦးရဲမင်းအောင်က ဆိုပါတယ်။ အခုလို သတ်မှတ်လိုက်တဲ့အတွက် လယ်သမားတွေဟာ စပါးစိုက်ပျိုးမှု ကုန်ကျ စရိတ်များ တွက်ချက် နိုင်ပြီး ပေါက်ဈေးထက် အလွန်အမင်းနိမ့်ကျသော ဈေးနှုန်း များနဲ့ ဈေးနှိမ်ဝယ်ယူခြင်းများ မဖြစ်ပေါ်စေနိုင်တဲ့အတွက် တောင်သူ လယ်သမားများ ကဈေးသတ်မှတ်ခြင်းအား သဘောကျ လက်ခံလျှက် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါသတင်းဟာ တောင်သူ လယ်သမားတွေရဲ့ ပကတိ ပြောစကား အသံတော့ ပါဝင်လာခဲ့ခြင်း မရှိ ပါဘူး။ ဆန်စပါးအသင်းချုပ်က လုပ်ငန်းရှင်တွေရဲ့ စကားသံပဲ ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ စပါးတင်း ၁၀၀ ကို ငွေကျပ် ၅သိန်း သတ်မှတ် ချက်အပေါ် အမှန်ပဲ သဘောကျလက်ခံသလား။ မြန်မာနိုင်ငံက တောင်သူ လယ်သမားတွေအပေါ် စပါးဈေးလေး အခုလို စသတ်မှတ်ပေးလိုက်ရုံနဲ့ သူတို့ရဲ့ အခက်အခဲတွေကို ပြေလည်စေတော့မှာလား။ ရင်းနှီးစိုက်ပျိုးတဲ့ စရိတ်နဲ့ ပြန်ရမယ့် ငွေကြေး တကယ်ရော ကိုက်ညီပါရဲ့လားဆိုတာကတော့ တောင်သူတွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ စိုက်ပျိုးရေးကို အခြေခံ ထားတဲ့ နိုင်ငံ ဖြစ်တဲ့ အတွက် တောင်သူလယ်သမားတွေရဲ့ အခက် အခဲတွေ အကြွေးတွေ လယ်ယာမြေ အသိမ်းခံထားရတဲ့ ပြသနာတွေ အမြောက်အများ ရှိနေပါတယ်။ အစိုးရနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ငွေလေး ၅သိန်းလောက် ချကျွေးပြီး ငါတို့ သူတို့ဘ၀ တိုးတက် မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီလို့ ကြွေးကြော်နေမယ်ဆိုရင်တော့ မြန်မာနိုင်ငံက တောင်သူတွေရဲ့ ဘ၀ဟာ သတင်းမီဒီယာ စာမျက်နှာ ထက်မှာသာ တိုးတက်မြင့်မားပြီး အပြင်လက်တွေ့ဘ၀မှာ ဆင်းရဲနေဦးမှာပဲ ဖြစ်ပါတယ်။

ဒုတိယ တစ်ပုဒ်အနေနဲ့ မန္တလေးမှာ ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား ၂၈သိန်းနဲ့ ဘိန်းဖြူတွေမိတဲ့သတင်းကို တင်ပြချင်ပါတယ်။ မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ် ၇၃ လမ်း ခိုင်ရွှေဝါလမ်းနဲ့ ဇလပ်ဝါ လမ်းကြားရှိ နေအိမ်တစ်ခုရှေ့မှာ ၄ ရက် အကြာရပ်နားထားတဲ့ Crown Royal soloon ကားပေါ်ကနေ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၂၈ သိန်းခန့်နဲ့ ဘိန်းဖြူ ၄ ဒသမ ၇ ကီလိုဂရမ်ခန့်ကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီး ရမိခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန် ခဲ့ပါတယ်။ ပိုင်ရှင်ကိုတော့ စုံစမ်းနေတုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော အဖတ်ရအများဆုံးနဲ့ ကြားသိရတဲ့ အများဆုံး သတင်းတွေက ၂ မျိုးပဲ ရှိပါတယ်။ ဒါတွေကတော့ မူးယစ်ဆေးဝါးတွေ မိတဲ့ သတင်းနဲ့ မုဒိမ်းမှု သတင်းတွေပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ဖမ်းမိတဲ့ သတင်းတွေမှာ ထူးခြားမှုကတော့ တစ်နိုင်တပိုင် သယ်ယူတဲ့ သတင်းဆိုရင် ပစ္စည်းလည်း နည်းသလို ပိုင်ရှင်ပါ တစ်ပါတည်း ဖမ်းမိကြပါတယ်။ ပစ္စည်အမြောက်အများ ဖမ်းမိရင်တော့ ပိုင်ရှင်က ဘာကြောင့် ပျောက်ဆုံးနေရတာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပြည်ထဲရေးအနေနဲ့ ဖမ်းလို့ မမိသေးတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးအမှုတွေ အခုနောက်ပိုင်းမှာ ပိုမိုများပြား လာနေပါတယ်။ ဒါဟာ ရဲ့တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို လွန်စွာ ထိခိုက်စေပါတယ်။ ကားစီးလုံးတိုက် မူးယစ်ဆေးဝါးတွေကို မိနေတာတောင် သယ်ယူသူနဲ့ ပိုင်ရှင်က လွတ်မြောက်နေတယ်ဆိုရင်တော့ ရှင်ဘုရင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုတဲ့ သဘောများလားလို့ တွေးဆစရာ ဖြစ်နေပါတယ်။ ရဲတွေအနေနဲ့ ပိုင်ရှင်အမှန်ကို သိသာသိတယ် မဖမ်းနိုင်တဲ့ အခက်အခဲတွေများ ရှိနေပြီလားဆိုတာကတော့ အကြီးအကဲတွေသာ သိကြပါလိမ့်မယ်။

တတိယ တစ်ပုဒ်အနေနဲ့ တင်ပြချင်တာကတော့ ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်နေတဲ့ ငြိမ်းစုစီ ဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီဥပဒေကို ပြင်ဆင် အတည်ပြုတာဟာ ကောင်းသ ထက်ကောင်းအောင် နိုင်ငံတော်အတွက် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် အောင် ရည်ရွယ်ပြင်ဆင်တာပါလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။ နိုင်ငံသားတွေအနေနဲ့ တကယ့်ဆန္ဒအတိုင်း ဆန္ဒပြဖို့အတွက် ပြင်ဆင် တာလို့ သိရပြီး အဖျက်အမှောက် ပယောဂတွေ တိုင်းပြည် တည်ငြိမ် နေတာကို ဖျက်ဆီးဖို့ အခကြေးငွေပေးပြီး ဆန္ဒပြခိုင်းတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ ပြင်ဆင်တာလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီဥပဒေဟာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ထိခိုက်ဆုံးရှုံးစေတဲ့အတွက် လုံးဝ ပယ်ဖျက်သင့်တယ်လို့ ဆန္ဒပြကန့်ကွက်နေသူတွေက ဆိုပါတယ်။ ဒါ့အပြင် အများသဘော ပြည်သူအသံကို နားမထောင်ဘဲ ငြိမ်းစုစီဥပဒေကို အတည်ပြုလိုက်တဲ့ အပေါ်လည်း ဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိနေပါတယ်။ တိုင်းပြည်က အစစအရာရာ နောက်ကျပြီး တိုးတက်မှုတွေ နှေးကွေးနေချိန်မှာ မလိုလားအပ်တဲ့ အလုပ်တွေကို လုပ်နေကြမယ်ဆိုရင်တော့ ဒုန်ရင်းက ဒုန်ရင်းပဲ ဖြစ်နေတော့မှာ ဖြစ်ပါတယ်။

