ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်ကို ဒိန်းမတ်နိုင်ငံတွင် ပြုလုပ်မည်

0
188

ရန်​ကုန်​၊မတ်​လ ၁၂၊၂၀၁၈

ဥရောပအတွင်း နေထိုင်ကြသည့်မြန်မာလူမျိုး ဗုဒ္ဓဘာသာလူငယ်များ စုပေါင်းပြုလုပ်​မည့်​ ပထမဆုံးအကြိမ် ဥရောပဗုဒ္ဓဘာသာ လူငယ်ဖိုရမ်ကို ဒိန်းမတ်နိုင်ငံ၊ ကိုပေဟေဂင်မြို့ရှိ ဓမ္မဆာယာဓမ္မအရိပ် သာသနာပြုကျောင်းတွင်​ယခုနှစ် ဇူလိုင်(၂၆)ရက် မှ (၃၁)ရက်ထိ (၆)ရက်တာ ပြုလုပ်သွားမည်ဖြစ်​ကြောင်း ဖိုရမ်
ကျင်းပ​ရေး​ကော်​မတီမှ သိရသည်​။

ယင်းဖိုရမ်ကို ဥရောပသာသနာပြု၊ ဂျာမဏီနိုင်ငံ၊ဖရန့်ဖွတ်မြို့ ရှိ ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း ပဓာနနာယကဆရာတော် ဦးကုသလသာမိ မှဦးဆောင်သွားမည်ဖြစ်ပြီး နယ်သာလန်၊ နော်ဝေ၊ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ နှင့် သြစတေးလျ နိုင်ငံများသို့ရောက်ရှိနေသည့် မြန်မာလူငယ်အင်အား (၅၀)ခန့် ပါဝင်ဆွေးနွေးသွားမည်ဖြစ်​ကြောင်း
ယင်း​ကော်​မတီမှ သတင်းထုတ်​ပြန်​ထားသည်​။

“အခုကျင်းပမယ့် ဖိုရမ်ကနေ လူငယ် တွေရဲ့ဆွေးနွေးမှုတွေက တစ်ဆင့် အနာဂတ် မှာ ဗုဒ္ဓဘာသာအတွက်အားကိုးရမယ့်လူငယ်တွေ ဖြစ်လာနိုင်ဖို့ အတွက်​နဲ့ ဥရောပမှာရှိတဲ့လူငယ်တွေဟာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမှုတွေ လုပ်ကြတဲ့အခါ စိတ်ဝင်စားမှုများလာကြတဲ့အတွက် ဖိုရမ်ကိုကျင်းပရတာဖြစ်ပါတယ်။”ဟုဥရောပသာသနာပြု၊ ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း ပဓာနနာယကဆရာတော် ဦးကုသလသာမိက မိန့်ကြားသည်။

ဥရောပရောက် ဗုဒ္ဓဘာသာလူငယ်များ အချင်းချင်း တွေ့ဆုံရင်းနှီးခွင့်၊အပြန်အလှန် ​ဆွေးနွေးပြောဆိုခွင့် များရရှိစေရန်၊ ဥရောပသာသနာပြု လုပ်ငန်းများတွင် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရန်နှင့်လူငယ်များ ဗုဒ္ဓစာပေဆိုင်ရာ အသိဥာဏ်ဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာသည့်ဗုဒ္ဓဘာသာ အ၀န်းအ၀ိုင်း ကျယ်ပြန့်လာစေရန်၊ဥရောပတခွင်တွင် သာသနာအထောက်အကူပြုလုပ်ငန်းများ လုပ်ဆောင်ရခြင်းသည် မြန်မာပြည်ဖွား ဗုဒ္ဓဘာသာလူမျိုးများ မှတစ်ဆင့်​ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသည့် လူငယ်နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓလမ်းစဉ်တွေကို သိရှိစေရန်နှင့် ဥရောပတိုက်အနှံ့အပြားမှ ဗုဒ္ဓဘာသာလူငယ်အချင်းချင်း တွေ့ဆုံ၍ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများကို ပေါင်းကူး လုပ်ဆောင်နိုင်ရန် ရည်​ရွယ်​ကျင်းပခြင်း ဖြစ်​​ကြောင်း သိရသည်​။

ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်တွင်​ ဗုဒ္ဓဘာသာ နှင့် ပတ်သက်ပြီးလူငယ်များ သိရှိမှုအပေါ် ဖြည့်စွက်ဆွေးနွေးမှု၊ ကဏ္ဍပေါင်းစုံ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုများ၊ ဥရောပ၌ ဗုဒ္ဓဘာသာကျယ်ပြန့်​ရေး လုပ်ဆောင်ရန် လိုအပ်ချက်များကို ​ဆွေးနွေးမှုများလုပ်ဆောင်သွားမည်​​ ဖြစ်​​ကြောင်း​သိရသည်။

လက်ရှိတွင် ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း ၏ ဥရောပသာသနာပြုလုပ်ငန်း များအနေဖြင့် နယ်သာလန်၊ ဂျာမဏီ နှင့်ဒိန်းမတ်နိုင်ငံ များရှိ တက္ကသိုလ်အချို့၊ အဖွဲ့အစည်းအချို့နှင့် ချိတ်ဆက်ကာ ဗုဒ္ဓဘာသာနှင့် ၀ိပသာနာတရားကို စိတ်ဝင်စားသည့် နိုင်ငံခြားသားများ ကို ဗုဒ္ဓစာပေ၊ ၀ိပသာနာတရားအားထုတ်မှုလမ်းစဉ် နှင့် မြန်မာ့ယဉ်ကျေးမှုများ သင်ကြားဖြန့်ဝေမှုများကို လုပ်ဆောင်နေ​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊မတ်​လ ၁၂၊၂၀၁၈

Leave a Reply