ပြည်​တွင်​​ရဲဝန်ထမ်းများအား ရန်ပြုသည်ဟု ဆိုကာ ပစ်ခတ်ဖမ်းဆီး

0
220

ပဲခူး၊ မတ် ၁၂၊ ၂ဝ၁၈။

ပြည်မြို့ပေါ်၌ လှည့်ကင်းတာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား လူသုံးဦးမှ ဓားကိုင်​​ဆောင်​ပြီးရန်ပြုသည်​ဟုဆိုကာ ရဲတပ်ဖွဲ့မှ ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ပြည်မြို့နယ် အမှတ်(၃) နယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။

“ကျွန်တော်တို့အနေနဲ့ ပစ်ခတ်ရာဖမ်းဆီးရာမှာ ဒဏ်ရာရရှိသွားတဲ့ တရားခံတွေကို ဆေးခန်းပို့ပြီးဆေးကုသပေးနေပါတယ်။ သုံးယောက်မှာ နှစ်ယောက်ကိုထိတာပေါ့။ သုံးတဲ့ကျည်ကလည်းရာဘာကျည်ဖြစ်တဲ့အပြင် သေစေနိုင်လောက်တဲ့ နေရာ တွေကို ထိအောင်ပစ်ခတ်တာမဟုတ်ပါဘူး။ ဓါးနဲ့ရန်ပြုလာတဲ့အပေါ်မှာ ပြန်လည်ခုခံပစ်ခတ်တဲ့သဘောပါ” ဟု ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ်သန်းထွန်းက ပြောသည်။

မတ်လ ၁၁ ရက်နေ့ည ၁၁ နာရီအချိန်ခန့်တွင် ပြည်မြို့ရှိ အမှတ်(၃) နယ်မြေရဲစခန်းအပိုင် ပြည်-အောင်လံကားလမ်းမပေါ်၌ နယ်မြေရဲ တပ်ဖွဲ့ဝင် များမှ လှည့်ကင်းဆောင်ရွက်နေစဉ် လူသုံးဦးမှ လမ်းေ​ပါ်၌ဓားကိုင်​ကာ ရမ်းကားမှုပြုသည်​ကို ရဲတပ်ဖွဲ့ဝင်များကတားဆီးစဉ် အဆိုပါရဲတပ်​ဖွဲ့ဝင်​များအား ဆိုင်ကယ်စီးနင်း လာသူများက အသင့်ပါလာသောဓါးဖြင့် ရန်ပြုကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်​​ကြောင်း ရဲမှတ်​တမ်းအရသိရသည်​။

ထိုသို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်များအားရန်ပြုသည်ကို တားဆီး ခဲ့သော်လည်း မရရှိဘဲ ဆိုင်ကယ်မောင်နှင်ထွက်ပြေးရာတွင် ရဲတပ်ဖွဲ့ဝင်များက နောက်မှ လိုက်ကာ ၁၂ ဗို့ ပြောင်းချောပန့်အက်စ်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပြည်-အောင်လံ ကားလမ်းပေါ်ရှိ Danko စက်သုံးဆီအရောင်းဆိုင်အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၃)နယ်မြေ ရဲစခန်းမှတ်တမ်းအရ သိရသည်။

အထက်ပါဖြစ်စဉ်မှ လှည့်ကင်းတာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ ဝင်များ အားရန်ပြုထွက်ပြေးခဲ့သူသုံးဦးကို ပြည်မြို့ အမှတ်(၃)နယ်မြေစခန်းမှ (ပ)၆၆/၂ဝ၁၈ ဖြင့် အမှုဖွင့်လှစ်ကာ ရဲလုပ်ထုံးလုပ်နည်းများ အတိုင်း စစ်ဆေး လျှက်ရှိကြောင်း အဆိုပါစခန်းမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်ပြီး ၂ဝ၁၇ ခုနှစ်အတွင်းကလည်း လုံခြုံရေးတာဝန်ထမ်း ဆောင်နေသည့် ရဲအရာရှိ တစ်ဦးအား ဓါးဖြင့်ထိုးခံခဲ့ရသည့်ဖြစ်စဉ် ပဲခူးမြို့၌ဖြစ်ပွားခဲ့သည်။

မိုး​မြေ

Leave a Reply