အခုတင်ပြချင်တာကတော့ စက်သုံးဆီ ဈေးနှုန်းကို ထိန်းညှိပေးမယ်ဆိုပြီး စီးပွားရေး လုပ်တော့မယ့် ရန်ကုန်တိုင်း အစိုးရရဲ့ လုပ်ဆောင်မှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကုမ္ပဏီထောင်ပြီး စက်သုံးဆီဈေးနှုန်း များ ထိန်းညှိသွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့ပါတယ်။ ဒီကိစ္စဟာ စက်သုံးဆီ တင်သွင်း ရောင်းချသူတွေကို ကြိုတင်ချပြပေးတာမျိုးမရှိဘဲ အစိုးရရဲ့ ကိုယ်ပိုင် ဟန် ကိုယ်ပိုင်အယူအဆနဲ့ လုပ်ခါနီးမှ အသိပေးတဲ့ ပုံစံမျိုး ဖြစ်နေပါ တယ်။ စက်သုံးဆီဈေးဟာ ဒေါ်လာဈေး တက်ရင် ဆီဈေးတက်ပြီး ဒေါ်လာဈေး ကျရင်တော့ ဆီဈေး မကျပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးကွက် အခြေအနေဖြစ်ပါတယ်။ အကယ်၍များ ကုမ္ပဏီတစ်ခုထဲကို ဆီတင်သွင်း ခွင့် ဖြန့်ဖြူးခွင့် ပေးလိုက်မယ်ဆိုရင် အဆိုပါ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီက အကုန်လက်ဝါးကြီးအုပ်ပြီး ခြယ်လှယ်နေရင် ဘယ်သူတာဝန် ယူမှာ လဲ။စဉ်းစားစရာရှိပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ တိုင်းပြည်တွေမှာ အစိုးရဟာ စီးပွားရေး မလုပ်ကြပါဘူး။ နိုင်ငံတော် ဘဏ္ဍာအတွက် တိုင်းသူပြည်သားတွေဆီကနေ အခွန်အခတွေပဲ ကောက်ခံပြီး ရပ်တည်ရှင်သန်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အခွန်အခလည်း အရင်အစိုးထက် ပိုပြီး တိုးကောက်သလို စီးပွားရေးလုပ်ငန်းတွေကိုလည်း အစိုးရက ဆက်လုပ်နေမယ်ဆိုရင် ပြည်သူ့အကျိုးအတွက် ဘယ်လို စီမံမလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အခုစက်သုံးဆီ ကိစ္စဟာ အစိုးရအနေနဲ့ လုပ်ကိုင်ဖို့ လုံးဝ မသင့်တော်သလို တစ်ဦးထဲ လုပ်ကိုင်ခွင့်ပေးတဲ့ အလုပ်မျိုးလည်း လုံးဝ မလုပ်သင့်တဲ့ ကိစ္စလို့သာ အကြံပြုလိုက်ပါရစေ။

ဒီတစ်ခါတော့ YBS တွေကို အုပ်ချုပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ ( YRTA )က တွဲဘက်အတွင်းရေးမှူးတစ်ဦး နှုတ်ထွက်စာတင်လိုက်တဲ့ သတင်းကို တင်ပြချင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ ( YRTA )က တွဲဘက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းဟာ အဖွဲ့ကနေ နှုတ်ထွက်စာတင်ထားတယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကလည်း YRTA က CEO ဦးစောဘိုဘိုလည်း နှုတ်ထွက်ခဲ့ပြီးနောက် ယခုနှုတ်ထွက်စာ တင်သည့် တွဲဘက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းဟာ ဒုတိယမြောက် နှုတ်ထွက်စာတင်တဲ့သူ ဖြစ်လာ ပါတယ်။ ရန်ကုန်မြို့မှာ YBS ကားတွေ ပြေးဆွဲနေတာ တစ်နှစ်ကျော် ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီလိုအချိန်တိုအတွင်းမှာ ယာဉ်လိုင်းတွေ အရှုံးပေါ်တဲ့ သတင်းတွေ ကားခတွေ ဈေးတက်မယ့် သတင်းတွေ ယာဉ်လိုင်းအုပ်ချုပ်ရေးအဖွဲ့ထဲက ခေါင်းဆောင်ပိုင်းတွေ မကြာခဏ နှုတ်ထွက်နေကြတာတွေဟာ ဘာကြောင့်လဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီအဖွဲ့အစည်းထဲမှာ ဘယ်လိုပြသနာတွေရှိနေပြီလဲ။ အထူးသဖြင့်နှုတ်ထွက်မယ်လူတွေဟာ မီဒီယာကို အတွေ့မခံဘဲ ဘာမှကို အများပြည်သူထံ ချပြလာတာ မရှိပါဘူး။ ဆိုလိုတာကတော့ ပြသနာဟာ အစပြုနေတဲ့ အခြေအနေမှာ ရှိနေတာ ငြင်းမရပါဘူး။အစိုးရနဲ့ မော်တော်ယာဉ် လုပ်ငန်းရှင်တွေအကြား ဘာတွေ ဘယ်လို ဖြစ်နေပြီလဲ။ YBS ယာဉ်လိုင်းတွေရဲ့ အနာဂတ်ဟာ ဘယ်လို ဆက်ရှိလာလေမလဲ။ ကားခတွေ တကယ်ပဲ ဈေးဆက်တက်မှာလား။ ဘယ်လိုမူဝါဒတွေကို လက်မခံနိုင်လို့ ယာဉ်လိုင်းအုပ်ချုပ်ရေးအဖွဲ့ကလူတွေ နှုတ်ထွက်ကြတာလဲ ။ ပြည်သူလူထုကို ဘာကြောင့် ပွင့်လင်းမြင်သာစွာ မချပြရသလဲ ဆိုတာတွေ ကတော့ ကာယကံရှင်တွေသာ အခက်အခဲကို နားလည်မှာ ဖြစ်ပါတယ်။ ပဉ္စမလှိုင်းအနေနဲ့ကတော့ YBS တွေ ရေရှည် အဓွန့်ရှည်နိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နောက်ထပ်တင်ပြချင်တဲ့သတင်းကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) နဲ့ တရားစွဲဆို ထားတဲ့ အမှု အရေအတွက် ၁၁၈ မှုအထိရှိလာတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်မှာ အသက်ဝင်ခဲ့တဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုတဲ့ အမှုဖြစ်စဉ်တွေဟာ NLD အစိုးရလက်ထက်မှာ ပိုပြီး များလာပါတာ တွေ့နေရပါတယ်။ ယခင်အစိုးရလက်ထက်က ဆက်သွယ်ရေးဥပဒေကိုပြဌာန်းခဲ့ပြီး တရားစွဲဆိုခဲတဲ့ အမှုအရေအတွက်ဟာ ၁၁မှုအထိရှိခဲ့ ပြီး လက်ရှိအစိုးရ လက်ထက်မှာ ဥပဒေမပြင်ဆင်မီ အမှုအရေအတွက် ၈၇မှုရှိပြီး ၂၀၁၇ သြဂုတ်လမှာ ပြန်လည်ပြင် ဆင်ခဲ့ပြီးနောက် အမှု ၂၀ရှိကြောင်း သိရပါတယ်။ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီမိုကရေစီမဆန်တဲ့ အဝေဖန်မခံနိုင်တဲ့ ဆက်သွယ်ရေးဥပဒေ အာဏာရှင်ဆန်တဲ့ ဥပဒေဟာ ပြည်သူတွေ ဒုက္ခဖြစ်စေတာတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါဟာ အစိုးရအတွက် ပုံရိပ်ကျဆင်းစေတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်လို လူမှုကွန်ရက်တွေ ခေတ်စားလာတဲ့ အချိန်မှာ ဆက်သွယ်ရေးဥပဒေကြောင့် ဘုမသိဘမသိဘဲ ထောင်နန်းစံရတဲ့ လူတွေအတွက် အတော်အနေရ အထိုင်ရ ခက်စေမှာ အမှန်ပါပဲ။ ဒါကြောင့် ဒီဥပဒေကို ဆက်ရှိသင့် မရှိသင့် လိုတိုးပိုလျှော့တွေ လုပ်သင့်နေပြီဖြစ်သလို ပယ်ဖျက်ဖို့အထိကို လုပ်သင့်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အစိုးရဘက်ကလည်း ဥပဒေကို ပယ်ဖျက်သင့်သလို လူမှုကွန်ယက် အသုံးပြုသူတွေအနေနဲ့လည်း လူမှုကွန်ယက်ပေါ်မှာ အရည်မရ အဖတ်မရ သူတစ်ပါးထိခိုက်နစ်နာအောင် စော်ကားရေးသားပြုမူမှုတွေကို ရှောင်ကြဉ်သင့်ပါကြောင်း တင်ပြအပ်ပါ တယ်။

အခုတစ်ခါတော့ တရားဟောခွင့်ပြန်ရခဲ့တဲ့ ဆရာတော်ဦးဝီရသူရဲ့ သတင်းကို တင်ပြချင်ပါတယ်။ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ တစ်နှစ်အကြာတရားဟောခွင့် အပိတ်ခံခဲ့ရတဲ့ နောက် ယခုအခါ တရားဟောခွင့် ပြန်လည်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆရာတော် ဦးဝီရသူအနေနဲ့ ဘုရားဟော နဲ့ ဆန့်ကျင်ဘက် တရားတွေကို မဟောကြားဖို့ ဗဟိုသံဃာ့နာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က မိန့်ကြားခဲ့ပါတယ်။ “ဦးဝီရသူအနေနဲ့ ဘုရားဟောနှင့် ဆန့်ကျင်ဘက် နောက်ပြီးတော့ အစိုးရနှင့် ဆန့်ကျင်ဘက် တရားတွေမဟောနဲ့ ။ ဘုရားဟော ပါဠိတော် အထကဋ္ဌာအတိုင်းဟောရင် ဘာမှ အန္တရာယ်မရှိပါဘူး ။ အစိုးရနဲ့ ဆန့်ကျင်ဘက်မဟောနဲ့ အစိုးရနဲ့ ဆန့်ကျင်ဘက်ဟောတော့ အစိုးရပိုင်းက အရေးယူမှာပေါ့ ။ ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ဟောရင် သံဃာ့နာယက ရုံးတွေက အရေးယူလိမ့်မယ်”ဟု ဗဟိုသံဃာ့နာယက ဥက္ကဋ္ဌ ဗန်းမော် ဆရာတော် ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က မိန့်ကြားခဲ့တာဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူဟာ အမျိုးဘာသာ သာသနာနဲ့ လူမျိုးရေးဆိုင်ရာ တရားတွေကို ဟောပြောမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပမှာ ဆရာတော်အပေါ် ကြည်ညိုသူတွေရော မလိုမုန်းထားသူတွေရော အများအပြား ရှိနေပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးကို မေတ္တာနဲ့သာ တုန့်ပြန်သွားမယ်လို့ ဆရာတော်ဦးဝီရသူက ဆိုခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လူမှုကွန်ယက်မှာတော့ ဆရာတော် ဦးဝီရသူကို ထောက်ခံသူတွေရော ကန့်ကွက်သူတွေပါ ရှိကြပါတယ်။ တစ်ခုရှိတာက သံဃာတစ်ပါး အမှားလုပ်မိခဲ့မယ်ဆိုရင် သက်ဆိုင်ရာ သာသနာရေးနဲ့ သံဃာ့ အဖွဲ့အစည်းတွေက ဥပဒေတွေနဲ့ ၀တ်နည်းတွေနဲ့ အရေးယူဆုံးမမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေအနေနဲ့ ဆရာတော် ဦးဝီရသူကို ချစ်ချစ် မုန်းမုန်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အရေးအသားနဲ့ အပြောအဆိုတွေကိုတော့ မပြုလုပ်သင့်ပါဘူး။ ဆရာတော် ဦးဝီရသူဟာ သံဃာတော် တစ်ပါးဖြစ်နေတဲ့အတွက် သံဃာအပေါ် စော်ကားမှု ပြုသူတွေဟာ သံဃာသင်းကွဲအောင်ပြုမူသူတွေဟာ အင်မတန်မှ အကုသိုလ် ကြီးမားကြပါလိမ့်မယ်။ ဒါကြောင့် မှားမှားမှန်မှန် လူ့ဘ၀ထက် မြင့်သော ၀တ်နည်းတွေကို စောင့်ထိန်းလိုက်နာနေသော သံဃာတစ်ပါးအပေါ် မရိုသေချင်နေပါ ။ မစော်ကားမိကြပါစေနဲ့လို့သာ အကြံပြုလိုက်ပါရစေ။

ဒီတစ်ပတ်အတွက် နောက်ဆုံးတင်ပြချင်တဲ့ သတင်းကတော့ ဖုန်းနဲ့ ကံစမ်းမဲပေါက်တယ်ဆိုပြီး ငွေကြေးလိမ်လည်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ သဲကုန်းမြို့ကအမျိုးသား တစ်ဦးကို ကံစမ်းမဲကျပ်သိန်း ၂၀၀ ပေါက်တယ်လို့ ဖုန်း ဆက်လိမ်လည်ပြီး ငွေတောင်းသူကို ပေါင်းတည် မြို့မရဲစခန်းက ဖမ်းဆီးလိုက်ပါ တယ်။ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်အမျိုးသမီးဟာ ပြည်တွင်းအခွန်များဦးစီးဌာနက မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသူများကို ကံစမ်းမဲဖောက်ပေးပြီး ကျပ်သိန်း ၂၀၀ ထုတ်ယူရန် အခွန်ကျပ် ခြောက်သိန်းပေး ဆောင်ရမယ်လို့ သဲကုန်းမြို့နယ် မှာနေတဲ့ အမျိုးသားဆီကို ဖုန်းဆက်လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားလည်း ပေါင်းတည်မြို့ ကမ္ဘောဇ ဘဏ်ကနေ ရန်ကုန်မြို့ မြောက်ဥက္ကလာက ကမ္ဘောဇ ဘဏ်ကို ငွေလွှဲပေးခဲ့ပြီး အမျိုးသမီး ငွေလာထုတ်ချိန်မှာ ရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ် ကာလမှာ လူတိုင်းဖုန်းအသုံးပြုလာနိုင်တဲ့ နောက်ပိုင်း ဖုန်းနဲ့ လိမ်လည် မှုတွေ မကြာခဏ ဖြစ်ပျက်နေကြပါတယ်။ ကျပ် ၃သိန်းတန်ဖုန်း မဲပေါက်လို့ လက်ဆောင် တစ်သိန်းခွဲဖိုးပါ ထပ်ရမယ့် အခွင့်အရေးတွေ သင်ပိုင်ဆိုင်နေ ပါတယ်။ ဒါကြောင့် ယူမယ်ဆိုရင် လိပ်စာပြောပါ။ အိမ်တိုင်ရာရောက် လာရောက်ပို့ပေးပါမယ်။ ငွေတစ်သန်းခွဲနဲ့ ဖုန်းအသစ်နဲ့ ဆုလက်ဆောင် တွေ ခံစားရမှာပါဆိုပြီး လိမ်လည်မှုတွေ ရှိနေသလို တယ်လီဖုန်းဆက်ပြီး လိမ်လည်ခေါ်ယူကာ ကာမအပေါ် အခွင့်အရေးယူတာတွေ ငွေကြေးပစ္စည်းလိမ်လည်နေတာတွေလည်း အရမ်းကို များလာနေပါပြီ။ စာဖတ်သူတွေအနေနဲ့ ဖုန်းနံပါတ်အသစ်နဲ့ ကိုယ့်ဆီကို ဖုန်းဝင်လာရင် သတိထားပြောဆိုဆက်ဆံကြပါ။ အယုံမလွယ်ကြပါနဲ့။ ကိုယ့်ရဲ့ နေရပ်လိပ်စာ အချက်အလက်တွေကို မပြောဆိုမိကြပါစေနဲ့။ နောက်ဆုံး ဘယ်လိုမှ ဖြေရှင်းလို့မရဘဲ ဖုန်းနဲ့ ဆက်တိုက် နှောက်ယှက် ခံနေရမယ် ဆိုရင်တော့ နီးစပ်ရာရဲစခန်းမှာ အကူအညီရယူကြပါ။ ဖုန်းဆက် မက်လုံးပေးပြီး လိမ်လည်သူတွေ များနေတဲ့အတွက် သတိပြုဆင်ခြင်ကြပါ။ လောဘနောက် မလိုက်ကြပါနဲ့လို့သာ အကြံပြုလိုက်ပါရစေ။

အထက်ပါ သတင်းသုံးသပ်ချက်တွေကို ပဉ္စမလှိုင်းမီဒီယာ ၊ အကုန်သိ ၊ 7days News ၊ The Voice စတဲ့ သတင်းမီဒီယာများမှ တဆင့် ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply